ပုံမှန်လေ့ကျင့်ခန်းတွေလိုမျိုး တစ်နေရာထဲကို ဦးတည်ပြီး ဆော့ကစားတာမျိုးမဟုတ်ဘဲ ခေါင်းအစ၊ ခြေအဆုံး ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ ကြွက်သားတွေကို ကျစ်လျစ်သန်မာစေတယ်။
လေ့ကျင့်ခန်းရော၊ အကပါ ပေါင်းစပ်လုပ်ရတာ ဖြစ်တဲ့အတွက် ကျန်းမာတဲ့ ကိုယ်အလေးချိန် ရောက်အောင် ထိန်းညှိပေးဖို့ ပိုမိုလွယ်ကူတယ်။ ညောင်းညာကိုက်ခဲနေတာတွေကိုလည်း ပြေလျော့စေပြီး တင်းနေတဲ့ ကြွက်သားတွေကိုလည်း ပြေလျော့စေပါတယ်။
၃။ နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ဖြစ်စေတယ်။
ချွေးတွေကြားမှာ အချိန်အကြာကြီး ကခုန်နေတဲ့အခါ နှလုံးခုန်နှုန်း ပိုမြန်စေတယ်။ နှလုံးအားကောင်းစေတယ်။ ကိုယ်ခန္ဓာတွင်း သွေးလည်ပတ်မှုနှုန်း ကောင်းစေလို့ ကိုယ်ရော စိတ်ပါ လန်းဆန်းတက်ကြွစေတယ်။ နှလုံးမကောင်းတဲ့သူတွေ၊ အမောမခံနိုင်တဲ့သူတွေအတွက်လည်း အလွန်သင့်လျော်တဲ့ ကစားနည်းဖြစ်ပါတယ်။
၄။ လေ့ကျင့်ခန်း လုပ်ဖို့ စိတ်ပါဝင်စားလာတယ်။
နေ့တိုင်း အလေးမ၊ ပြင်းပြင်းထန်ထန် ညောင်းကိုက်နေအောင် လေ့ကျင့်ခန်းလုပ်နေရရင် ဘယ်သူမဆို Gym ကစားရမှာ ပျင်းလာမှာပါပဲ။ Zumba လေ့ကျင့်ခန်းဟာ ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းတွေလို မဟုတ်ဘဲ စိတ်ပျော်ရွှင်မှုကို ဖြစ်စေတယ်။
လူတွေအများကြီးနဲ့ စုပေါင်းလုပ်ရတာ ဖြစ်တဲ့အတွက် တစ်ယောက်တည်း သီးသန့်ဆော့ကစားနေရတာမျိုး မဖြစ်စေတော့ပါဘူး။ ဒါ့အပြင် သီချင်းမြူးမြူးလေးတွေရဲ့ စည်းချက်အတိုင်း ကခုန်လှုပ်ရှားနေတာဆိုတော့ တစ်နေ့ တစ်ချိန် မောသွားတဲ့အထိ ကစားပြီးသွားရင်တောင် နောက်နေ့မှာ ထပ်ပြီး ကစားချင်တဲ့အထိ စိတ်ဝင်စားမှု ဖြစ်စေတာက Zumba ရဲ့ လူကြိုက်များရတဲ့ အားသာချက်တွေထဲက တစ်ခုပါပဲ။
၅။ လူတွေနဲ့ ထိတွေ့ဆက်ဆံခွင့် ရတယ်။
ပုံမှန်ကစားနည်းမှာ နည်းပြနဲ့ ၂ယောက်တည်း လုပ်တာမျိုး ရှိသလို ကိုယ်တိုင် တစ်ဦးတည်း သီးသန့် ဆော့ကစားတာမျိုးလည်း ရှိပါတယ်။ Zumba လေ့ကျင့်ခန်းဟာ တစ်ဦးတစ်ယောက်တည်း ကစားရတာမျိုးမဟုတ်ဘဲ အဖွဲ့အစည်းအလိုက် ဆော့ကစားရတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်ပါတယ်။
ဒီတော့ လူတွေ စုစုရုံးရုံးနဲ့ ပျော်ပျော်ပါးပါး ကစားလို့လည်း ရမယ်။ ခဏနားတဲ့အချိန်မှာလည်း ရေသောက်၊ အမောဖြေရင်း စကားစမြည်ပြောလို့ ရမယ်။ ဒီတော့ ခင်မင်မှုလည်း တိုးစေသလို ပျော်စရာလည်း ပိုကောင်းလာတာပေါ့။
၆။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေတယ်။
Zumba ကစားခြင်းဖြင့် ကိုယ်ခန္ဓာကိုလည်း ကျစ်လျစ်သွယ်လျစေပြီး ကိုယ်အလေးချိန်ကို ကျစေတယ်။ ကိုယ်နေဟန်ထားကို မှန်စေတယ်။ သက်လုံကောင်းစေပြီး အမောခံနိုင်ရည် ရှိလာတယ်။
စည်းချက်မှန်မှန် ကစားရတဲ့ လေ့ကျင့်ခန်းဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ဘဝ၊ အလုပ်ခွင်မှာပါ စည်းချက်မှန်မှန်နဲ့ စနစ်တကျ လုပ်တတ်လာမယ်။ စိတ်ပျော်ရွှင်စေပြီး မိမိကိုယ်ကိုယ် ပိုပြီး အကောင်းမြင်လာတယ်။ စိတ်နဲ့ ခန္ဓာ ၂မျိုးလုံး ကျန်းမာနေမှတော့ ဘဝကြီးဟာ နေရထိုင်ရတာ ပိုပြီး အဓိပ္ပာယ်ရှိလာတာပေါ့။
၇။ စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။
Zumba ကစားနေတဲ့အချိန်မှာ ကြွက်သားတစ်ခုတည်းသာမက ကိုယ့်ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေ၊ စိတ်ဖိစီးမှုတွေကိုပါ ပြေလျော့စေနိုင်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်နေသလိုပဲ Zumba ကစားလိုက်တဲ့အခါ ကိုယ်ခန္ဓာက ဒိုပါမင် ဟော်မုန်း (dopamine) တွေကို အများအပြား ထုတ်လွှတ်ပေးနိုင်တဲ့အတွက် စိတ်ပျော်ရွှင်မှုကို ဖြစ်စေတယ်။ သီချင်းသံစဉ်အောက်မှာ စီးမြောနေရင်းနဲ့ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ ပူပန်စရာအကြောင်းတွေကိုတောင် တွေးနေမိမှာ မဟုတ်တော့ဘူးပေါ့။
Zumba လေ့ကျင့်ခန်းဟာ ကိုယ်အလေးချိန် ကျဖို့တစ်ခုတည်းအတွက် မဟုတ်ဘဲ အလှအပနဲ့ ကျန်းမာရေးအတွက်ပါကောင်းကျိုးများစွာ ရှိတယ်ဆိုတာ ဒီအချက်တွေကို ကြည့်ရင်း သိနိုင်မယ်ထင်ပါတယ်။ ဒီတော့ စိတ်ရော ကိုယ်ပါ ကျန်းမာစေဖို့ Zumbaလေးနဲ့ ကလိုက်ကြစို့နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။