အသည်းရောင် အသားဝါရောဂါ
အသည်းရောင် အသားဝါရောဂါဆိုတာက အသည်းကဆဲလ်တွေကိုရောင်ရမ်းစေပြီး အသည်းကို ထိခိုက်ပျက်စီးစေနိုင်တဲ့ရောဂါတစ်မျိုးပေါ့။ အသည်းရောင်အသားဝါရောဂါအမျိုးအစားတွေအမျိုးမျိုးရှိသလိုရောဂါဖြစ်စေတဲ့အကြောင်းရင်းခံတွေလည်း အမျိုးမျိုးရှိပေမယ့်ရောဂါလက္ခဏာတွေကတော့ ခပ်ဆင်ဆင် တူတတ်ကြပါတယ်။
ခန္ဓါကိုယ်အတွက် အသည်းကဒီလိုအရေးပါပါတယ်
အသည်းက ကိုယ်တွင်းအင်္ဂါတွေထဲမှာ အကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး လုပ်ဆောင်ပေးရတဲ့ တာဝန်တွေကလည်းတော်တော်လေးတော့များပါတယ်။ အသည်းရဲ့ တာဝန်တွေက –
- သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်
- ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်တွေကို သိမ်းဆည်းပေးတယ်
- ဟော်မုန်းတွေထုတ်ပေးတယ်
- အစာခြေဖို့ သည်းခြေရည်ထုတ်ပေးတယ်
- ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ အဆီတွေကိုဖြိုခွဲပေးတယ်
- သွေးတိတ်အောင်လုပ်ပေးတယ်
ကျန်းမာနေတဲ့အသည်းက ဒီတာဝန်တွေကို အကုန်လုံးပြီးပြည့်စုံအောင်လုပ်ဆောင်နိုင်ပေမယ့် အသည်းရောင်အသားဝါရောဂါပိုး ကူးစက်ခံလိုက်ရတဲ့အခါရောဂါပိုးတွေက အသည်းရဲ့ လုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ဖြစ်စေပြီး ခန္ဓါကိုယ်မှာ ကြီးမားတဲ့ ကျန်းမာရေးပြဿနာတွေကိုဖြစ်စေတော့တာပါပဲ။
အသည်းရောင် အသားဝါရောဂါအမျိုးအစားတွေက
- အသည်းရောင် အသားဝါ A ဗိုင်းရပ်စ်
- အသည်းရောင် အသားဝါ B ဗိုင်းရပ်စ်
- အသည်းရောင် အသားဝါ C ဗိုင်းရပ်စ်
- အသည်းရောင် အသားဝါ D ဗိုင်းရပ်စ်
- အသည်းရောင် အသားဝါ E ဗိုင်းရပ်စ်
- အသည်းရောင် အသားဝါ G ဗိုင်းရပ်စ်တွေ ဆိုပြီး အမျိုးမျိုးရှိနေပါတယ်။
အသည်းရောင် အသားဝါရောဂါက ခန္ဓါကိုယ်ကို ဒီလိုထိခိုက်စေနိုင်ပါတယ်
အသည်းကို ထိခိုက်ပျက်စီးစေနိုင်တဲ့ ဗိုင်းရပ်စေ်တွကို အသည်းရောင် အသားဝါဖြစ်စေတဲ့ ဗိုင်းရပ်စ်လို့ခေါ်ကြတာပါ။ အသည်းရောင် အသားဝါဖြစ်စေတဲ့ ဗိုင်းရပ်စ်တိုင်းက အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပြီး အသက်သေဆုံးသည်အထိဖြစ်စေနိုင်ပါတယ်။ ဒီဗိုင်းရပ်စ်တွေထဲမှာမှ အသည်းရောင် အသားဝါ B နဲ့ C တို့က နာတာရှည် အသည်းရောင်ရောဂါကိုဖြစ်စေနိုင်ပါတယ်။
အသည်းရောင် အသားဝါ A
အသည်းရောင် အသားဝါ A ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုးပါ။ရောဂါပိုးပါဝင်နေတဲ့ အစားအသောက်တွေနဲ့ရေတွေကိုသောက်သုံးမှုကနေတဆင့် ကူးစက်နိုင်ပါတယ်။
အသည်းရောင် အသားဝါ B
အသည်းရောင် အသားဝါ B ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ သူရဲ့ ခန္ဓါကိုယ်က ထွက်တဲ့အရည်တွေ၊သွေး၊ မိန်းမကိုယ်အရည်နဲ့သုက်ပိုးတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ဆေးထိုးအပ်တွေ၊ မုတ်ဆိတ်ရိတ်ဓါးတွေ မျှဝေသုံးစွဲတာရောဂါကူးစက်ခံထားရသူနဲ့ လိင်ဆက်ဆံမှုကနေတဆင့်ရောဂါကူးစက်နိုင်ပါတယ်။
အသည်းရောင် အသားဝါ C
အသည်းရောင် အသားဝါ C ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့်ဖြစ်တဲ့ရောဂါပါ။ရောဂါပိုးရှိသူရဲ့ ခန္ဓါကိုယ်က ထွက်တဲ့အရည်တွေနဲ့ ထိတွေ့မိတာ၊ဆေးထိုးအပ်မျှဝေသုံးစွဲတာ၊ လိင်ဆက်ဆံမှုတို့ကနေတဆင့်ရောဂါပိုးကူးစက်နိုင်ပါတယ်။ရောဂါပိုးရှိတဲ့သွေးကနေတဆင့်လည်းရောဂါပိုးကူးစက်နိုင်ပါတယ်။
အသည်းရောင် အသားဝါ D
အသည်းရောင် အသားဝါ D ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ပြင်းထန်တဲ့ အသည်းရောဂါတစ်မျိုးပါ။ရောဂါပိုးရှိနေတဲ့သွေးနဲ့ တိုက်ရိုက်ထိတွေ့မှုကနေတဆင့်ရောဂါကူးစက်နိုင်သလို အသည်းရောင် အသားဝါ B ဗိုင်းရပ်စ်ရှိသူတွေမှာလည်းနောက်ဆက်တွဲအနေနဲ့ အသည်းရောင် အသားဝါ Dရောဂါခံစားရနိုင်ပါတယ်။
အသည်းရောင် အသားဝါ E
မသန့်ရှင်းတဲ့ရေကနေတဆင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင် အသားဝါ E ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုးပါ။ရေဆိုးနုတ်စနစ် အားနည်းတဲ့နေရာတွေမှာ အဖြစ်များပါတယ်။ အရှေ့အလယ်ပိုင်းဒေသ၊ အာရှ၊ ဗဟိုအမေရိက နဲ့ အာဖရိကတို့မှာ အဖြစ်များပါတယ်။
ရောဂါ လက္ခဏာတွေက
အသည်းရောင် အသားဝါရောဂါဖြစ်တဲ့အခါရောဂါလက္ခဏာတွေက တုပ်ကွေးဖြစ်တာနဲ့ ခပ်ဆင်ဆင်တူတတ်ပေမယ့် အခုလိုလက္ခဏာတွေကိုပါခံစားရနိုင်ပါတယ်။
- ဝမ်းသွားမယ်
- ခြေကုန်လက်ပမ်းကျမယ်
- အစားစားချင်စိတ်မရှိဖြစ်မယ်
- ဖျားမယ်
- ကြွက်သားတွေ အဆစ်တွေနာကျင်ကိုက်ခဲမယ်
- မအီမသာဖြစ်မယ်၊ ပျို့အန်မယ်
- ဗိုက်ထဲကအောင့်မယ်
- အန်မယ်
- ကိုယ်အလေးချိန်ကျလာမယ်
- အသားဝါမယ်၊ မျက်လုံးအဖြူသား နဲ့ လျှာတွေ ဝါမယ်
- ခြေလက်တွေရောင်ရမ်းမယ်
- အန်ရင်သွေးပါမယ်
- ဝမ်းသွားတဲ့အခါသွေးပါမယ်
- ဆီးမည်းမည်းတွေသွားမယ်
- အင်ပျဉ်တွေထွက်မယ်
- အရေပြားယားယံမယ်
- ဝမ်းအရောင်ဖျော့မယ်။
အသည်းရောင်အသားဝါရောဂါကူးစက်ခံရတဲ့အခါ အချို့တွေမှာရောဂါလက္ခဏာပြတတ်ကြပေမယ့် အချို့မှာတော့ အသည်းပျက်စီးသွားတဲ့အခါမှရောဂါလက္ခဏာတွေပြတတ်တာလည်းရှိပါတယ်။
ဘယ်လိုကာကွယ်မလဲ
အသည်းရောင် အသားဝါရောဂါကို ကာကွယ်ဖို့ဆိုရင် မဖြစ်မနေလုပ်ဆောင်သင့်တဲ့အချက်တစ်ခုက တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ဖို့ပါ။ တစ်ကိုယရေသန့်ရှင်းရေးကို ဂရုစိုက်လိုက်တဲ့အခါ အသည်းရောင် အသားဝါ A နဲ့ E ကိုကာကွယ်ပြီးဖြစ်သွားမှာပါ။ တကယ်လို့ သင့်အနေနဲ့ သန့်ရှင်းမှုအားနည်းတဲ့ဒေသတွေကို သွားရောက်တဲ့အခါ –
- ရေကို အလွယ်တကူမသောက်ပါနဲ့
- ရေခဲတွေကို မစားပါနဲ့
- ပင်လယ်စာတွေကို အစိမ်းမစားပါနဲ့
- သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို အစိမ်းမစားပါနဲ့။
- ဆေးထိုးအပ်တွေကို မျှဝေသုံးတာမျိုးမလုပ်ပါနဲ့
- မုတ်ဆိတ်ရိတ်ဓါးကို မျှဝေသုံးတာမျိုးမလုပ်ပါနဲ့
- သွားတိုက်တံအတူတူသုံးတာမျိုးမလုပ်ပါနဲ့
- သွေးတွေကို အကာအကွယ်မပါဘဲ ထိတွေ့တာမျိုးမလုပ်ပါနဲ့။
အသည်းရောင် အသားဝါ B နဲ့ C ကလိင်ဆက်ဆံမှုကနေတဆင့်လည်း ကူးစက်နိုင်တာကြောင့် လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးအသုံးပြုပြီးဆက်ဆံပေးဖို့ပြောပါရစေ။
ကာကွယ်ဆေးထိုးပါ
ကာကွယ်တာက ကုသတာထက်ပိုထိရောက်တယ်ဆိုတဲ့ စကားအတိုင်း အသည်းရောင် အသားဝါပိုးတွေကို ကာကွယ်ဖို့ဆိုရင် ကာကွယ်ဆေးထိုးထားဖို့ပြောပါရစေ။ ဒါကြောင့် အသည်းရောင် အသားဝါကာကွယ်ဆေးတွေထိုးနှံပြီး အသည်းကို ကာကွယ်မှုပေးပြီး သက်တမ်းစေ့စေ့ရောဂါကင်းကင်းနေထိုင်ကြဖို့ တိုက်တွန်းပါရစေ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။