backup og meta

အစာအိမ်ဖြတ်ထုတ်ကုသခြင်း


Dr. Thant Zin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာအိမ်ဖြတ်ထုတ်ကုသခြင်း

    အစာအိမ်ဟာ ပါးစပ်ကစပြီး စအိုမှာအဆုံးသတ်တဲ့ အူလမ်းကြောင်းမှာ အရေးအပါဆုံး အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ အစာများကို ချေဖျက်ပြီး လိုအပ်တဲ့အာဟာရဓာတ်များရရှိအောင် လုပ်ဆောင်ပေးပါတယ်။ အစာအိမ်မရှိခဲ့ရင် အစားအစာများကို ကောင်းစွာချေဖျက်နိုင်ခြင်း မရှိတော့ဘဲ နေထိုင်စားသောက်မှုပုံစံလည်း အတော်လေးကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

    အစာအိမ်ဖြတ်ထုတ်ကုသခြင်း (Gastrectomy) ဆိုတာကတော့ အကြောင်းတခုခုကြောင့် အစာအိမ်ရဲ့ မကောင်းတော့တဲ့ အစိတ်အပိုင်းကိုဖြစ်စေ၊ တခုလုံးကိုဖြစ်စေ ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်ပါတယ်။ အဓိကအားဖြင့် အစာအိမ်ဖြတ်ထုတ်ကုသခြင်း ၃မျိုးရှိပါတယ်။ ၎င်းတို့ကတော့

    – အစာအိမ် တပိုင်းတစကို ဖြတ်ထုတ်ခြင်း (Partial Gastrectomy)။ အစာအိမ်ရဲ့ တစိတ်တပိုင်းလောက်သာ ဖြတ်ထုတ်ပါတယ်။ များသောအားဖြင့် အောက်ပိုင်းကို ဖြတ်ထုတ်ကြပါတယ်။

    – အစာအိမ်တခုလုံး ဖြတ်ထုတ်ခြင်း (Full Gastrectomy)

    – အစာအိမ်ဘယ်ဘက်အပိုင်းဖြတ်ထုတ်ခြင်း (Sleeve Gastrectomy)။ များသောအားဖြင့် ကိုယ်အလေးချိန်လျှော့ချဖို့ ရည်ရွယ်ချက်နဲ့ ကုသခြင်း ဖြစ်ပါတယ်။

    အစာအိမ်ဖြတ်ထုတ်ကုသခြင်း ဘာကြောင့်လုပ်ရသလဲ

    တခြားနည်းလမ်းတွေနဲ့ ကုသဖို့ အဆင်မပြေတော့တဲ့ အစာအိမ်ပြဿနာတွေအတွက် အစာအိမ်ဖြတ်ထုတ် ခွဲစိတ်ခြင်းကို ပြုလုပ်ပါတယ်။ အောက်ပါအခြေအနေတွေမှာ ဒီနည်းလမ်းကို သုံးတတ်ပါတယ်။

    ကင်ဆာမဟုတ်သော အကျိတ်များဖြစ်ခြင်း

    – အစာအိမ်ကင်ဆာဖြစ်ခြင်း

    အစာအိမ်သွေးယိုခြင်း

    – အစာအိမ်ပေါက်ခြင်း

    – အစာအိမ်အတွင်း အသားပိုများဖြစ်ခြင်း

    – အစာအိမ် (သို့) အူလမ်းကြောင်းအနာ အခြေအနေဆိုးရွားခြင်း

    တခါတရံမှာ အဝလွန်ခြင်းကို ကုသဖို့အတွက်လည်း အစာအိမ်ဖြတ်ထုတ်ခွဲစိတ်တဲ့နည်းကို အသုံးပြုပါတယ်။ အစာအိမ်ရဲ့ပမာဏ သေးငယ်စေခြင်းအားဖြင့် မြန်မြန်ဆန်ဆန်ဗိုက်ပြည့်စေပြီး အစားအသောက်ကို လျော့ကျသွားစေပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းဟာလည်း အခြားနည်းလမ်းတွေနဲ့ ကုသလို့မရမှသာ နောက်ဆုံးရွေးချယ်ပါတယ်။

    အစာအိမ်ဖြတ်ထုတ်ခွဲစိတ်ခြင်းအတွက် ဘာတွေပြင်ဆင်ထားရမလဲ

    ခွဲစိတ်မှုမတိုင်မီ သွေးစစ်ခြင်း၊ ပုံရိပ်ဖော်စစ်ဆေးခြင်းတွေ ပြုလုပ်ရပါတယ်။ ခွဲစိတ်မှုဒဏ်ကို ခံနိုင်ရည်ရှိမရှိ စစ်ဆေးပါလိမ့်မယ်။ ခွဲစိတ်ကုသမှုကို ခံယူမယ့်သူအနေနဲ့ မိမိသောက်သုံးနေတဲ့ ဆေးဝါးများအားလုံးကို ဆရာဝန်သိအောင် ပြောပြရပါမယ်။ လိုအပ်ရင် ဆေးဝါးအချို့ကို ခွဲစိတ်မှုပြုလုပ်ခါနီးမှာ သုံးစွဲမှုရပ်ထားရပါတယ်။ ဆေးလိပ်သောက်တတ်သူဆိုရင် ဆေးလိပ်ဖြတ်ထားရပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အနာကျက်နှေးစေတဲ့အတွက် ဖြစ်ပါတယ်။

    ခွဲစိတ်မှုဘယ်လိုလုပ်ဆောင်သလဲ

    အကြီးစားခွဲစိတ်မှုဖြစ်ပြီး မေ့ဆေးပေးပြီးနောက် ခွဲစိတ်ပါတယ်။ ခွဲစိတ်ရာမှာ သမားရိုးကျခွဲစိတ်နည်းနဲ့ မှန်ပြောင်းသုံးခွဲစိတ်နည်းဆိုပြီး နှစ်မျိုးရှိပါတယ်။ သမားရိုးကျခွဲစိတ်နည်းကတော့ ဝမ်းဗိုက်မှာ ဓားရာတခုတည်း ခပ်ကြီးကြီးပေးပြီး အစာအိမ်ကို ခွဲစိတ်ခြင်းဖြစ်ပါတယ်။

    မှန်ပြောင်းသုံးခွဲစိတ်နည်းကတော့ ခွဲစိတ်တဲ့ဓားရာ သေးငယ်ပါတယ်။ အထူးစီမံထားတဲ့ ခွဲစိတ်ကိရိယာများပါဝင်ပြီး ဝမ်းဗိုက်ကို အပေါက်ငယ်များသာ ဖောက်ပါတယ်။ အဲဒီကမှတဆင့် ကင်မရာတပ်ထားတဲ့ ပြွန်များကို ထည့်သွင်းပြီး ခွဲစိတ်ပါတယ်။ ဒီနည်းလမ်းဟာ နာကျင်မုှသိပ်မရှိဘဲ အနာလည်းအကျက်မြန်ပါတယ်။

    အစာအိမ်ဖြတ်ထုတ်ခွဲစိတ်ပြီးကြုံတွေ့နိုင်သော ဆိုးကျိုးများ

    ဆိုးကျိုးများအနေနဲ့

    – အချဉ်ဓာတ် အထက်ကိုပြန်ဆန်ခြင်း

    – ဝမ်းပျက်ခြင်း

    – အစာမကြေခြင်း

    – ခွဲစိတ်အနာမှ ပိုးဝင်ခြင်း

    – ပျို့အန်ခြင်း

    – ဝမ်းဗိုက်အတွင်း သွေးယိုခြင်း

    – အူသိမ်လမ်းကြောင်း ပိတ်ဆို့ခြင်း

    – ကိုယ်အလေးချိန်လျော့ကျခြင်း

    – ဗီတာမင်ချို့တဲ့ခြင်း စတာတွေ ကြုံနိုင်ပါတယ်။

    ခွဲစိတ်ပြီးဘယ်လိုနေမလဲခွဲစိတ်ပြီး တပတ်နှစ်ပတ်လောက် ဆေးရုံမှာ ဆက်နေရနိုင်ပါတယ်။ အဆိုပါကာလအတွင်းမှာ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျလိုက်နာရပါမယ်။ အထူးသဖြင့် စားသောက်ပုံဖြစ်ပါတယ်။ အစာအိမ်ခွဲစိတ်ထားခြင်းကြောင့် ပုံမှန်ပြန်စားသောက်နိုင်ဖို့ အချိန်ကြာကြာယူရပါတယ်။ ဆေးရုံကဆင်းပြီးချိန်မှာ ဆရာဝန်ချိန်းဆိုတိုင်း မပျက်မကွက်ပြသဖို့ လိုအပ်ပါတယ်။

    နောက်ပိုင်းမှာလည်း နေထိုင်စားသောက်ပုံကို အဆင်ပြေအောင် ပြောင်းလဲသွားရပါမယ်။ အဓိကအားဖြင့် အစားကို နည်းနည်းချင်းစီနဲ့ တနေ့လုံး စားနေရပါမယ်။ အရင်လို ဗိုက်ကို တင်းကားသွားအောင် စားသုံးဖို့ အဆင်မပြေပါဘူး။ အမျှင်ဓာတ်များလွန်းတဲ့ အစားအစာတွေကို ရှောင်ရပါမယ်။ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဗီတာမင် C နဲ့ D ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးရပါမယ်။ လိုအပ်ရင် ဗီတာမင်အားဖြည့်ဆေးတွေ သောက်သုံးရပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement