backup og meta

နာတာရှည်‌ခြေထောက်သွေးပြန်ကြောရောဂါ ရှိသူတွေအတွက် ပြောင်းလဲသင့်တဲ့ နေထိုင်မှုပုံစံ

နာတာရှည်‌ခြေထောက်သွေးပြန်ကြောရောဂါ ရှိသူတွေအတွက် ပြောင်းလဲသင့်တဲ့ နေထိုင်မှုပုံစံ

ခြေထောက်မှာ ရှိတဲ့ သွေးပြန်ကြောတွေဟာ နှလုံးဆီကို သွေးပြန်ပို့လွှတ်ပေးရပါတယ်။ အဲဒီ ခြေထောက်သွေးပြန်ကြောတွေရဲ့ တစ်ဖက်ပွင့် အဆို့ရှင်တွေက ကောင်းကောင်း အလုပ်မလုပ်တော့တဲ့အခါ ခြေထောက်က နှလုံးဆီ သွေးပြန်ပို့ဖို့ ခက်ခဲလာပြီး နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါ  (chronic venous insufficiency) ဖြစ်လာပါတယ်။

နာတာရှည်‌ခြေထောက်သွေးပြန်ကြောရောဂါ ရှိသူတွေအတွက် ဘာတွေ ခံစားရနိုင်လဲ

ဒီလိုကနေ သွေးပြန်ကြောထဲမှာ သွေးတွေ စုလာပြီး ကြာလာတာနဲ့အမျှ နာကျင်မှု၊ ရောင်ရမ်းမှုနဲ့ အရေပြားပေါ် အပြောင်းအလဲလက္ခဏာတွေ ဖြစ်လာစေတော့တာပါပဲ။

နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါ ရှိတဲ့သူတွေဟာ ခြေထောက်မှာ –

  • ဖောရောင် သို့မဟုတ် လေးလံလာတယ် (အထူးသဖြင့် ခြေထောက်အောက်ပိုင်း နဲ့ ခြေကျင်းဝတ်)
  • နာကျင်မယ်၊ ကိုက်ခဲမယ်
  • ယားယံလာမယ်
  • အရေပြားခြောက်သွေ့လာမယ်
  • သွေးကြောထုံးတာတွေ ဖြစ်လာမယ် (အရေပြားမှာ ရှုပ်ထွေးတဲ့ သွေးကြောလေးတွေ မြင်သာလာတယ်)
  • အရေပြား အရောင်ပြောင်းတာတွေ ဖြစ်လာမယ်။

ထိုက်သင့်တဲ့ ကုသမှု မခံယူရင် ဖိအားနဲ့ ‌ဖောရောင်ခြင်းတွေကြောင့် ဆံချည်မျှင်သွေးကြောလို့ခေါ်တဲ့ သွေးကြောအသေးစားလေးတွေ ပေါက်ထွက်စေပါလိမ့်မယ်။ အဲဒီကနေ ခြေထောက်မှာ ကျက်ဖို့ခက်တဲ့ အနာတွေ ဖြစ်လာတတ်ပြီး နောက်ဆက်တွဲပြဿနာတွေ များလှပါတယ်။

ဒါ့ကြောင့် ကိုယ့်မှာ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါ ရှိတယ်ဆိုရင် မှန်ကန်တဲ့ ဆေးကုသမှု ခံယူဖို့နဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲဖို့ အရေးကြီးပါတယ်။

နာတာရှည်‌ခြေထောက်သွေးပြန်ကြောရောဂါ ရှိသူတွေအတွက် ပြောင်းလဲသင့်တဲ့ နေထိုင်မှုပုံစံ

တကယ်တော့ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါဟာလည်း အစောပိုင်းတည်းက ဂရုစိုက် ဆင်ခြင်မယ်ဆို ကုသလို့ ရပါတယ်။ ကုသမှုအတိုင်း လိုက်နာတဲ့အပြင် ကိုယ့်ရဲ့နေ့စဉ်ဘဝမှာလည်း သင့်တော်တဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်တာက အခြေခံကျတဲ့ ကုသမှုပဲ ဖြစ်ပါတယ်။

() အချိန်အကြာကြီး မတ်တတ်မရပ်ပါနဲ့

ဘာကြောင့်ပဲ ဖြစ်ဖြစ် အချိန်အကြာကြာ ဆက်တိုက် မတ်တတ်ရပ်မနေမိဖို့ သတိထားပါ။ အလုပ်ကြောင့် ဆိုရင်တောင်မှ နာရီဝက် တစ်ကြိမ်လောက် ထိုင်ပါ၊ လှုပ်ရှားပါ။ ဒါမှ သွေးလည်ပတ်မှု ပုံမှန်ဖြစ်စေပြီး ခြေထောက်မှာ ဝန်မပိစေမှာ ဖြစ်ပါတယ်။

() ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေးတွေကို ခဏဖြစ်ဖြစ် ပုံမှန်လုပ်ပေးသင့်ပါတယ်။ လှုပ်ရှားမှ သွေးလည်ပတ်မှု ပိုကောင်းပြီး ခြေထောက်မှာ သွေးစုတာ၊ ဖောရောင်တာတွေ သက်သာနိုင်ပါလိမ့်မယ်။

() အထိုင် မများပါစေနဲ့

မတ်တတ်အကြာကြီး မရပ်သင့်သလိုပဲ၊ အထိုင်များတာ၊ လမ်းသိပ်မလျှောက်တာတွေကလည်း တူတူပါပဲနော်။ အထိုင်များတဲ့ အလုပ်လုပ်ရသူတွေဆို ခဏလောက်ဖြစ်ဖြစ် ထပြီး လမ်းလျှောက်ပေးတာ၊ ခြေထောက်ကို ဆန့်တန်းလှုပ်ရှားပေးတာ၊ ထိုင်ခုံမှာပဲ စက်ဘီးနင်းသလို ခြေထောက် လှုပ်ရှားပေးတာမျိုးက သွေးလည်ပတ်မှု ကောင်းစေပါတယ်။

() ကိုယ်အလေးချိန် ထိန်းပါ ၊ လျှော့ပါ

ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ကျော်နေပြီဆိုရင် ပြန်လျှော့လိုက်မှသာ သွေးပြန်ကြောတွေကို ဖိအားသက်ရောက်မှု သက်သာစေမှာပါ။ အငန်လျှော့စားပါ၊ အမျှင်ဓာတ်များတာ စားပါ။ ဝမ်းချုပ်ခြင်း၊ အငန်စားများလို့ အရည်စုခြင်း တို့ကြောင့်လည်း ခြေထောက်တွေ ဖောရောင်လာနိုင်ပါတယ်။

() ခြေထောက်ကို မြှင့်ထားပါ

ထိုင်တဲ့အခါ၊ အိပ်တဲ့အခါ ခြေထောက်ကို မြှင့်ထားပေးပါ။ ကြာရှည်ထိုင်နေတဲ့အခါ ခြေထောက်မှာ သွေးတွေစုလာနိုင်ပါတယ်။ ဒါ့ကြောင့် ထိုင်တဲ့အခါ ခြေထောက်ကို ခုံပုလေးနဲ့ တင်ထားတာမျိုး၊ အိပ်တဲ့အခါ ခြေထောက်အောက်မှာ ခေါင်းအုံးခုပြီး ပက်လက်လှဲအိပ်နေတာမျိုး လုပ်ပေးသင့်ပါတယ်။

() ခြေထောက် ချိတ်မထိုင်ပါနဲ့

ခြေထောက်နှစ်ချောင်းကို ချိတ်ပြီးထိုင်တာက သွေးပြန်ကြောရဲ့ လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေပြီး လက္ခဏာပိုဆိုးစေနိုင်ပါတယ်။

() ဒေါက်ဖိနပ် မစီးပါနဲ့

ဖြစ်နိုင်ရင် ဒေါက်ဖိနပ် မစီးပါနဲ့။ နာတာရှည်သွေးပြန်ကြောရောဂါ ကို ပိုမဆိုးစေဖို့ ဆိုရင် ခြေထောက်ကို သက်တောင့်သက်သာဖြစ်စေမယ့် ဖိနပ် အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။

() ဆေးလိပ် ဖြတ်ပါ

ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးပြဿနာတွေ အများကြီးနဲ့ ဆက်နွယ်နေသလို သွေးပြန်ကြော အပါအဝင် သွေးကြောတွေအတွက် ဆိုးကျိုးများစွာ ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးလိပ် ဖြတ်ပါ။

() ကုသမှုသေချာခံယူပါ

ဆရာဝန် ညွှန်ကြားတဲ့ နည်းလမ်းတွေ၊ ဆေးဝါးတွေကို သေသေချာချာ မှန်ကန်အောင် လိုက်နာပါ။

သွေးခဲပိတ်ဆို့မှုကို ကာကွယ်ဖို့ ဆေးဝါးတွေ၊ သွေးကြောရောင်ရမ်းတာ သက်သာစေတဲ့ဆေးတွေ၊ ခြေထောက်အနာတွေ အတွက် ပဋိဇီဝပိုးသတ်ဆေးတွေ စတဲ့ ဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အတိအကျလိုက်နာ သောက်သုံးပါ။

နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါ ဟာ ပေါ့ပေါ့ဆဆ မကုသဘဲထားလို့ မသင့်တဲ့ ရောဂါပါ။ အခန့်မသင့်ရင်အသက်သေဆုံးနိုင်တဲ့ အထိ ဖြစ်နိုင်လို့ ခြေထောက်တွေ နာနေပြီ၊ သွေးကြောဖောင်းတာ ကိုလည်း တွေ့နေပြီဆိုရင် အစောတည်းက အမြန်ဆုံးကုသမှု ခံယူတာ အကောင်းဆုံးပါပဲ။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/dvt/dvt-venous-insufficiency#2-6

https://my.clevelandclinic.org/health/diseases/16872-chronic-venous-insufficiency-cvi/management-and-treatment

 

 

ယခုပုံစံ

02/09/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တောင့်တင်းနေတဲ့ ပေါင်နဲ့ ခြေထောက် အကြောဘယ်လိုလျှော့ကြမလဲ

သင့်ခြေထောက်သွေးပြန်ကြောမှာ ဘယ်လိုရောဂါတွေ ဖြစ်နိုင်လဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Yun Sandi Nan Mon မှ ရေးသားသည်။ · 02/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement