brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Heart Attack မဖြစ်စေဖို့ ပြောင်းလဲလိုက်သင့်တဲ့ လူနေမှုပုံစံ

Heart Attack ဖြစ်ခြင်းဟာ အသက်အန္တရာယ်ပေါင်းများစွာကို နှုတ်ယူနေတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ Heart Attack ဖြစ်ခဲ့မယ်ဆိုရင် နှလုံးထိခိုက်ပျက်စီးပြီး အသက်အန္တရာယ်ကို ထိခိုက်စေပါလိမ့်မယ်။ ဒါဆို Heart Attack မဖြစ်စေဖို့ ဘာလုပ်ကြမလဲ။

Heart Attack မဖြစ်စေဖို့ ပြောင်းလဲလိုက်သင့်တဲ့ လူနေမှုပုံစံ

နှလုံးရောဂါဟာ အမေရိကမှာ နံပါတ် ၁ အဆိုးရွားဆုံးကျန်းမာရေးပြဿနာဖြစ်သလို ကမ္ဘာတစ်ဝှမ်းမှာလည်း လူ့အသက်ပေါင်းများစွာကို နှုတ်ယူနေတဲ့ ရောဂါဆိုးပါ။ နှလုံးရောဂါကြောင့် အသက်ဆုံးရှုံးရမှုတွေရဲ့ အများစုဟာ Heart Attack ကြောင့်ပါ။

Heart Attack မဖြစ်စေဖို့ ပြောင်းလဲလိုက်သင့်တဲ့ လူနေမှုပုံစံ

မိမိမှာ နှလုံးရောဂါအခံရှိနေတာ၊ ဒါမှမဟုတ် နှလုံးရောဂါဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတွေပြသလာနေပြီဆိုရင် အခြေအနေတွေ ရှေ့ဆက်တိုးပြီး မဆိုးရွားလာဖို့ တားဆီးဖို့ လိုအပ်လာပါပြီ။

Heart Attack ဖြစ်မလာအောင် အကောင်းဆုံးတားဆီးရမယ့်နည်းလမ်းကတော့ လူနေမှုပုံစံကို ပြောင်းလဲလိုက်ပြီး ကျန်းမာအောင်နေထိုင်ဖို့ပါပဲ။

Heart Attack မဖြစ်စေဖို့ ပြောင်းလဲလိုက်သင့်တဲ့ လူနေမှုပုံစံတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

ဘယ်လိုတွေ ပြောင်းလဲနေထိုင်ကြမလဲ

  • ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တတ်တယ်ဆိုရင် ဖြတ်လိုက်တာကောင်းပါတယ်။ နှလုံးရောဂါရှိနေသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဆေးလိပ်မသောက်သုံးဖို့ တိုက်တွန်းချင်ပါတယ်။

  • အာဟာရမျှတပါစေ

ကျန်းမာရေးနဲ့ညီညွတ်အောင် အစာအာဟာရကို မှီဝဲပေးတာက Heart Attack မဖြစ်ဖို့ တားဆီးရာမှာ အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ အထူးသဖြင့် သွေးတွင်းကိုလက်စထရော မများအောင်၊ သွေးမတိုးအောင်၊ ကိုယ်အလေးချိန်မများအောင် သေချာဂရုစိုက်စားသုံးဖို့ လိုပါတယ်။

သွေးတွင်းမှာ ကိုလက်စထရောများမနေအောင် ဂရုစိုက်ရပါမယ်။ သွေးထဲမှာ ကိုလက်စထရောတွေများပြီး အဆီတွေပြည့်လာရင် သွေးကြောတွေကျဉ်းမြောင်းလာပြီး နှလုံးကိုထိခိုက်စေမှာပါ။

  • သွေးဖိအားမများအောင် သတိထားပါ

သွေးဖိအားများတာက နှလုံးဝေဒနာရှင်တွေအတွက် ကောင်းမွန်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါကြောင့် သွေးဖိအားကိုလည်း မပြတ်စစ်ဆေးနေဖို့လိုမှာပါ။

  • လေ့ကျင့်ခန်းလုပ်ပါ

ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက ကိုယ်အလေးချိန်ကို လျှော့ချကျစေရုံတင်မဟုတ်ပါဘူး။ ရုပ်ပိုင်း၊ စိတ်ပိုင်းကျန်းမာသန်စွမ်းစေဖို့ အထောက်အကူဖြစ်စေပါတယ်။

  • ကိုယ်အလေးချိန် လျှော့ချပါ

ကိုယ်အလေးချိန်ကို BMI ချိန်ညှိပြီး ကိုယ့်ရဲ့ အသက်အရွယ်၊ အရပ်အမောင်းတွေနဲ့ ကိုက်ညီတဲ့ အလေးချိန်မျိုးမှာရှိနေအောင် ချိန်ညှိနေထိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမဟုတ်ပဲ ကိုယ်အလေးချိန်မြင့်မားလွန်းနေမယ်ဆိုရင် နှလုံးအပြင် သွေးတိုးနဲ့ ဆီးချိုပြဿနာတွေကိုပါ ရင်ဆိုင်လာရနိုင်ပါတယ်။

  • ဆီးချိုကို ထိန်းပါ

ကိုယ့်မှာ ဆီးချိုရှိနေတယ်ဆိုရင် ဆီးချိုမတက်အောင် သတိထားရပါမယ်။ အသက် ၆၅ နှစ်အထက် နှလုံးရောဂါသည်အများစုရဲ့ သေဆုံးမှု ၁၆ % ဟာ ဆီးချိုရောဂါနဲ့ ဆက်စပ်နေတတ်ပါတယ်။ ဆီးချိုနဲ့ နှလုံးဟာ ဆက်စပ်နေတဲ့ရောဂါတွေဖြစ်ပြီး အဝလွန်တာ၊ ကိုလက်စထရောများတာ၊ ဆေးလိပ်သောက်သုံးတာ၊ ကိုယ်လက်လှုပ်ရှားမှုမလုပ်တာတွေကြောင့် ပိုဆိုးလေ့ရှိပါတယ်။

  • စိတ်ဖိစီးမှုကို လျှော့ချပါ

စိတ်ဖိစီးမှုဟာ Heart Attack ဖြစ်စေနိုင်တဲ့ ပြဿနာတွေက တစ်ခုပါ။ နေ့စဉ်လူနေမှုဘဝမှာ ကြုံတွေ့နေရတဲ့ ပြဿနာအရပ်ရပ်ကြောင့် စိတ်ဖိစီးမှုဖြစ်လာနိုင်ပြီး နှလုံးကိုလည်း ထိခိုက်နိုင်ပါတယ်။

  • အသောက်အစားကို လျှော့ပါ

အရက်၊ ဘီယာစတဲ့ အယ်လ်ကိုဟောပါဝင်တဲ့ အဖျော်ယမကာတွေကို ဖြတ်လိုက်တောက်သင့်ပါတယ်။ ကြိုက်လွန်းလို့ မှီဝဲမယ်ဆိုရင်တောင်မှ အလွန်နည်းပါးတဲ့ပမာဏမျိုးပဲဖြစ်သင့်ပါတယ်။ အရက်သေစာသောက်စားမှုဟာ နှလုံးအတွက် ကောင်းကျိုးမရှိသလောက်ပါပဲ။

အထက်မှာဖော်ပြထားတဲ့အချက်တွေကို လိုက်နာပြီး လူနေမှုပုံစံကို ပြောင်းလဲနေထိုင်မယ်ဆိုရင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပြီးတော့ Heart Attack ဖြစ်မယ့်ရန်ကိုလည်း ကာကွယ်နိုင်မှာပါ။

နှလုံးရောဂါဟာ အန္တရာယ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပေမယ့် စနစ်တကျကျန်းမာစွာနေထိုင်ခြင်းဖြင့် ရောဂါကိုတွန်းလှန်နိုင်တာကို မမေ့ပါနဲ့။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Zon Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 31/07/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။