backup og meta

နှလုံးရောဂါ ကာကွယ်ပါ

နှလုံးရောဂါ ကာကွယ်ပါ

နှလုံးရောဂါ ကာကွယ်ပါ …. ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ နှလုံးရောဂါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေသာမက ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေမှာပါ ကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ နှစ်စဉ်သေဆုံးမှုမြင့်မားနေတဲ့ အကြောင်းအရင်းတခုဖြစ်တယ်လို့လည်း စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။ နှလုံးရောဂါဖြစ်ပွားနိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေကို ပြုပြင်ယူလို့ရတာရှိသလို မပြုပြင်နိုင်တာလည်း ရှိပါတယ်။ ဥပမာ မျိုးရိုးဗီဇကိုတော့ သင့်အနေနဲ့ ပြုပြင်ပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပြုပြင်နိုင်တဲ့ကိစ္စတွေကို ပြုပြင်နိုင်ပါတယ်။ ဥပမာ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း ဖြစ်ပါတယ်။

နှလုံးရောဂါ ကာကွယ်ပါ

အဓိကအားဖြင့် ပြုပြင်ပြောင်းလဲနိုင်တာကတော့ သင့်ရဲ့နေထိုင်စားသောက်မှု ပုံစံပါပဲ။ သင့်နှလုံးကျန်းမာရေးကို ကောင်းစေဖို့ အောက်ပါနည်းလမ်းတွေနဲ့ နေထိုင်စားသောက်ပါ။

  • ဆေးလိပ်သောက်နေသူဆိုရင် ဆေးလိပ်ဖြတ်ပါ
  • ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးပါ
  • လေ့ကျင့်ခန်းလုပ်ပါ
  • ဆီးချိုရောဂါကာကွယ်ပါ
  • သွေးပေါင်ချိန်ထိန်းပါ
  • စိတ်ဖိစီးမှုကို လျှော့ချပါ

ဆေးလိပ်

ဆေးလိပ်သောက်ခြင်းဟာ နှလုံးသွေးကြောရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်း စတာတွေလည်း ဖြစ်ပွားစေပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် သွေးကြောတွေထဲမှာ အနည်အနှစ်နဲ့ အဆီဓာတ်တွေ စုပုံလာစေပြီး သွေးကြောပိတ်ဆို့ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အကျိုးပြုကိုလက်စထရောကိုလည်း လျော့ကျစေနိုင်ပါတယ်။ သွေးကြောတွေကို ပျက်စီးစေနိုင်ပါတယ်။

ဆေးလိပ်ဖြတ်ပြီးသွားရင်တော့ သွေးကြောအခြေအနေတွေ ပြန်လည်ကောင်းမွန်လာပြီး သွေးလည်ပတ်မှု တိုးတက်လာနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ မိမိဝန်းကျင်က တဆင့်ခံရှူရှိုက်မိသူတွေကိုပါ ဒုက္ခပေးနိုင်တာမို့ ဆေးလိပ်ဖြတ်သင့်ပါတယ်။

အစာအာဟာရ

သင့်ရဲ့စားသောက်မှုပုံစံဟာ နှလုံးရောဂါဖြစ်ပွားနိုင်ခြေရှိမရှိနဲ့ ဆက်စပ်နေပါတယ်။ အထူးသဖြင့် မိသားစုမှာ နှလုံးရောဂါဖြစ်ပွားသူရှိရင် အစားအသောက်ကို ပိုမိုဆင်ခြင်ရပါမယ်။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေ၊ ပြုပြင်ထားခြင်းနည်းတဲ့ အစေ့အဆန်တွေ စားသုံးရပါမယ်။ Omega 3 ဖက်တီးအက်ဆစ်ပါတဲ့ အစားအစာတွေ ဥပမာ တူနာငါး၊ ဆယ်လ်မွန်ငါး စတာတွေကို စားသုံးရပါမယ်။

သကြားနဲ့ ဆား အလွန်အကျွံပါဝင်တဲ့ အစားအစာတွေ ရှောင်ကြဉ်ရပါမယ်။ ကယ်လိုရီများတဲ့ အစားအသောက်တွေ သတိပြုစားသုံးရပါမယ်။ ကိုလက်စထရောမြင့်မားစေတဲ့ အဆီအဆိမ့်တွေ ရှောင်သင့်ပါတယ်။

ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း

သွေးတိုးရောဂါကို ထိန်းနိုင်ဖို့ ကိုယ်အလေးချိန်ထိန်းခြင်း၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း စတာတွေ ဆောင်ရွက်ရပါတယ်။ သုတေသီတွေရဲ့ အဆိုအရ တရက်ကို အနည်းဆုံး မိနစ် ၃၀ ခန့် လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဟာ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေတယ်လို့ သိရပါတယ်။

လေ့ကျင့်ခန်းတွေကို အားသွန်ခွန်စိုက်နဲ့ ပြင်းထန်စွာ လုပ်စရာမလိုပါဘူး။ အသင့်အတင့်တက်ကြွစွာ လှုပ်ရှားပေးခြင်းလောက်ဆိုရင် အဆင်ပြေပါတယ်။ ဥပမာ လမ်းလျှောက်ခြင်းက စလုပ်နိုင်ပါတယ်။

ကိုယ်အလေးချိန်ကိုလည်း BMI (ကိုယ်ခန္ဓာထုထည်ညွှန်ကိန်း)နဲ့ ကိုက်ညီအောင် သတိပြုသင့်ပါတယ်။ မိမိအရပ်အမောင်းနဲ့ လိုက်လျောညီထွေရှိသင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးခြင်းအားဖြင့် သွေးတိုးနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

ဆီးချိုထိန်းခြင်း

ဆီးချိုရောဂါဟာ နှလုံးရောဂါဖြစ်စေမယ့် လမ်းစပဲ ဖြစ်ပါတယ်။ ဆီးချိုဟာ ကိုယ်ခန္ဓာရဲ့ အင်္ဂါအစိတ်အပိုင်း အများအပြားကို ထိခိုက်စေနိုင်ပါတယ်။ သေချာစွာ မကုသဘဲနေရင် ခြေဖျားလက်ဖျားက သွေးကြောများကို ထိခိုက်ပျက်စီးလာစေပါတယ်။ လေဖြတ်ခြင်းနဲ့ တခြား နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ဆီးချိုရောဂါမဖြစ်အောင် အချိုဓာတ်ကဲတဲ့ အစားအစာတွေရှောင်ပြီး လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သင့်ပါတယ်။ လတ်ဆတ်တဲ့ အသီးအရွက်တွေ စားသုံးသင့်ပါတယ်။ ဆီးချိုဖြစ်ပွားနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ဆရာဝန်ညွှန်ကြားချက်တွေကို တိကျစွာ လိုက်နာသင့်ပါတယ်။

သွေးပေါင်ချိန်ထိန်းခြင်း

သွေးတိုးခြင်းဟာ သင့်ရဲ့သွေးလည်ပတ်မှုစနစ်တခုလုံးကို ထိခိုက်စေပြီး နှလုံးရောဂါအဖြစ်ကို ဦးတည်စေပါတယ်။ သွေးပေါင်ချိန်ပုံမှန်ထိန်းနိုင်ဖို့

  • လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်း
  • စိတ်ဖိစီးမှုလျှော့ချခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • ဆားလျှော့စားခြင်း
  • အရက်သေစာရှောင်ကြဉ်ခြင်း စတဲ့အချက်တွေအတိုင်း နေထိုင်စားသောက်သင့်ပါတယ်။

သွေးတိုးရောဂါရှိနေပြီဆိုရင်လည်း ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ညွှန်ကြားချက်များကို အတိအကျလိုက်နာသင့်ပါတယ်။ ဆေးဝါးများ ပုံမှန်သောက်သုံးသင့်ပါတယ်။

စိတ်ဖိစီးမှုလျှော့ချခြင်း

စိတ်ဖိစီးမှုကို ကာလရှည်ကြာကြုံတွေ့နေရသူတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ များပါတယ်။ သွေးတိုးလည်း ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးချိန်မှာ ထွက်တဲ့ဟော်မုန်းများဟာ ရေရှည်မှာ နှလုံးနဲ့သွေးလည်ပတ်မှုစနစ်ကို ထိခိုက်စေလို့ ဖြစ်ပါတယ်။

စိတ်ဖိစီးမှုကို လျှော့ချနိုင်ဖို့ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ယောဂပြုလုပ်ခြင်း၊ မိသားစုဝင်များ ချစ်ခင်သူများနဲ့ ပျော်ရွှင်စွာ အချိန်ကုန်ဆုံးစေခြင်း၊ နှစ်ခြိုက်စွာ အိပ်စက်ခြင်း စတဲ့နည်းလမ်းတွေ ပြုလုပ်သင့်ပါတယ်။

အခုပြောခဲ့တာလေးတွေကို လိုက်ပါ လုပ်ဆောင်ပြီး နှလုံးရောဂါ ကာကွယ်ပါ …..

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/heart-disease/prevention Accessed Date 15 September 2020

ယခုပုံစံ

04/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးတိုးကြောင့်ဖြစ်သော နှလုံးရောဂါ (Hypertensive Heart Disease)

အဖြစ်များတဲ့ မွေးရာပါ နှလုံးရောဂါများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 04/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement