backup og meta

ပြည်တည်နာဖြစ်ရင် ဘယ်လိုဖြေရှင်းလေ့ရှိလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပြည်တည်နာဖြစ်ရင် ဘယ်လိုဖြေရှင်းလေ့ရှိလဲ

    ထိခိုက်အနာတရ တစ်ခုခုဖြစ်ရင် အနာကျက်ဖို့ အချိန်အတိုင်းအတာတစ်ခုတော့လိုပါတယ်။ အနာကျက်သင့်တဲ့အချိန်ထက်ကျော်လာရင်တော့ ပိုးဝင်လို့ အနာရင်းနေပြီလား၊ ဆီးချိုကြောင့်အနာကျက်နှေးတာလား၊ သန့်ရှင်းမှုမရှိလို့လား၊ အနာကိုဂရုစိုက်ပုံ မှားယွင်းနေသလား စစ်ကြည့်သင့်နေပါပြီ။

    မကျက်ဘဲ တာရှည်နေတဲ့အနာမှာ ပိုးဝင်လာတဲ့အခါ ပြည်တည်လာနိုင်ပါတယ်။ပြည်တည်ပြီးဆိုဖောက်ထုတ်လိုက်ရင်ပြီးတာပဲ လို့တချို့ကတွေးကြပါတယ်။ပြည်ဆိုတာ မှည့်ရင် သူ့အလိုလိုပေါက်သွားလိမ့်မယ် အနာပေါက်ပွင့်ရင် အနာကျက်သွားလိမ့်မယ်လို့လည်း ဆိုကြပါတယ်။ ဒါဆို အနာပေါက်ပွင့်သွား၊ပြည်ပေါက်ထွက်သွားရင်ပြီးပြီလား။ မဟုတ်ပါဘူး။ အနာကို ပိုးမဝင်အောင် ဒါမှမဟုတ် ပိုးဝင်ပြီးလို့ ကုသတဲ့အခါ သက်သာလာရင်တောင်မှ အမြဲဆက်ဂရုစိုက်ပေးရပါမယ်။ပြည်တည်တဲ့အဆင့်ရောက်မှသေချာဂရုမစိုက်ရင် အတွင်းထိ လှိုက်စားတာမျိုး၊ အရိုးထိ ထိခိုက်တာမျိုး ဆိုးရွားတဲ့ေနာက်ဆက်တွဲပြဿနာတွေ မဖြစ်သင့်ဘဲဖြစ်လာနိုင်ပါတယ်။

    ဘာကြောင့်ပြည်တည်တာလဲ

    အရေပြားထိခိုက်ပေါက်ပြဲဒဏ်ရာမှာရောဂါပိုးဝင်တဲ့အခါ အနာရင်းပြီးတာရှည်လာတယ်။ အဲဒီအတွင်းမှာ ပြည်တည်လာတာက ရောဂါပိုးတွေကိုနှိမ်နင်းဖို့ ခန္ဓါကိုယ်ရဲ့တုံ့ပြန်ခုခံမှုတွေရှိလာတဲ့အဓိပ္ပါယ်ပါ။ ဒါပေမယ့် အနာက ြပည်တည်လာတိုင်း ခန္ဓါကိုယ်ကခုခံနေပြီပဲ ဆိုပြီးပျော်မသွားနဲ့ဦး။ အရေးကြီးတဲ့အချိန်က ခုမှရောက်တာပါ။ပြည်တည်လာပြီးနောက်ပိုင်း ကုသမှု၊ ဂရုစိုက်မှုမကောင်းရင် အခြေအနေပိုဆိုးလာမှ အကျိုးနည်းကုန်ရပါလိမ့်မယ်။

    ပြည်တည်ပြီဆိုသေချာဂရုမစိုက်ရင်၊မကုသရင် ပိုဆိုးလာတာများပါတယ်။ရောဂါပိုးကအရေပြားအောက်က တစ်ရှူးတွေကို ပျံ့နှံ့ရောက်ရှိပြီးသွေးလည်ပတ်မှုထဲကိုပါရောက်သွားနိုင်ပါတယ်။ရောဂါပိုးက အတွင်းပိုင်းတစ်ရှူးတွေအထိ ပျံ့နှံ့သွားတဲ့အခါ အနာရှိန်ကြောင့် အဖျားတက်လာတာ၊နေမကောင်းဖြစ်တာ စတဲ့လက္ခဏာတွေ စတင်လာနိုင်ပါတယ်။

    ပြည်တည်လာတဲ့ ထိခိုက်ဒဏ်ရာကို ဘယ်လိုကုသစောင့်ရှောက်မလဲ

    တချို့က အပ်ကို မီးကင်ပြီးပြည်တည်နာကိုဖောက်ထုတ်လိုက်တဲ့နည်းနဲ့ အိမ်မှာပဲ ကုသကြပါတယ်။ ဒါပေမယ့် အဲဒီလိုလုပ်ရင်းနဲ့ရောဂါပိုးထပ်မဝင်ပါဘူး၊ ပိုမဆိုးလာဘူးလို့ အာမမခံနိုင်ပါဘူး။ ထိတွေ့ကိုင်တွယ်တဲ့ လက်ကရော သန့်ရှင်းရဲ့လား၊ အနာကို ဘာသန့်ရှင်းမှုတွေလုပ်သလဲ၊ဆေးရောထည့်ရဲ့လားဆိုတဲ့အချက်တွေတွေးစရာရှိပါသေးတယ်။

    အနာဆိုတာ သူ့အချိန်တွင်းမှာ အနာကျက်သွားတာအကောင်းဆုံးပါ။ ဒါပေမယ့် ကိုယ့်ဘာသာကုလို့မှ မပျောက်ဘဲပြည်တည်တဲ့အဆင့်တောင်ရောက်လာတာကိုတော့ ကိုယ့်သဘောနဲ့ကိုယ်လျှောက်မလုပ်သင့်ပါဘူးလို့ အကြံပြုချင်ပါတယ်။ ပိုးသတ်ထားတဲ့ ကုသမှုသုံးကိရိယာတွေနဲ့ ဆရာဝန်က လိုအပ်သလို ကုသပေးပါလိမ့်မယ်။ ပြည်တွေ မရှိတော့အောင် ဒဏ်ရာကိုဆေးကြောသန့်စင်တာ(ဥပမာ ဖန်ရည်ဆေးတာ)၊ ပြည်တွေကို ပိုးသတ်ပြီးအပ်နဲ့စုပ်ထုတ်တာ၊ လိုအပ်ရင် အနည်းငယ်ခွဲရတာ၊ဆေးထည့်တာ ၊လုံခြုံအောင် ပလာစတာနဲ့ပတ်တီးစည်းပေးတာ စတဲ့အလုပ်တွေကိုဘေးအန္တရာယ်ကင်းကင်းနဲ့ ဆရာဝန်က လုပ်ဆောင်ပေးနိုင်ပါတယ်။ လိုအပ်လာရင် အနာကျက်မြန်စေဖို့နဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်ဖို့ ပဋိဇီဝပိုးသတ်ဆေးတွေ၊ အနာထည့်ဆေးတွေလည်းဆေးညွှန်းပေးလာနိုင်ပါတယ်။

    ပြီးရင်တော့ ကုသမှုမှာ ညွှန်ကြားချက်အတိုင်း လိုက်နာ၊ အိမ်ပြန်ရောက်တဲ့အခါ အနာကိုသေချာဂရုစိုက်ဖို့က ကိုယ့်အပိုင်းပါ။ ပြည်တည်အနာနဲ့ပတ်သက်ပြီး ဂရုစိုက်သင့်တဲ့ အချက်တချို့ကတော့ –

    • ဒဏ်ရာကို ကိုယ့်သဘောနဲ့ကိုယ် ခွဲပြီး ပြည်ဖောက်ထုတ်တာ၊ ညှစ်ထုတ်တာ၊ထိုးဆွတာတွေမလုပ်တာကောင်းပါတယ်။ လုပ်တာကိုင်တာ မသန့်ရှင်းလို့ ပိုးဝင်သွားရင် အခြေအနေပိုဆိုးနိုင်ပါတယ်။
    • ပြည်တည်နေတဲ့နေရာတည့်တည့်ကို အပ် သို့မဟုတ် ချွန်ထက်တဲ့တစ်ခုခုနဲ့ ထိုးဖောက်တာမျိုးမလုပ်ပါနဲ့။သွေးကြောကို ထိခိုက်မိတာ၊ ဒါမှမဟုတ်ရောဂါပိုးကို ပိုပြန့်စေတာတွေဖြစ်လာနိုင်လို့ပါ။
    • ကုသမှုနောက်ပိုင်းမှာ အနာကိုမှန်မှန်ထည့်ပြီး ပိုးသတ်ထားတဲ့ ပလာစတာ သို့မဟုတ် ပတ်တီးနဲ့ ဖုံးအုပ်ကာကွယ်ထားပါ။
    • ကုသမှုနောက်ပိုင်းမှြာပည်တည်အနာက ချပ်ရပ်လာရမယ်၊ နာကျင်မှုသက်သာလာပြီးပြည်အကြွင်းအကျန်တွေ ကုန်စင်လာရပါမယ်။ ဒါမှမဟုတ်ရင် အချိန်အကြာကြီးထပ်စောင့်မနေဘဲ ဆရာဝန်ပြန်ပြသင့်ပါတယ်။
    • ပလာစတာနဲ့ပတ်တီးတွေကို မှန်မှန်လဲပေးဖို့၊ ဆေးထည့်ဖို့၊ အနာကိုသန့်ရှင်းပေးဖို့ကတော့ ပုံမှန်လုပ်ပေးရပါမယ်။
    • အနာကျက်နိုင်တဲ့ ကြာချိန်ကတော့ အနာရဲ့အရွယ်အစား၊ အခြေအနေတို့ကို မူတည်ပါတယ်။
    • ပြည်မရှိတော့တဲ့ အနာကိုခြောက်သွေ့အောင်ထားပါ၊ သန့်သန့်ရှင်းရှင်းနဲ့ ဖုံးအုပ်ကာကွယ်ထားပါ(ခဏတောင် ပလာစတာ၊ပတ်တီးမပါဘဲမေ့မထားပါနဲ့၊ ယင်ကောင်လိုမျိုးရောဂါပိုးသယ်ဆောင်သူတွေကို သတိထားပါ)။
    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement