backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

လေပြွန်များ ပျက်စီးခြင်း (Bronchiectasis)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လေပြွန်များ ပျက်စီးခြင်း (Bronchiectasis)

လေပြွန်များ ပျက်စီးခြင်း (Bronchiectasis) အကြောင်း လေ့လာလိုက်ရအောင်လား။

လေပြွန်များ ပျက်စီးခြင်း ဆိုတာ ဘာလဲ။

အသက်ရှူလိုက်တယ်ဆိုရင် လေတွေက လေပြွန်တွေဖြတ်ပြီး အဆုတ်ထဲကို ရောက်လာပါတယ်။ လေပြွန်တွေ ပျက်စီးခြင်း ဆိုတာကတော့ လေပြွန်ရဲ့ နံရံတွေ ပြုပြင်မရအောင် ပျက်စီးပြီး ထူထဲလာတာပဲ ဖြစ်ပါတယ်။ ဒီလို ထူလာတာနဲ့အမျှ လေပြွန်ထဲက အချွဲတွေကို ကောင်းကောင်း မဖယ်ရှားနိုင်တော့တဲ့အတွက် တဖြည်းဖြည်းစုပုံလာပြီး ပိုးမွှားတွေ ပေါက်ဖွားလာပါတယ်။

ပိုးမွှားတွေ ပေါက်တဲ့အတွက် လေပြွန်တွေ ရောင်ရမ်းတယ်။ ကျဉ်းလာတယ်။ ကျဉ်းလာတဲ့အတွက် အချွဲတွေ ပြည့်လာတယ်။ ပိုးတွေ ထပ်ပေါက်တယ်။ ဒီလိုနဲ့ သံသရာလည်ပြီး နောက်ဆုံးမှာ လေပြွန်များ ပျက်စီးပြီး အဆုတ်စွမ်းဆောင်ရည်ပါ ကျလာပါတယ်။ ဒီလို ပျက်စီးတာက လေပြွန်တစ်ခု၊ နှစ်ခုပဲ ဖြစ်နိုင်သလို လေပြွန်အများကြီးလည်း ဖြစ်နိုင်ပါတယ်။ ပျက်စီးတဲ့ လေပြွန်များလေလေ ရောဂါက ပိုပြင်းထန်လေလေပါပဲ။

ဘာကြောင့် လေပြွန်များ ပျက်စီးခြင်း ရောဂါ ဖြစ်ရတာလဲ။

တစ်ခါတလေကျတော့လည်း လေပြွန်ပျက်စီးတာက အဆုတ်ရောဂါတစ်ခုခုကို အခြေခံပြီး ဖြစ်လာတာပါ။ အဆုတ်မှာရှိတဲ့ အလုံးအကျိတ်တစ်ခုခုက လေပြွန်ကို ဖိတဲ့အခါ လေပြွန်ပိတ်ပြီး အချွဲတွေ ပြည့်လာတာကြောင့် လေပြွန်ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။

Cystic fibrosisလို့ ခေါ်တဲ့ရောဂါနဲ့ တွဲပြီးတွေ့ရတာ များပါတယ်။ ဒါ့ပြင် ဖြစ်နိုင်ခြေကို မြင့်စေတဲ့ တခြားအကြောင်းတွေကတော့

  • ခုခံအား ကမောက်ကမဖြစ်တဲ့ရောဂါ
  • ခုခံအားကျဆင်းတဲ့ရောဂါ (ဥပမာ HIV)
  • Alpha-1 antitrypsin ချို့တဲ့တာကြောင့် ဖြစ်လာတဲ့ နာတာရှည် လေပြွန်ကျဉ်းရောဂါ
  • လေပြွန်ထဲမှာ ရှိတဲ့ အချွဲတွေကို ရှင်းထုတ်ပေးမယ့် အမွေးလေးတွေ ပျက်စီးတာ
  • နာတာရှည် အူရောင်ရောဂါ (ဥပမာ ခရုန်းရောဂါ)
  • Allergic bronchopulmonary aspergillosisလို့ ခေါ်တဲ့ ဓာတ်မတည့်ရောဂါတစ်မျိုးကြောင့် လေပြွန်တွေ ရောင်ရမ်းတာ
  • ခဏခဏ အစာသီးပြီး လေပြွန်ရောင်တာ

ဒါ့ပြင် အဆုတ်ခဏခဏ ပိုးဝင်တဲ့ ရောဂါတွေ ဖြစ်တဲ့

  • နမိုးနီးယား
  • တီဘီ
  • ကြက်ညှာချောင်းဆိုး
  • အဆုတ်မှိုပိုးဝင်တာတွေကြောင့်လည်း လေပြွန်ပျက်စီးတာ ဖြစ်တတ်ပါတယ်။

လေပြွန်များ ပျက်စီးခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။

လေပြွန်ပျက်စီးခြင်းရဲ့ လက္ခဏာတွေက လပိုင်းကနေ နှစ်နဲ့ချီကြာတတ်ပါတယ်။ နာတာရှည်ရောဂါပါ။ ကြာလာလေလေ ပိုဆိုးလေလေပါပဲ။ လက္ခဏာတွေကတော့

  • ချောင်းဆိုးပြီး ချွဲသလိပ်ထွက်ပါတယ်။ လပိုင်းကနေ နှစ်နဲ့ချီတတ်ပါတယ်။
  • လတ်တလောမှာ ပိုးဝင်ပြီး လေပြွန်ပျက်စီးထားတယ်ဆိုရင် ချောင်းဆိုးသွေးပါပါတယ်။
  • မောတာ၊ ရင်ဘတ်အောင့်တာ၊ ဖျားတာ၊ အသက်ရှူရင် တရွှီရွှီမြည်တာ၊ အားမရှိဘဲ ပိန်လာတာ
  • ရှားရှားပါးပါး ချောင်းဆိုးရင် သလိပ်မထွက်ဘဲ သွေးပါတာမျိုးလည်း ရှိပါတယ်။

ပိုးဝင်လို့ ရောဂါဖောက်ချိန်ဆိုရင်တော့

  • နဂိုကထက် ချွဲပိုထွက်ပါတယ်။
  • ထွက်တဲ့ချွဲကလည်း ပိုပျစ်ပါတယ်။
  • တစ်ခါတလေ အနံ့ဆိုးပါတယ်။
  • တစ်ခါတလေ ဖျားပါတယ်။
  • မောတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှူရင် တရွှီရွှီမြည်တာတွေ ဖြစ်တတ်ပါတယ်။

လေပြွန်များ ပျက်စီးခြင်းကို ဘယ်လိုသိရှိနိုင်သလဲ။

  • ရောဂါရာဇဝင်စစ်ဆေးမေးမြန်းတာ

လူနာခံစားရတဲ့ လက္ခဏာပေါ်မူတည်ပြီး ဖြစ်နိုင်တဲ့ ရောဂါတွေကို ဆန်းစစ်မေးမြန်းခြင်းပဲ ဖြစ်ပါတယ်။ ဥပမာ လေပြွန်ပျက်စီးတဲ့ ရောဂါမှာဆို ချောင်းဆိုးချွဲပါ၊ ချောင်းဆိုးသွေးပါတွေ အကြောင်းကို အသေးစိတ်မေးတာမျိုးပါ။

  • လူနာကို စမ်းသပ်ခြင်း

-အဆုတ်မှာ ထူးဆန်းတဲ့ အသံတွေ ကြားနေရသလား။

-လက်ထိပ်တွေ ဖောင်းနေသလား (clubbing)

-လေပြွန်ကျဉ်းပြီး လေကောင်းကောင်း မဝင်တာကြောင့် အောက်စီဂျင်နည်းပြီး လူနာက ပြာနှမ်းနေသလား။

-ပိန်လှီနေသလား။

-အဆုတ်ပျက်စီးတာကနေ နှလုံးထိခိုက်တဲ့အဆင့်ထိရောက်နေပြီလား စသဖြင့် လိုအပ်တာတွေကို စမ်းသပ်သွားမှာပါ။

  • ဆေးစစ်ခြင်း

လေပြွန်ပျက်စီးတာ သေချာသလား၊ ဘာကြောင့် ပျက်စီးတာလဲဆိုတာ သိနိုင်ဖို့

-သွေးစစ်တာတွေ

-အဆုတ်စွမ်းဆောင်ရည် စစ်ဆေးတာတွေ

-ရင်ဘတ်ဓာတ်မှန်

-ကွန်ပျူတာဓာတ်မှန်

-သလိပ်စစ်တာ

-လေပြွန်ထဲ မှန်ပြောင်းထည့်ပြီး စစ်ဆေးတာတွေ လုပ်ရပါမယ်။

ဒါတွေက လူနာပေါ်မူတည်ပြီး လိုအပ်တာတွေပဲ စစ်ဆေးရမှာ ဖြစ်ပါတယ်။

လေပြွန်များ ပျက်စီးခြင်းကို ဘယ်လိုကုသနိုင်မလဲ။

ကုသနည်းတွေကတော့

  • ပိုးဝင်တာ သက်သာဖို့ ပိုးသတ်ဆေးတွေ ပေးတာ
  • လေပြွန်ကျဉ်းတာ သက်သာဖို့ လေပြွန်ကျယ်ဆေးတွေ ပေးတာ
  • လေပြွန်ရောင်ရမ်းတာ သက်သာဖို့ စတီးရွိုက်တွေ ပေးတာ
  • အမောသက်သာအောင် အောက်ဆီဂျင်ပေးတာ
  • ရောဂါသိပ်မကြီးပေမယ့် ပိုးသတ်ဆေးသက်သက်နဲ့ ကုလို့ မရဘူးဆိုရင် ခွဲစိတ်ပြီး ပျက်စီးနေတဲ့ အပိုင်းကို ဖယ်ရှားတာမျိုး လုပ်လို့ရပါတယ်။

လူနာတွေအနေနဲ့ ဘာတွေ ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာရမလဲ။

လူနာအနေနဲ့

  • ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ငွေ့တွေနဲ့ ဝေးဝေးနေပါ။
  • အာဟာရပြည့်ဝအောင် စားပါ။ အဆီ၊ အငန်လျှော့ပါ။
  • ဗီတာမင် ဒီချို့တဲ့တဲ့အခါ လေပြွန်ပျက်စီးတာပိုဆိုးတတ်တဲ့အတွက် ဆရာဝန်ညွှန်ကြားချက်နဲ့ သွေးစစ်ပြီး လိုအပ်ရင် ဖြည့်တင်းပါ။ ဒါမှမဟုတ် ဗီတာမင်ဒီကြွယ်ဝတဲ့အစားအစာတွေ စားပါ။
  • အချွဲတွေ မပျစ်အောင် ရေများများသောက်ပါ။
  • လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးပါ။
  • ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေ ပုံမှန်သောက်ပါ။

Takeaways

လေပြွန်ပျက်စီးခြင်းဟာ နာတာရှည်ရောဂါဖြစ်တဲ့အတွက် ရေရှည်ကုသရမှာ ဖြစ်ပါတယ်။ ဆရာဝန်ကိုပဲ အားမကိုးဘဲ လူနာအနေနဲ့လည်း ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာရပါမယ်။ ဒါမှ ရောဂါပိုမဆိုးဘဲ ကောင်းကောင်းထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement