backup og meta

ပိုးသတ်ဆေးအကြောင်း သောင်းပြောင်းထွေလာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပိုးသတ်ဆေးအကြောင်း သောင်းပြောင်းထွေလာ

    ပိုးသတ်ဆေးဆိုတာ ဘာလဲ။

    ပဋိဇီဝပိုးသတ်ဆေး (Antibiotics) ဆိုတာ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါတွေကို ကုသတဲ့နေရာမှာ အသုံးပြုတဲ့ ဆေးဝါးဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲမှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေကိုလည်း သေစေသလို ပိုးကောင်ရေ ပြန့်ပွားနှုန်းကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။

    ပိုးသတ်ဆေးမှာ ပုံစံအားဖြင့် ဆေးပြား၊ ဆေးတောင့်၊ ဆေးရည်၊ လိမ်းဆေးခရင်မ်၊ လိမ်းဆေးအဆီဆိုပြီး ပုံစံအမျိုးမျိုးနဲ့ လာတတ်ပြီး ဆရာဝန်ခွင့်ပြုချက်မရဘဲ ကိုယ့်ဘာသာဝယ်လို့ မရနိုင်ပါဘူး။ တချို့သော လိမ်းဆေးတွေကိုတော့ ဆေးဆိုင်တွေမှာ ဝယ်လို့ရနိုင်ပါတယ်။

    ပိုးသတ်ဆေးရဲ့ အလုပ်လုပ်ပုံ

    ပိုးသတ်ဆေးတွေရဲ့ အလုပ်လုပ်ပုံက တစ်ခုနဲ့ တစ်ခု မတူပါဘူး။ တချို့က ဘက်တီးရီးယားပိုးကောင်တွေရဲ့ ပတ်ပတ်လည်မှာ ဖုံးထားတဲ့ နံရံ၊ တည်ဆောက်ပုံတွေကို ဖျက်ဆီးပစ်ပါတယ်။ တချို့က ဘက်တီးရီးယားပိုးတွေ အကောင်ရေ ဆက်မပွားနိုင်အောင် မျိုးပွားစနစ်ကို အနှောင့်အယှက်ပေးပါတယ်။ ဘက်တီးရီးယားပိုးတွေရဲ့ ပရိုတင်းထုတ်လုပ်ခြင်းကို ပိတ်ပင်တဲ့ ပိုးသတ်ဆေး အမျိုးအစားတွေလည်း ရှီပါတယ်။

    ပိုးသတ်ဆေးဟာ စတင်သောက်လိုက်တဲ့အချိန်မှာ အာနိသင်စပြပြီဆိုပေမယ့် ၂ – ၃ ရက်လောက်ထိ သက်သာတဲ့ ခံစားမှုမျိုး ရဦးမှာမဟုတ်ပါဘူး။ အဲဒီနောက်ပိုင်းမှာမှ ကိုယ်ခံစားနေရတဲ့ ဝေဒနာက ဖြည်းဖြည်းချင်းသက်သာပျောက်ကင်းလာမှာ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ကိုယ်ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံချင်း မတူတဲ့အတွက် ဘယ်အချိန်မှာ လုံးဝပျောက်ကင်းသွားမလဲဆိုတာတော့ အတိအကျ ပြောလို့ မရပါဘူး။ များသောအားဖြင့် ပိုးသတ်ဆေးကို ၁ပတ်ကနေ ၂ပတ်လောက်အထိ သောက်ဖို့ လိုအပ်ပြီး အဲဒီနောက်ပိုင်းမှာ ဆရာဝန်နဲ့ ပြန်ပြပြီးတော့ ဆေးရပ်ဖို့ လိုပြီဆိုတော့မှ ရပ်ရမှာ ဖြစ်ပါတယ်။

    ပိုးသတ်ဆေးဟာ ယဉ်ပါးသွားနိုင်လား။

    ဟုတ်ကဲ့ ဆေးယဉ်ပြီး ဆေးမတိုးတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။ ဥပမာ – ရောဂါကို သေသေချာချာ မသိဘဲ ရမ်းတမ်းပြီး သောက်တာ၊ ဆရာဝန်ပေးလိုက်တဲ့ဆေးကို ဆေးအညွှန်းအတိုင်း သေချာမသောက်တာ၊ ဆေးသောက်ဖို့ ရက်တွေ ပျက်ကွက်တာကြောင့် ဆေးမတိုးတော့တဲ့ အခြေအနေမျိုး ကြုံတတ်ပါတယ်။

    ခုနောက်ပိုင်းမှာ ရောဂါပိုးတွေရဲ့ မျိုးဗီဇပြောင်းလဲမှုတွေကြောင့် ယခင်က ဆေးတွေ သိပ်ပြီးအာနိသင်မပြနိုင်တော့တာမျိုးတွေ ကြုံလာရပါတယ်။ ဆရာဝန်အနေနဲ့ လူနာရဲ့ ကျန်းမာရေးအခြေအနေ သက်သာလာခြင်း မရှိဘူးဆိုရင် ဆေးအမျိုးအစား ပြောင်းလဲပေးတာ သို့မဟုတ် အနီးကပ်စောင့်ကြည့်ပြီး ကုသတာမျိုး လုပ်ပေးမှာဖြစ်ပါတယ်။

    ပိုးသတ်ဆေးကို ဘာအတွက် သောက်တာလဲ။

    ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါတွေကို ကုသဖို့အတွက်သာ သောက်ရတာဖြစ်ပြီး ကျန်တဲ့ ရောဂါတွေကို ပျောက်ကင်းစေနိုင်မှာ မဟုတ်ပါဘူး။ ဒီရောဂါတွေထဲမှာ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ နား၊ နှာခေါင်းပိုးဝင်ပြီး ရောဂါဖြစ်တာ၊ လည်ချောင်းနာတာတွေ ပါဝင်ပါတယ်။

    ဗိုင်းရပ်စ်ပိုး၊ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေအတွက်တော့ အသုံးမဝင်ပါဘူး။ ဒါပေမယ့် ဒီပိုးတွေကြောင့် နောက်ဆက်တွဲ ဘက်တီးရီးယားပိုးပါ ဝင်လာခဲ့ရင်တော့ ပိုးသတ်ဆေး လိုလာမှာပါ။

    ပိုးသတ်ဆေးရဲ့ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ။

    ဆေးတိုင်းမှာ အာနိသင်နဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိသလို ပိုးသတ်ဆေးမှာလည်း ထိုနည်းတူပါပဲ။ လူနာရဲ့ ကိုယ်ခံအားစနစ်ပေါ် မူတည်ပြီး ဘေးထွက်ဆိုးကျိုးတွေ ပြောင်းလဲသွားနိုင်ပါတယ်။ ဒီလက္ခဏာတွေထဲမှာ

    ဝမ်းလျှောတာ

    • မူးဝေတာ

    • အော့အန်တာ

    • ကိုယ်လက်ကိုက်ခဲတာ

    • အားမရှိသလိုဖြစ်ပြီး နုံးခွေတာ

    ဓာတ်မတည့်တာ

    • ဗိုက်အောင့်ဗိုက်နာတာ

    • အင်ပျဉ်ထတာမျိုးတွေ ပါဝင်ပါတယ်။

    ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တဲ့အခါ ကိုယ့်သဘောနဲ့ကိုယ် ဆေးရပ်တာမျိုး မလုပ်ဘဲ ကိုယ်ပြနေတဲ့ ဆရာဝန်နဲ့ သေချာစစ်ဆေးပြီး ဆေးပြောင်းသောက်တာ၊ ဆေးပမာဏ လျှော့ပေးတာမျိုး၊ ဘေးထွက်ဆိုးကျိုးတွေကို သက်သာစေမယ့် အိမ်တွင်းကုထုံး ပြုလုပ်ပေးခြင်းဖြင့် သက်သာအောင် လုပ်လို့ ရပါတယ်။

    ပိုးသတ်ဆေး သောက်တဲ့အခါ ဘာတွေသတိထားသင့်လဲ။

    ၁။ ဆရာဝန်ပေးတဲ့ ဆေးအညွှန်းအတိုင်း ဆေးကို နေ့စဉ်မှန်မှန် သောက်ပေးရပါမယ်။

    ၂။ ဆေးသောက်ရန် ပျက်ကွက်တာ၊ မေ့တာမျိုး မဖြစ်ရပါဘူး။ ဆေးပြောင်းဖို့ လိုလာရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ၃။ ပိုးသတ်ဆေးကို ဆရာဝန်မညွှန်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ဝယ်မသောက်ပါနဲ့။

    ၄။ ပိုးသတ်ဆေးတိုင်းဟာ ကိုယ်ဖြစ်နေတဲ့ ရောဂါအတွက် ကုသပေးချင်မှ ကုသပေးနိုင်မှာပါ။

    ၅။ ပိုးသတ်ဆေးနဲ့ အရက်တွဲသောက်တာမျိုး လုံးဝလုပ်လို့ မရပါဘူး။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement