အချစ်ရဆုံးသူတွေနဲ့ တူတူအိုမင်းချင်ကြတယ်ဟုတ်။ ဒီအတွေးလေးက ပီတိဖြစ်စရာကောင်းပေမယ့် အခုထိ ကမ္ဘာပေါ်မှာ အသက်ရှည်ဆေးမရှိသေးတာက စိတ်မကောင်းစရာပါ။ ဒီလိုဆိုတာနဲ့ ခုနက စိတ်ကူးလေးကို လွှင့်ပစ်လိုက်စရာမလိုပါဘူး။ ဘဝနေထိုင်မှုပုံစံအလေ့အထလေးတွေကိုပြောင်းလဲလိုက်မယ်ဆိုရင် အသက်ရှည်ရှည်နေလို့ရပါတယ်နော်။ ဒါက အထောက်အထားမရှိဘဲ ထင်ကြေးနဲ့ပြောနေတာမဟုတ်ပါဘူး။ ၃၄ နှစ်ကြာလုပ်ဆောင်ခဲ့တဲ့လေ့လာမှုအသစ်ရဲ့အထောက်အထားတွေအရ အခုပြောပြမယ့် အလေ့အထလေးတွေက အမှန်တကယ်ကို အသက်ရှည်စေမှာပါ။
အသက်ရှည်ကျန်းမာစေဖို့မွေးမြူသင့်တဲ့ အလေ့အထတွေက
အလွန်အကျွံမစားပါနဲ့ – အသက်ရှည်ရှည်နေချင်ရင် အစားစားတဲ့အခါ နည်းနည်းချင်းစီကိုကြေညက်အောင်ဝါးစားရင် အကြိမ်ရေများများစားပေးပါ။ တစ်ခါတည်းအဝကြီးစားလိုက်တာမျိုးမလုပ်ပါနဲ့။ ဂျပန်လူမျိုးတွေက အစားစားတဲ့အခါ ၈၀ ရာခိုင်နှုန်းလောက် ဗိုက်ပြည့်ပြီလို့ ခံစားရချိန်မှာဆက်မစားကြတော့ပါဘူး။ စားသုံးတဲ့ ကယ်လ်လိုရီပမာဏ နည်းနည်းလေလေ အသက်အရွယ်အိုမင်းမှုနှေးလာလေလေပါ။
အခွံမာသီးတွေစားပေးပါ – အာဟာရတွေပြည့်ဝစွာပါဝင်နေတဲ့ စားစရာတွေပေါ့။ ပရိုတင်း၊ အမျှင်ဓါတ် နဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေပါဝင်နေပါတယ်။ အခွံမာသီးတွေက ဗီတာမင် နဲ့ သတ္တုဓါတ်တွေပါဝင်နေသလိုကော့ပါး၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ဖောလိတ်တို့အပြင် ဗီတာမင် B6 နဲ့ ဗီတာမင် E တို့ပါဝင်နေပါတယ်။ တစ်ပတ်ကို ၃ ကြိမ်အခွံမာသီးစားပေးမယ်ဆိုရင် အရွယ်မတိုင်ခင်သေဆုံးနိုင်ခြေကို ၃၉ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။
အရက်လျှော့သောက်ပါ – အရက်အလွန်အကျွံသောက်တာက အသည်း၊နှလုံးနဲ့ ပန်ကရိယတို့ကို ထိခိုက်စေနိုင်သလို အရွယ်မတိုင်ခင်သေဆုံးနိုင်ခြေကို တိုးစေနိုင်ပါတယ်။ သင့်အနေနဲ့ အရက်ကို တတ်နိုင်သမျှလျှော့သောက်မယ်ဆိုရင် အရွယ်မတိုင်ခင်သေဆုံးနိုင်ခြေကို ၁၇ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်း အထိလျှော့ချပြီးသားဖြစ်မှာပါ။ အရက်အပြင် အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကို အားလုံးကို တတ်နိုင်သမျှလျှော့သောက်ရမှာပါ။
စိတ်ပျော်ရွှင်မှုကို ဦးစားပေးပါ – ကိုယ့်ကိုယ်ကို ပိတ်လှောင်မထားပါနဲ့။ပျော်ပျော်နေပါ။ပျော်ပျော်နေတဲ့သူတွေက အသက်ပိုရှည်ကြပါတယ်။လေ့လာမှုအရပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူတွေက အခြားသူတွေထက် အသက်ရှည်နိုင်ခြေ ၂.၅ ရာခိုင်နှုန်းပိုများကြပါတယ်။
စိတ်ဖိစီးမှုနဲ့ ခပ်ကင်းကင်းနေပါ – စိတ်ဖိစီးမှုက အသက်တိုစေတဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ စိတ်ဖိစီးမှုများတဲ့အခါ နှလုံးရောဂါ၊လေဖြတ်တာနဲ့ အဆုတ်ကင်ဆာတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မေ့လို့ရတာမေ့ပါ။ဘေးချိတ်လို့ရတာကိုဘေးချိတ်ပြီး စိတ်ဖိစီးမှုကို ခပ်ကင်းကင်းနေပေးပါ။
ချစ်ချစ်ခင်ခင်နေပါ – မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ချစ်ချစ်ခင်ခင်နေပေးပါ။ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူတွေက အသက်ပိုရှည်ကြပါသတဲ့။ သူငယ်ချင်းမိတ်ဆွေကောင်းတွေပိုင်ဆိုင်ထားသူတွေဟာ အခြားသူတွေထက် ၅၀ ရာခိုင်နှုန်းလောက် အသက်ပိုရှည်ကြပါတယ်။ ဒါကြောင့် လူမှုဆက်ဆံရေး ကောင်းသူတစ်ယောက်ဖြစ်အောင် ကိုယ့်ကိုယ်ကို ပျိုးထောင်ပါ။
ကောင်းမွန်တဲ့ အိပ်စက်မှုရှိပါစေ -နေ့စဉ် ၅ နာရီကနေ ၇ နာရီအထိအိပ်ပေးပါ။ တကယ်လို့ အိပ်ချိန်က ဒီထက်နည်းနေမယ်ဆိုရင် အရွယ်မတိုင်ခင်သေဆုံးနိုင်ခြေကို ၁၂ ရာခိုင်နှုန်းအထိတိုးစေနိုင်ပါတယ်။ ညစဉ် ၈ နာရီကနေ ၉ နာရီထိအိပ်စက်သူတွေက ဆီးချို၊ အဝလွန်တာနဲ့ နှလုံးရောဂါလိုမျိုး နာတာရှည်ရောဂါတွေဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်သလို အခြားသူတွေထက် ၃၈ ရာခိုင်နှုန်းလောက် အသက်ပိုရှည်စေနိုင်ပါတယ်။
ကဲ ချစ်ရတဲ့သူတွေနဲ့ တူတူအိုမင်းဖို့ ကိုယ်တိုင်မှာရော ချစ်ရသူတွေကိုပါ ဒီအလေ့အထလေးတွေမွေးမြူပေးလိုက်ပါနော်…….
[embed-health-tool-bmi]