ဓာတ်မှန်ပညာ မြစ်ဖျားခံရာ  

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 3 mins read
Share now

၁၈၉၅ ခုနှစ်တွင် ဂျာမနီနိုင်ငံသား Wilhelm Röntgen သည် ရူပဗေဒအသိုင်းအဝိုင်းတွင် လူအများလေးစားခံရသော ဂုဏ်ထူးဆောင်ပါမောက္ခတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ Röntgen သည် သုတေသနနယ်ပယ်တွင် အတွေ့အကြုံများစွာရင့်ကျက်ပြီးလုပ်ရည်ကိုင်ရည်ကောင်းသူဖြစ်‌ကြောင်း ခေတ်ပြိုင်ပညာရှင်များရော လုပ်ဖော်ကိုင်ဖက်များကပါ အသိအမှတ်ပြုပြီးဖြစ်သော်လည်း သူကတော့ လေ့လာမှုများကိုမလျှော့ခဲ့ချေ။ Röntgen တစ်ယောက်ထိုအချိန်က စိတ်ဝင်စားနေသည့် ကိရိယာမှာ Crookes Tube ဆိုသည့် မှန်ပေါင်းချောင် ကိရိယာလေးပင်ဖြစ်သည်။ ရူပဗေဒနယ်ပယ်တွင် ပညာရှင်အတော်များများလေ့လာလျက်ရှိသော ထိုကိရိယာအား ဗြိတိသျှအင်ဂျင်နီယာ William Crookes မှ ၁၈၇၀ တွင် တီထွင်ခဲ့ခြင်းဖြစ် ဖြစ်ပြီး Cathode rays များကိုလေ့လာရန် ရည်စူးပေသည်။ ထိုကိရိယာသည် ၁၉ ရာစုနှောင်းပိုင်းပညာရှင်တို့အတွက် စိတ်ဝင်စားစရာပစ္စည်းတစ်ခုဖြစ်နေသည်။

Crookes Tube သည်အလုံပိတ်ဖန်ပေါင်းချောင်ပုံစံရှိသည့် ကိရိယာတစ်ခုဖြစ်ပြီး အတွင်းတွင် အောက်ဆီဂျင်မရှိချေ၊ ဖန်ပေါင်းချောင်တွင် အပေါင်း၊ အနုတ် electrode အစွန်း ၂ ခုပါဝင်သည်။ ထို အပေါင်း၊ အနုတ် electrodes နှစ်ခုတွင် မြင့်မားသောဗို့အားဖြတ်သန်းစီးဆင်းစေလိုက်သောအခါ ဖန်ပေါင်းချောင်၏ အပေါင်း electrode ဖက်တွင် အစိမ်းရောင်နှင့် အဝါရောင် ရောယှက်လျက်ရှိသော ထူးထူးဆန်းဆန်း အလင်းရောင်များ ပေါ်လာသည်ကို မြင်တွေ့ရသည်။

လျှပ်စစ်ဓာတ်ပေးလိုက်ရုံဖြင့် ဖန်ပေါင်းချောင်ထဲတွင် ထူးထူးဆန်းဆန်းအလင်းရောင်များထွက်ပေါ်လာခြင်း၏ အကြောင်းရင်းအား သိပ္ပံပညာရှင်များ အဖြေရှာမရခဲ့ချေ။ အချို့ကလည်း ဒါကို ectoplasm လို့ထင်ကြသည် (လူသားတို့ ခန္ဓာကိုယ်ကို ဆဲလ်များဖြင့်ဖွဲ့စည်းထားသလို သရဲတစ္ဆေများသည်လည်း ectoplasm ဟုခေါ်သောအရာဖြင့်ဖွဲ့စည်းထားသည်ဟု ထိုခေတ်ကယုံကြည်ခဲ့ကြသည်)။ အချို့ကလည်း ဤ အလင်းရောင်သည် အီသာ (Ether) အမည်ရ စကြဝဠာထဲရှိကြယ်စဉ်များကြားတွင်ရှိသော ဓာတ်တမျိုးကွန့်မြူးလာခြင်းဖြစ်သည်ဟု ဆိုကြပြန်သည်။

ပညာရှင်များတစ်ယောက်တစ်မျိုးထင်မြင်ပြောဆိုနေဆဲအချိန်မှာပင် Röntgen တစ်ယောက်လည်း ၎င်း၏ဓာတ်ခွဲခန်းထဲတွင် Crookes Tube ကိုလေ့လာလျက်ရှိသည်။  တစ်ရက်တွင်တော့ထူးခြားသောအဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့သည်။ ဗို့အားဖြတ်သန်းစီးဆင်းနေသော Crookes Tube နားတွင်အလုပ်လုပ်နေသော Röntgen သည် ထိုအခန်းထဲရှိ မီးစုန်းဓာတ် (phosphorus) သုတ်လိမ်းထားသည့်ဘုတ်ပြားပေါ်တွင် ထူးခြားမှုတစ်ခုကို အမှတ်မထင်တွေ့ရှိလိုက်သည်။ မီးစုန်းဓာတ် (phosphorus) သုတ်ထားသည့် ဘုတ်ပြားသည် ထူးထူးဆန်းဆန်းတောက်ပလျက်ရှိနေသည်။ ပထမတော့ Crookes Tube မှအလင်း  ရောင်ပြန်ဟပ်သည် ထင်သဖြင့် Tube ကို ကတ်ထူပြားနှင့် အုပ်လိုက်သော်လည်း ဘုတ်ပြားမှာ ထူးခြားစွာပင်အလင်းရောင် ဆက်လက် တောက်ပလျက်ရှိနေပြန်သည်။

လေ့လာစူးစမ်းသူအများစုကတော့ ထိုဖြစ်စဉ်ကို Crookes Tube အတွင်းမှထွက်သည့် cathode rays များကြောင့်ဟု ယူဆမည်ဖြစ်သော်လည်း Röntgen စိတ်ထဲမှာတော့ တစ်နည်းတစ်ဖုံယူဆမိသည်၊  Crookes Tube နှင့်ပတ်သတ်ပြီးသူတို့ မသိသေးသောအချက်များ အများအပြား ရှိသေးရာ cathode rays အပြင် အခြားသော ရောင်ခြည်တစ်မျိုးမျိုးထုတ်လွှတ်ခြင်းပေလော။

Crookes Tube မှထုတ်လွှတ်သော ရောင်ခြည်နောက်တစ်မျိုးသည် ဖန်ပေါင်းချောင်အပြင်သို့ cathode rays ထက်ပို၍ ဝေးဝေးသွားနိုင်သည်ကိုလည်း Röntgen ရှာဖွေတွေ့ရှိခဲ့သည်။ ထိုကဲ့သို့အမျိုးအမည်မသိသော ရောင်ခြည်ကို Röntgen တစ်ယောက် X-rays (ဓာတ်မှန်လှိုင်း) ဟူ၍ နာမည်ပေးထားလိုက်သည်။ ထိုအချိန်မှစ၍ သူ၏ဓာတ်ခွဲခန်းထဲတွင် အသစ်ရှာဖွေတွေ့ရှိလိုက်သော X-rays အကြောင်းကိုပိုမိုသိရှိရန် အပြင်းအထန်လေ့လာတော့သည်။ X-rays ထုတ်လွှတ်ရာလမ်းကြောင်းတွင် အရာဝတ္ထုအမျိုးမျိုးကြားခံ၍ စမ်းသပ်သည်။ Röntgen ပို၍ အံ့သြရသည်က X-ray ရောင်ခြည်များသည် ၎င်းတို့သွားရာလမ်းကြောင်းရှိ မည်သည့်အရာကိုမဆိုဖြတ်သန်းသွားနိုင်ကြောင်းတွေ့ခဲ့ရသည်။ စာမျက်နှာထောင်ချီရှိသည့်စာအုပ်ထူကြီးများ၊ ခဲပြားများ၊ သစ်သားဘုတ်ပြားများ၊ ရော်ဘာပြားများ စသည်ဖြင့် အရာဝတ္ထုမျိုးစုံကို ရောင်ခြည်ထွက်ရာလမ်းကြောင်းတွင် ကြားခံထားကြည့်သော်လည်း မည်သည့်အရာကမှ ရောင်ခြည်ကိုတားဆီးနိုင်စွမ်းမရှိချေ။ စိတ်ဝင်စားစရာ တွေ့ရှိမှုတစ်ခုမှာ ရောင်ခြည်နှင့် ဘုတ်ပြားကြားတွင် မိမိ၏လက်ကိုအချိန်ခဏကြာထောင်ထားလိုက်သောအခါ လက်အတွင်းရှိအရိုးတည်ဆောက်ပုံများပါ ဘုတ်ပြားပေါ်တွင် ထင်ဟပ်လာသည်ကို မြင်တွေ့ရသည်။ (ထိုသို့လက်ကိုပထမဆုံး ဓာတ်မှန်အရိုက်ခံသူမှာ Röntgen ၏ဇနီးဖြစ်သူ အန်နာ ဖြစ်သည်)။ ထိုရှာတွေ့မှုသည် Röntgen ကိုအိုင်ဒီယာအသစ်ရရှိသွားစေသည်၊ ၎င်း၏ ရှာဖွေတွေ့ရှိမှုသည် လူ့ ခန္ဓာကိုယ်နှင့်ပတ်သတ်၍ လေ့လာရာတွင် ‌အသုံးပြု၍ ရနိုင်မည်ဟု Röntgen ယူဆခဲ့သည်။

Röntgen သည် သူအသစ်ရှာဖွေတွေ့ရှိခဲ့သော ဓာတ်မှန်လှိုင်းများနှင့် ပတ်သက်၍ လေ့လာမှုအသစ်များလုပ်ခြင်း၊ စာတမ်းပြုစုခြင်းများဆက်လက်လုပ်ဆောင်ခဲ့ပြီး ၁၈၉၅ ခုနှစ်ဒီဇင်ဘာလတွင် ၎င်း၏ “ရောင်ခြည်လှိုင်းအသစ်များ” ဟုအမည်ပေးထားသော စာတမ်းကို ထုတ်ဝေလိုက်တော့သည်။ ထိုစာတမ်းအသစ်ကြောင့် Röntgen လည်း တစ်ကမ္ဘာလုံးတွင် လျှမ်းလျှမ်းတောက် ကျော်ကြားသွားခဲ့ပြီး Röntgen ၏စမ်းသပ်မှုများကို ထပ်ဆင့်မွမ်းမံသော တီထွင်ကြံဆမှုများလည်း ပေါ်ပေါက်လာခဲ့သည်။ Röntgen ၏စွမ်းစွမ်းတမံလေ့လာမှုများကြောင့် လအနည်းငယ်အကြာတွင် ကိုင်ဇာဘုရင်မှချီးမြှင့်သော ဂုဏ်ထူးဆောင်ဆုတံဆိပ်လက်ခံရရှိခဲ့ပြီး ပထမဆုံးသော ရူပဗေဒပညာရပ်ဆိုင်ရာ နိုဘဲလ်ဆုကို ၁၉၀၁ ခုနှစ်တွင် ရရှိခဲ့၏။ ထို့ကြောင့်လည်း ၎င်းရှာတွေ့ခဲ့သော X-rays များကို Röntgen rays ဟု အချို့နေရာများတွင် သုံးစွဲနေဆဲဖြစ်၏။

ဆေးပညာတွင်ရောဂါရှာဖွေရေးအပိုင်းများ၊ ကုသပိုင်းများတွင် X-rays အသုံးပြုမှုသည် များစွာအထောက်အကူပြုသော်လည်း X-rays ရောင်ခြည်များ၏ ဘေးထွက်ဆိုးကျိုးများကို များမကြာမီမှာပင် သိရှိခဲ့ကြသည်။ X-rays ရောင်ခြည်ကို စတင်တွေ့ရှိချိန်တွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့ကြသော်လည်း လိုအပ်သော အကာအကွယ်များပြုလုပ်ဝတ်ဆင်ရန် မသိရှိခဲ့ကြပေ။ ထို့ကြောင့် ၁၈၉၇ ခုနှစ်လောက်မှာပင် X-rays ကြောင့် အရေပြားလောင်ကျွမ်းသူများ၊ ဆံပင်ကျွတ်သူများ၊ ကင်ဆာရောဂါဖြစ်ပွားသူများအပြင် ထိုဝေဒနာများဆက်စပ်ခံစားရ၍ အသက်သေဆုံးသူများပါ စတင်တွေ့ရှိလာတော့သည်။ ထို့ကြောင့် နောက်ပိုင်းတွင် X-rays အသုံးပြုသူများ၊ ရိုက်ကူးသူများအတွက် လုံလောက်သောအကာအကွယ်များပါ တီထွင်ထုတ်လုပ်လာရတော့သည်။

မည်သို့ပင်ဆိုစေကာမူ Röntgen ရှာဖွေတွေ့ရှိခဲ့သော ဓာတ်မှန်လှိုင်းများသည် ယနေ့ခေတ်ဆေးပညာရောဂါရှာဖွေခြင်း၊ ကုသခြင်းများတွင် များစွာအထောက်အကူပြုနေသည်မှာ လူတိုင်းအသိပင်ဖြစ်သည်။ သို့သော်လည်း မည်သည့်နည်းပညာမဆို ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲနေတတ်သည့်အတွက် အသိစိတ်နှင့်ယှဉ်ပြီး အသုံးပြုရမည်သာဖြစ်သည်။ ထို့ကြောင့်လည်း နှစ်စဉ် နိုဝင်ဘာလ ၈ ရက်နေ့ကို ဓာတ်မှန်ရောင်ခြည်များရှာဖွေတွေ့ရှိခဲ့သော Röntgen အား ဂုဏ်ပြုသောအနေဖြင့်လည်းကောင်း၊ ဓာတ်မှန်ရိုက်ခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများကို သိရှိစေရန်လည်းကောင်း ကမ္ဘာ့ဓာတ်မှန်ပညာနေ့အဖြစ် ၂၀၀၇ ခုနှစ်မှစတင်သတ်မှတ်ကျင်းပခဲ့ခြင်းပင် ဖြစ်ပါသည်။

ရေးသားသူ – Dr. Htoo Tint Ko Ko

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ: