backup og meta

မျက်လုံးလေးကို ကြင်နာပါ


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တိုးတက်လာတဲ့ခေတ်မှာ စာရေးရင်တောင် လက်ပ်တော့နဲ့ဖြစ်နေပြီ ကားစီးရင်း အချိန်ကြာရင်တောင် တစ်ယောက်နဲ့တစ်ယောက် စကားပြောမယ့်အစား ဖုန်းလေးပွတ်နေမိတယ်ဟုတ်။ ဒီလိုအပြုအမူတွေ အလေ့အထတွေကြောင့် ခန္ဓါကိုယ်မှာ အထိခိုက်ဆုံးအစိတ်အပိုင်းတစ်ခုရှိပါတယ်။ ဒါကတော့ ဘာလုပ်လုပ်မပါမဖြစ်ပါနေရတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မျက်လုံးပါ။

    ပြောင်းလဲလာတဲ့နေ့စဉ်ဘဝနေထိုင်မှုပုံစံ

    အရင်ခေတ်က စာရေးရင် ကျောက်သင်ပုန်းနဲ့ကျောက်တံသုံးပြီးရေးတယ်။ နောက်တော့ စာရွက်နဲ့ဘောပင်၊ မင်တံသုံးရေးတယ်၊ရှေးရှေးတုန်းကတော့ကျောက်စာထွင်းတယ်၊ မင်စာရေးတယ်၊ ပေ၊ပုရပိုက်စာရေးတယ်။နောက်ပိုင်းကျ လက်နှိပ်စက်သုံးပြီးစာရေးတယ်။ အခုတော့ ကွန်ပျူတာသုံးပြီးရေးတယ်။ ဒီတော့ မျက်လုံးက လိုတာထက်ပိုအာရုံစိုက်ရပြီလေ။နောက်တစ်ခုရှိသေးတယ်။ တိုးတက်လာတာနဲ့အမျှ ဖုန်းတွေကို တစ်ချိန်လုံးသုံးနေတာကလည်း မျက်လုံးကို ထိခိုက်စေနိုင်တာပါပဲ။ မျက်လုံးက ဘဝတလျှောက်လုံးမှာကောင်းစွာရှင်သန်နိုင်ဖို့လိုအပ်ပါတယ်။ပြောင်းလဲမှုကြောင့် မျက်လုံးကို ထိခိုက်မှုတွေမဖြစ်အောင် ဂရုစိုက်ပေးဖို့လိုမယ်ဆိုတာပြောနေစရာတောင် မလိုအောင်ပါပဲ။

    မျက်လုံးလေးတွေကို ကြင်နာပါ

    မျက်လုံးလေးကို ကိုယ့်ရဲ့နေ့စဉ်အပြုအမူကြောင့် ထိခိုက်မှုမဖြစ်စေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးပါ။

    ကွန်ပျူတာကို အချိန်အကန့်အသတ်နဲ့သုံးပါ

    အလုပ်ခွင်ထဲမှာ တစ်ချိန်လုံး ကွန်ပျူတာသုံးရတယ်ဆိုရင်ပြန်လာတဲ့အချိန်လေးတော့ မျက်လုံးကို အနားပေးဖို့ မမေ့ပါနဲ့။ ညအိပ်ခါနီးအထိ ကွန်ပျူတာသုံးပြီး အလုပ်လုပ်တာ၊ ရုပ်ရှင်ကြည့်တာမျိုးကို ဆင်ခြင်ပါ။

    ဖုန်းသုံးတာလျှော့ပါ

    ဖေ့ဘုတ်ခ်လည်းသုံး၊ ဂိမ်းလည်းဆော့ဆိုမှတော့ မျက်လုံးက ဝန်ပိုထမ်းနေရတာသေချာနေပြီပေါ့။ ဒီတော့ မျက်လုံးကထိခိုက်တော့မယ်ဆိုတာ အသေအချာပေါ့။ ဒါကြောင့် ဖုန်းတစ်ချိန်လုံးကြည့်မနေပါနဲ့။

    ရှုခင်းတွေကို ကြည့်ပေးပါ

    စိမ်းစိုနေတဲ့အရာတွေကို ကြည့်ပြီး မျက်လုံးကို အနားပေးပါ။ သဘာဝပတ်ဝန်းကျင်ရှုခင်းတွေက မျက်လုံးကို အနားရစေနိုင်ပါတယ်။ အလုပ်စားပွဲကနေ ခပ်ဝေးဝေးမှာရှိတဲ့ အရာတွေကိုလှမ်းကြည့်တာကလည်း မျက်လုံးကို အနားပေးရာရောက်ပါတယ်။

    မကြာခဏ မျက်တောင်ခတ်ပေးပါ

    မကြာခဏမျက်တောင်ခတ်ပေးတာက မျက်လုံးကို သက်သာရာရစေနိုင်ပါတယ်။ ဒါကြောင့် သတိလေးထားပြီး မျက်တောင်ခတ်ပေးပါ။

    မျက်လုံးကို အနားပေးဖို့ လိုအပ်နေပြီလား

    ကွန်ပျူတာ သုံးရင်းဖြစ်ဖြစ်၊ ဖုန်းသုံးရင်းဖြစ်ဖြစ် မျက်လုံးက အခုလို လက္ခဏာတွေပြလာပြီဆိုရင် မျက်လုံးက အနားပေးဖို့ လိုအပ်နေပြီဆိုတာကို အချက်ပြနေတာပါ။

    • မျက်လုံးတွေညောင်းလာတယ်
    • အမြင်တွေဝေဝါးလာတယ်
    • အဝေးကအရာတွေကို သဲသဲကွဲကွဲမမြင်ရတော့ဘူး
    • မျက်လုံးခြောက်လာတယ်
    • ခေါင်းကိုက်လာတယ်
    • ဇက်ကြောတွေတောင့်လာတယ်
    • နောက်ကျောတွေတောင့်တင်းလာတယ်
    • ပခုံးကြောတွေနာလာတယ် ဆိုရင် မျက်လုံးကို အနားပေးဖို့ လိုအပ်နေပါပြီ။

    မျက်လုံးအတွက် ဓါတ်စာ

    မျက်လုံးကျန်းမာစေဖို့ အစားအသောက်ကလည်း တစ်ထောင့်တစ်နေရာက ပါဝင်နေပါတယ်။

    • ငါး (တူနာ၊ဆယ်လ်မွန်၊မက်ကာရယ်၊ ဆာဒင်းစတဲ့ပင်လယ်ငါး)
    • အခွံမာသီးတွေ (သစ်ကြားသီး၊ သီဟိုဠ်စေ့၊မြေပဲ)
    • အစေ့အဆန်တွေ ( ပင်ပွားစေ့၊ နှမ်းကြတ်စေ့)
    • အချဉ်သီးတွေ (ဗီတာမင် စီကြွယ်ဝတဲ့ သံပုရာသီး၊ လိမ္မော်သီး၊ရှောက်ချိုသီး)
    • အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ (ကိုက်လန်၊ ဟင်းနုနွယ်စတဲ့ အစိမ်းရောင်ရှိတဲ့အရွက်တွေ)
    • မုန်လာဥနီ
    • ကန်စွန်းဥ
    • အမဲသား
    • ဥအမျိုးမျိုး
    • ရေ တို့ကိုမျှတအောင်စားသုံးပေးလို့ မျက်လုံးလေးကို ကြင်ကြင်နာနာနဲ့စောင့်ရှောက်ပေးပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement