backup og meta

လေဆာမီးနှင့် မျက်စိအန္တရာယ်

လေဆာမီးဆိုတာ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ အသုံးအဆောင်ပစ္စည်းတွေမှာပါတတ်ပါတယ်။ အစည်းအဝေးတွေမှာ presentation လုပ်ရင်သုံးတဲ့ လေဆာ pointer တွေ၊ ကလေးတွေဆော့ကစားတဲ့ သေနတ်တွေမှာ ပါတတ်ပါတယ်။ ငယ်ငယ်က ကလေးအချင်းချင်း သည်လိုသေနတ်တွေနဲ့ ဆော့တဲ့အခါမှာ မျက်စိကိုမထိုးနဲ့၊ မျက်စိပျက်လိမ့်မယ်လို့ အော်ခံထိဖူးကြမှာပါ။

လေဆာရောင်ခြည် LASER ဆိုတာရဲ့အရှည်က Light Amplification Stimulated Emission of Radiation ဖြစ်ပါတယ်။ အလွယ်ဆုံးရှင်းပြရရင်တော့ လေဆာဆိုတာက ရိုးရိုးသာမန်အလင်းရောင်ထက် အဆပေါင်းများစွာ ပြင်းအားကြီးအောင် ဖန်တီးယူထားတဲ့ အလင်းရောင်တစ်မျိုးပါပဲ။ ရိုးရိုးအလင်းရောင်နဲ့ လေဆာရောင်ခြည်က ဘယ်လိုကွာသလဲ ဆိုတော့ ရိုးရိုးအလင်းရောင်မှာက အရောင်ပေါင်းစုံပါပြီး အဖက်ဖက်ကို ဖြာထွက်ပါတယ်။ လေဆာရောင်ခြည်ကတော့ အရောင်တစ်ရောင်တည်းပါပြီး တစ်နေရာတည်းကို စူးစိုက်ထိုးရင် ဖြာထွက်ခြင်းလုံးဝမရှိပါဘူး။ ဒါကြောင့် ရိုးရိုးအလင်းရောင်ထက် အဆပေါင်းများစွာ ပြင်းအားပိုကြီးတာပါ။

လေဆာမီးတွေကို သူတို့ရဲ့ လူကိုထိခိုက်နိုင်စွမ်းပေါ် မူတည်ပြီး အမျိုးအစားခွဲထားပါတယ်။

  • Class 1 လေဆာက မျက်စိကိုထိခိုက်နိုင်တဲ့ ပြင်းအားထက် လျော့နည်းပါတယ်။ မျက်စိနဲ့ကြည့်ရင်တောင် မြင်ချင်မှ မြင်ရတတ်တာမျိုးပါ။
  • Class 2 လေဆာကတော့ မြင်ရနိုင်ပြီးတော့ အများဆုံး ပြင်းအားပါဝါ ၁ မီလီဝပ် အထိ ရှိတတ်ပါတယ်။ အဲ့ဒီလေဆာအမျိုးအစားကတော့ မျက်စိနဲ့တိုက်ရိုက်ကြည့်မိပြီဆိုရင် လူရဲ့ involuntary response က ကာကွယ်ပေးထားပါတယ်။ ချက်ချင်း မျက်တောင်ခတ်မိပြီး အလိုအလျောက် မျက်နှာလွှဲမိမှာပါ။ ဒါကြောင့် သည်လေဆာကလဲ မျက်စိကိုထိခိုက်နိုင်စွမ်း တော်တော်နည်းပါတယ်။
  • Class 3A လေဆာမှာ ပြင်းအားပါဝါ ၅ မီလီဝပ်အထိရှိပါတယ်။ သည်ပြင်းအားပါဝါကလည်း မျက်စိနဲ့တိုက်ရိုက်ကြည့်မိရင် မျက်စိကိုဖြတ်သန်းသွားတဲ့အခါ ၁ မီလီဝပ်အထိပဲ ကျန်နိုင်ပါတော့တယ်။ ဒါကြောင့် သည်လေဆာကလည်း မျက်စိကိုထိခိုက်နိုင်စွမ်းက Class 2 လေဆာလောက်ပဲရှိတာပါ။ ဒါပေမယ့်တစ်ခု သတိပြုရမှာကတော့ သည်လေဆာက အဝေးကြည့်မှန်ဘီလူးတို့၊ ပါဝါများတဲ့ မျက်မှန်တို့ကို ဖြတ်ပြီးလာမယ်ဆိုရင်တော့ အန္တရာယ်ရှိလာပါပြီ။ ဒါကြောင့် သည်အမျိုးအစားက သာမန်အသုံးပြုသူတွေအတွက် မသင့်တော်တော့ပါဘူး။
  • Class 3B လေဆာကတော့ အမြင့်ဆုံးပြင်းအား ၅၀၀ မီလီဝပ်အထိ ရှိလာပါပြီ။ မျက်စိကိုလည်း ထိခိုက်လာနိုင်ပါပြီ။ လေဆာအလင်းတန်းနဲ့မျက်စိနဲ့ ထိတွေ့တဲ့အချိန် ကြာရင်ကြာသလို မျက်စိမှာ ပြင်းပြင်းထန်ထန်ထိခိုက်လာမှာပါ။ သည်လေဆာမှာ အရေပြားနဲ့ထိတွေ့ရင်တော့ ထိခိုက်မှုမဖြစ်နိုင်သေးပါဘူး။
  • Class 4 လေဆာကတော့ ပြင်းအားပါဝါ ၅၀၀ မီလီဝပ်ရဲ့အထက် ရှိပါတယ်။ မျက်စိနဲ့ အရေပြားကို ကောင်းကောင်းထိခိုက်စေနိုင်ပါတယ်။ ပါဝါများရင်များသလို မီးထလောင်တဲ့အထိကို ဖြစ်နိုင်ပါတယ်။

ကဲသည်တော့ လက်ရှိအသုံးပြုနေကြတဲ့ လေဆာ pointer လေးတွေက ဘယ်အဆင့်မှာလဲ။ များသောအားဖြင့်တော့ ၁ မီလီဝပ်ကနေ ၃ မီလီဝပ်အတွင်းမှာ ရှိတတ်ကြပါတယ်။ ကိုယ်တိုင်စစ်ဆေးကြည့်လို့လည်း ရနိုင်ပါတယ်။ လေဆာ pointer ရဲ့ လက်ကိုင်မှာပဲဖြစ်ဖြစ်၊ ဝယ်လိုက်တဲ့ဘူးမှာပဲဖြစ်ဖြစ်၊ အသုံးပြုလမ်းညွှန်စာရွက်မှာပဲဖြစ်ဖြစ် မီလီဝပ်နဲ့ Class ခွဲရေးထားတာတွေ ပါတတ်ပါတယ်။

အကယ်၍ မျက်စိကို လေဆာမီးနဲ့ မတော်တဆ အထိုးခံရရင် ဘာလုပ်ကြမလဲ။

  • အရမ်းကြီး ကြောက်မသွားပါနဲ့။
  • မျက်စိကိုထိုးလိုက်တဲ့အခါ ရုတ်တရက်ဘာမှမမြင်ရတာမျိုး၊ ပုံရိပ်ယောင် ခဏလေးကျန်ခဲ့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ မျက်စိနဲ့ အလင်းစူးစူး ထိတွေ့တဲ့အခါ ပုံမှန်ကြုံတွေ့ရတတ်တဲ့ တုံ့ပြန်မှုမျိုးပဲ ဖြစ်ပါတယ်။ သည်လိုမျက်စိစူးပြီး ပုံရိပ်ယောင်ကျန်ခဲ့တာမျိုးက ၁၀ မိနစ်လောက်အထိ ကျန်နေတတ်ပါတယ်။
  • အဲ့သည်ထက်ပိုကြာနေမယ်။ မျက်စိမှာလည်း အရမ်းပူနေမယ်ဆိုရင်တော့ မျက်စိဆရာဝန်နဲ့ သွားပြကြည့်ဖို့လိုနေပါပြီ။

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့

  • မိမိအသုံးပြုနေတဲ့ လေဆာ pointer ရဲ့အမျိုးအစားနဲ့ ပြင်းအားကို ကိုယ်တိုင်သိအောင်လုပ်ထားကြပါ။
  • ဘယ်လောက်ပဲ ပြင်းအားနည်းတဲ့ လေဆာအမျိုးအစားဖြစ်နေပါစေ၊ တခြားသူတွေရဲ့ မျက်စိထဲကို မထိုးပါနဲ့။
  • လေဆာရောင်ခြည်ကို မှန်ပြောင်းလိုအရာမျိုးနဲ့ မကြည့်မိပါစေနဲ့။
  • အချို့သောနိုင်ငံတွေမှာ လေဆာ Class 1 နဲ့ 2 ကိုသာ အသုံးပြုခွင့်ပေးထားပါတယ်။

အားလုံး လေဆာမီးအန္တရာယ်မှ ကင်းဝေးကြပါစေ။

ရေးသားသူ – Dr. Khaing Win

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

28/01/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်လုံးပါဝါကို လေဆာဖြင့် ဖျောက်ပြီးပါက ဂရုစိုက်နေထိုင်နည်းများ

မျက်စိပါဝါကို လေဆာပစ်ပြီးဖျောက်ရာဝယ် (About LASIK treatment)


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/01/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement