ခဏခဏ အာသီးရောင်လည်ချောင်းနာ၊ အာသီးကြီးနေလို့ဆိုပြီး အာသီးဖြတ်ထုတ်လိုက်ရတဲ့သူတွေရှိမှာပါ။ အာသီးဆိုတာ လည်ချောင်းထဲကို ဝင်လာတဲ့ရောဂါပိုးတွေကို ဖမ်းပေးတဲ့အရာဖြစ်ပေမယ့် သူက ကျန်းမာရေးကို မကြာခဏ ဒုက္ခပေးနေတဲ့အခါ ကုသမှု အနေနဲ့ အာသီးဖြတ်ထုတ်လိုက်ရတာမျိုးတွေရှိတတ်ပါတယ်။ ခုပြောပြပေးမှာက အာသီးဖြတ်ထုတ်ပြီးနောက်ပိုင်းသိသင့်တဲ့ ကျန်းမာရေးတွေ၊ လိုက်နာရမယ့် ပုံစံတွေ အကြောင်းပဲ ဖြစ်ပါတယ်။
အာသီးဖြတ်ပြီးနောက်ပိုင်း ဘာတွေဆက်လုပ်ရမလဲ။
အာသီးဖြတ်ြပီးနောက်ပိုင်း ဆရာဝန်က သင့်ကို ပေးတဲ့ဆေးတွေထဲမှာ
- အနာသက်သာဆေး – အနာသက်သာဆေးကို အစားမစားခင်တည်းက ကြိုသောက်ထားပါ။ ဒါမှ အစားစားတဲ့အချိန်ကျ နာကျင်မှုဝေဒနာသက်သာအောင်လို့ပါ။ ပြီးမှ အစားစားပါ။ အနာသက်သာဆေးတွေထဲကမှ aspirinကို ရှောင်ပါ။ aspirinဟာ အကိုက်အခဲသက်သာစေတယ်ဆိုပေမယ့် သွေးထွက်လွန်တဲ့ဘေးထွက်ဆိုးကျိုးရှိတတ်တာကြောင့် ခွဲထားတဲ့ အရာကနေ သွေးပြန်ထွက်တတ်ပါတယ်။
- ပဋိဇီဝပိုးသတ်ဆေး – အစားစားတဲ့လမ်းကြောင်းဆိုတာ ပြင်ပကပိုးတွေ အများဆုံးဝင်နိုင်တာဖြစ်လို့ အနာပိုးမဝင်အောင် ပိုးသတ်ဆေးတွေ သောက်ခိုင်းတာ ဖြစ်ပါတယ်။
အာသီးဖြတ်ပြီးနောက်ပိုင်း သေးွထွက်ခြင်း။
အာသီးဖြတ်တယ်ဆိုတာ ခွဲစိတ်မှုတစ်ခု လုပ်ရတာဖြစ်တဲ့အတွက် ခွဲပြီး ၁ပတ် ၁၀ ရက်လောက်မှာတော့ခွဲထားတဲ့နေရာက သွေးထွက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အများဆုံး ၃ ပတ်လောက်အထိ သွေးဆက်ထွက်နေတတ်ပါတယ်။ သွေးတိတ်တာကို သက်သာစေချင်ရင်တော့
- သွေးနည်းနည်းပဲထွက်ရင် – ရေခဲေရသောက်လိုက်ပါ။ ခဏလောက် ထိုင်ပြီးအနားယူလိုက်ပါ။
- သွေးထွက်တာများတယ် ၊တော်တော်နဲ့လည်း ပြန်မတိတ်တော့ဘူးဆို – ဆေးခန်းပြန်သွားပြပါ။
သွေးအများကြီး စိမ့်ထွက်တာကို ကာကွယ်ချင်ရင်တော့
- အာသီးဖြတ်ခွဲစိတ်ပြီးနောက် ဆေးလိပ်သောက်တဲ့သူဆို ေဆးလိပ်ဖြတ်ပါ။ ဆေးလိပ်မသောက်တဲ့သူဆိုရင် ဆေးလိပ်သောက်တဲ့သူကိုရှောင်ပါ။
- ပုဝါထဲ ရေခဲတုံတွေထည့်ပြီးလည်ပင်းမှာ ကပ်ပေးပါ။
- ပူစပ်တဲ့ အစားအစာတွေကို ရှောင်ပါ။
- ပလုတ်ကျင်းဆေးရည်တွေ၊ အပူပြင်းတဲ့ သွားတိုက်ဆေးတွေကို ရှောင်ပါ။
- ခွဲစိတ်ပြီးခါစ ရက်ပိုင်းတွေမှာ ချောင်းဆိုးချင်တာ၊နှာချေချင်တာ နဲ့ နှပ်ညှစ်ချင်တာတွေကိ ု အတတ်နိုင်ဆုံးထိန်းပါ။
စားသောက်မှုပုံစံ ။ ။
- ရေများများသောက်ြဖစ်ဖို့က အရေးအကြီးဆုံးပါ။ လည်ချောင်းထဲက ပိုးတွေ ရှင်းပြီးသားဖြစ်သလို သွေးထွက်တာကနေ ဆုံးရှုံးသွားတဲ့ရေဓါတ်ကိုလည်း ပြန်ဖြည့်ပေးရာ ရောက်ပါတယ်။
- ခွဲပြီးပြီးချင်း ရက်အနည်းငယ်လောက် စွတ်ပြုတ်၊ ဆန်ပြုတ်လိုမျိုး အစာပျော့ပျော့တွေပဲ စားပေးပါ။
- ချဉ်တဲ့၊ အက်ဆစ်ဓါတ်ပြင်းတဲ့ အစားအစာတွေကို ရှောင်ပါ။
- အေးတဲ့အစားအစာ၊ ရေအေးတွေက ခွဲထားလို့ နာတဲ့အနာကို သက်သာစေမှာပါ။
- နို့နဲ့ နို့ထွက်ပစ္စည်းတွေ အခြားချွဲကြပ် စေတဲ့ အစားအစာတွေကိုရှောင်ပါ။
ကိုယ့်ဘာသာ ဂရုစိုက်သင့်တာတွေကတော့
- လည်ချောင်းခြောက်ထဲပြဿနာကို ဖြေရှင်းဖို့ ရေငွေ့ပေးစက် အခန်းထဲမှာ ဖွင့်ထားပါ။
- ခွဲစိတ်ပြီး အာသီဖြတ်ပြီး ၁ပတ် ၁၀ ရက် လောက်အထိ လှုပ်ရှားမှု တွေ အများကြီးမလုပ်သေးဘဲအနားယူပါ။
- တုပ်ကွေးမိ နေတဲ့သူတွေ၊ လည်ချောင်းနာနေတဲ့သူတွေနဲ့ နီးနီးကပ်ကပ်မနေပါနဲ့။
- ဘယ်အချိန် ကားပြန်မောင်းလို့ရမှာလဲ၊ အလုပ်ပြန်လုပ်လို့ရမှာလဲ စတာတွေက ကိုယ့်ကိုခွဲပေးတဲ့ ဆရာဝန်ကို တစ်ခါတည်း မေးကြည့်သင့်တဲ့ အရာတွေပါ။
- ဆရာဝန် ပြောထားတဲ့ရက်ချိန်းအတိုင်း မပျက်ကွက်ဘဲသွားပြဖို့ ၊ကြားထဲ ကိုယ်ခံစားနေရတဲ့ ဝေဒနာတွေချရေးထားဖို့၊ သောက်နေတဲ့ဆေးတွေ ရက်ချိန်းပြန်ပြရင် ယူသွားပြဖို့ကလည်း မမေ့သင့်တဲ့ အချက်တွေပါ။
ဘယ်လိုအခါမျိုးဆို ဆရာဝန်ဆီ ပြန်ပြသင့်လဲ။
အာသီးဖြတ်ခွဲစိတ်မှုလုပ်ပြီး
- လည်ချောင်းနာတာ ပိုဆိုးလာမယ်၊ နားတွေလည်း ကိုက်နေမယ်
- ကိုယ်ပူပြီးအဖျားတက်နေမယ်
- လည်ပင်းနဲ့ မျက်နှာတွေလည် ရောင်ပြီးနီနေမယ်
- လည်ပင်းကြီးကတောင့်နေမယ်
- လည်ချောင်းက မခံမရပ်နိုင်အောင်နာနေပြီး သွားရည်တွေလည်းကျနေကာ အသံတွေလည်း ပြောင်းနေမယ်
- အသက်ရှူရခက်ပြီး အစားမျိုချရတာလည်းခက်နေမယ်
- ထင်ထားထက်ပိုပြီး သွေးတွေ အများကြီးထွက်နေမယ်
- ကိုယ်သောက်တဲ့ ဆေးတစ်ချို့နဲ့ ဓါတ်မတည့်တာကြောင့် အသားအရေတွေ နီရဲပြီးယားယံနေမယ်။ ဆိုရင် ဆရာဝန်ဆီ ချက်ချင်းပြန်သွားသင့်ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-bmi]