ခွဲစိတ်မှုတွေထဲမှာမှ အရမ်းနာတဲ့ ခွဲစိတ်မှုတွေက ဘာတွေလဲ ။ ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အသားပေါ် ဓားတင်တဲ့ခွဲစိတ်မှုတိုင်းကတော့ နာကျင်ရတာချည်းပါပဲ။ ဒါပေမယ့် ခုပြောပြမယ့် ခွဲစိတ်မှု ၇ ခုကတော့ ခွဲစိတ်မှု ပြုလုပ်ပြီး အချိန်အတော်ကြာတဲ့အထိ နာကျင်မှု ဝေဒနာမပျောက်တဲ့ ခွဲစိတ်မှုကြီး ၇ခုပါ။ ဘာတွေလဲ ဆိုတာ ဆက်ကြည့်ရအောင်။ ။

နာကျင်မှု ပြင်းထန်စွာ ခံစားရနိုင်တဲ့ ခွဲစိတ်မှုများ ။ ။

( ၁ ) သည်းခြေအိတ်ဖယ်ရှားခြင်း ။ ။

သည်းခြေအိတ်ဖယ်ရှားတဲ့ ခွဲစိတ်မှုမှာ မှန်ပြောင်းနဲ့ ခွဲစိတ်တာနဲ့ ရိုးရိုး ဗိုက်ခွဲပြီး ဖယ်ရှားတဲ့ ခွဲစိတ်မှု ဆိုပြီး ၂ မျိုးရှိပါတယ်။ မှန်ပြောင်းတဲ့ ခွဲတဲ့ ခွဲစိတ်မှုက မြန်ဆန်ပြီး နာကျင်မှု လျော့ပါးတယ်ဆိုပေမယ့် ဆရာဝန်တော်တော်များများက ရိုးရိုးဗိုက်ခွဲပြီး သည်းခြေအိတ်ဖယ်တာကိုပဲ စိတ်ဝင်စားပါတယ်။ ရိုးရိုး ဗိုက်ခွဲပြီး သည်းခြေအိတ်ဖယ်တဲ့နည်းက ပိုပြီး နာကျင်မှု ခံစားရနိုင်ပြီး ခွဲစိတ်ပြီး ၁လကနေ ၁လခွဲလောက်ကြာတဲ့အထိ တော်တော်နဲ့ မပျောက်တတ်ပါဘူး။

( ၂ ) အဆီစုပ်ထုတ်ခြင်း ။

ပိုလျှံနေတဲ့ အဆီ တွေကို စုပ်ထုတ်တယ်ဆိုတဲ့ ခွဲစိတ်မှုမျိုးကို ကြားဖူးကြပါလိမ့်မယ်။ သူက အရေးပေါ် ခွဲစိတ်မှု တစ်ခုတော့မဟုတ်ပါဘူး။ ကိုယ်ခန္ဓာ အထူးသဖြင့် လက်မောင်းနဲ့ ပေါင်တို့မှာ အဆီတွေစုပုံလာတဲ့အခါ အဆီစုပ်ထုတ်တဲ့ ခွဲစိတ်မှုကို ပြုလုပ်တတ်ကြပါတယ်။ အဆီစုပ်ထုတ်ခြင်းရဲ့ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ပြဿနာကတော့ စုပ်ထုတ်ထားတဲ့နေရာမှာ ရောင်ရမ်းပြီး နာကျင်နေတဲ့ ခံစားမှုပါပဲ။ နာကျင်မှုသက်သာလာမည့် အချိန်ကာလကတော့ အဆီဘယ်လောက်ကို စုပ်ထုတ်ထားတယ်၊ ဘယ်နေရာမှာ လုပ်ထားတာလဲစတဲ့ အပေါ်မှာ မူတည်ပါတယ်။ ရက်သတ္တပါတ်ကနေ လပေါင်းများစွာ အထိကြာတတ်ပါတယ်။

( ၃ ) ရိုးတွင်းခြင်ဆီ လှူခြင်း ။

ရိုးတွင်းခြင်ဆီ ဖောက်ထုတ်တဲ့ ခွဲစိတ်မှုဟာ အရမ်းကို နာကျင်တဲ့ ခွဲစိတ်မှုတစ်ခုဆိုတာ အားလုံးသိကြမှာပါ။ ဘာလို့လဲဆိုတော့ ခါးဆစ်ရိုးဆိုတာ အာရုံကြောပေါင်းစုံ စုဝေးနေတဲ့နေရာ မဟုတ်လား။ ဒါပေမယ့် ကိုယ့်ရဲ့ရိုး တွင်းခြင်ဆီကို လိုအပ်နေတဲ့သူအတွက် ရိုးတွင်းခြင်ဆီ ဖောက်ထုတ် လှူဒါန်းတယ်ဆိုတာ တကယ်ကို မွန်မြတ်တဲ့အလုပ်တစ်ခုပါ။ ရိုးတွင်းခြင်ဆီ ဖောက်ထုတ်ထားတဲ့ အလှူရှင် ၈၄ ရာခိုင်နှုန်းလောက်က တင်ပဆုံနဲံ ကျောရိုးနာကျင်မှုကို တစ်လနီးပါးလောက်ခံစားရတတ်ပါတယ်။ ကိုယ်လုပ်နေကျ အလုပ်တွေကိုတော့ ခွဲစိတ်ပြီး ၇ ရက်အတွင်း လုပ်နိုင်မှာ ဖြစ်ပါတယ်။

( ၄ ) သွားစိုက်ခြင်း ။  ။

သွားစိုက်ပြီး နောက်ပိုင်း ခံစားရတဲ့ နာကျင်မှုဟာ ကြာတတ်ပါတယ်။ ခွဲစိတ်မှု လုပ်လုပ်ချင်းမှာတော့ ထုံဆေးထိုးတဲ့ အနာလောက်ပဲရှိတယ်ဆိုပေမယ့် ခွဲစိတ်ပြီးနောက်ပိုင်း နလန်ထူတဲ့ ကာလတွေက နာကျင်မှု ထိပ်ဆုံးရောက်တဲ့ အချိန်တွေပါ။ သွားဖုံးရောင်နေတာ၊ သွေးထွက်တာတွေ အပြင် အစာဝါးလိုက်တိုင်း နာကျင်တဲ့ ဝေဒနာဟာ ခံရအခက်ဆုံးပါ။

( ၅ ) တင်ပဆုံရိုး အစားထိုးခြင်း ။ ။

ခွဲစိတ်မှု လုပ်တည်းက နာကျင်လွန်းတဲ့ ခွဲစိတ်မှုဖြစ်သလို ခွဲစိတ်ပြီးနောက်ပိုင်း နာလန်ထူတဲ့အချိန်မှာလည်း နာကျင်မှု ပြင်းထန်စွာခံစားရတဲ့ ခွဲစိတ်မှု တစ်ခုပါ။ နာကျင်မှုဟာ တင်ပဆုံကနေ အခြား ခြေထောက်နဲ့ ပေါင်ခြံတွေ အထိပါ ပြန့်သွားတတ်ပြီး နာကျင်မှု အားလုံးပျောက်ဖို့ ၆လကနေ ၁ နှစ်အထိ ကြာတတ်ပါတယ်။ လုပ်နေကျ လှုပ်ရှားမှုတွေကိုတော့ ခွဲစိတ်မှု လုပ်ပြီး ၆ ပတ်ကနေ ၈ပတ် အတွင်း စလုပ်လို့ ရပါတယ်။

( ၆ ) သားအိမ်ထုတ်ခြင်း။

ဗိုက်ခွဲပြီး သားအိမ်ထုတ်တဲ့ ခွဲစိတ်မှုဟာ ခွဲစိတ်ပြီး လပေါင်းများစွာ ကြာတာတောင် နာကျင်မှု ဆက်ခံစားရတဲ့ ဝေဒနာတစ်ခုပါ။ ဗိုက်ကြွက်သားကို အားသုံးပြီးလှုပ်ရှားမှုတွေ လုပ်တဲ့ နေ့ပိုင်းအချိန်တွေ အပြင် အိပ်ရာပေါ်မှာ လူးလိမ့်တာတောင်မှာ နာကျင်ရတဲ့ ခွဲစိတ်မှုတစ်ခုပါ။

( ၇ )  ရိုးတွင်းခြင်ဆီရည်ထုတ်ခြင်း ။ ။

Lumbar puncture လို့ခေါ်တဲ့ ရိုးတွင်းခြင်ဆီရည် ဖောက်ထုတ်စစ်ဆေးခြင်းဟာ အပ်လေးတစ်ချောင်းတည်းသုံးပြီး လုပ်သွားတယ်ဆိုပေမယ့် ခွဲစိတ်မှု ပြုလုပ်ပြီးနောက်ပိုင်း ၂၄ နာရီကနေ ၄၈ နာရီအတွင်း ခေါင်းပြင်းထန်စွာကိုက်ခြင်း ဝေဒနာကို ခံစားရမှာပါ။ နောက်ပိုင်းမှာလည်း ခါးရိုးအောင့်တာ၊ ခါးနာတဲ့ပြဿနာတွေကို ၁လလောက်အထိ ဆက်ပြီး ခံစားရတတ်ပါတယ် ။ ။

Hello Health Group  သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ မေ 8, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း မေ 8, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။