brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Stress Ulcer ဆိုတာ

အနာဆိုတာက အရေပြား ဒါမှမဟုတ် တစ်ရှူးတွေ ကျိုးပေါက်သွားပြီး အနာပေါက်ပွင့်နေတဲ့ အရေပြားပြဿနာကို ဆိုလိုတာပါ။ ဒီလို အရေပြားမှာ အနာပေါက်ပွင့်နေတာနဲ့အတူ ရောင်ရမ်းတာ၊ ပိုးဝင်တာတွေကိုပါ ခံစားရနိုင်ပါတယ်။ အရေပြားတင်မကပါဘူး။ Mucosaလို့ခေါ်တဲ့ အချွဲအလွှာမှာလည်း အနာတွေ ဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်တော့ စိတ်ပိုင်းဆိုင်ရာမှာ ဖိစီးမှုတွေကြောင့် ဖြစ်ရတဲ့ Stress ulcer အကြောင်း ပြောပြပေးချင်ပါတယ်။

Stress Ulcer ဆိုတာ

Stress Ulcer [စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ အနာ] ဆိုတာ

စိတ်ဖိစီးမှုတွေ များတာကြောင့် အစာခြေစနစ်ထဲက နေရာအချို့မှာ တစ်ရှူးတွေ ထိခိုက်ပျက်စီးသွားပြီး ဖြစ်လာတဲ့ အနာတစ်မျိုးပါ။ Stress ulcer တွေက အစာခြေစနစ် အထက်ပိုင်းနားမှာ အဖြစ်များပါတယ်။ ဒီအနာတွေက အစာခြေစနစ် အတွင်းနံရံတွေကို ပျက်စီးစေပြီး နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ပူပူလောင်လောင် ခံစားမှုမျိုး ခံစားရနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ပိုးဝင် ကူးစက်ခံရနိုင်ခြေလည်း များပါတယ်။ ထိခိုက်မှု အတိုင်းအတာကို လိုက်ပြီး အသေးစား ပူစပ်ပူလောင် ဖြစ်တာကနေ ပြင်းပြင်းထန်ထန် သွေးထွက်တဲ့ အခြေအနေမျိုးအထိ ခံစားရနိုင်ပါတယ်။

Stress ulcerက အစာအိမ်အနာနဲ့ မတူပါဘူး။ ဒါပေမယ့် ဒီအနာ အမျိုးအစား နှစ်ခုစလုံးက အစာအိမ်နဲ့ အူနံရံတွေမှာ အနာတွေ ဖြစ်တာပါ။ ဒါပေမယ့် အစာအိမ်အနာက အစာခြေစနစ် အတွင်းနံရံတွေ အားနည်းလာတဲ့အချိန်မျိုးတွေ နဲ့ ဆေးဝါးတွေကြောင့် တဖြည်းဖြည်းချင်း အစပျိုးလာတာပါ။ ဒါပေမယ့် Stress uclerကတော့ စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုတွေကြောင့် ရုတ်တရက်ဖြစ်လာတဲ့ အနာပါ။

Stress ulcerနဲ့ မှားနိုင်တဲ့ အနာတွေက ဘာတွေဖြစ်မလဲ

Stress ulcersကို အခုပြောပြမယ့် အခြေအနေတွေနဲ့ မှားယွင်းနိုင်ပါတယ်။

  • Peptic ulcers [အစာအိမ်အနာ] – အစာရေမျို၊ အစာအိမ် နဲ့ အူသိမ်အတွင်းနံရံတွေမှာ ဖြစ်တတ်တဲ့ အနာတွေ
  • Gastritis [အစာအိမ် ရောင်ခြင်း] – အစာအိမ် အတွင်းနံရံတွေ ရောင်နေတာ
  • Gastropathy [အစာအိမ်အတွင်းနံရံတွေ ရောင်ခြင်း] – အစာအိမ်ရဲ့ အတွင်းပိုင်းနံရံ အချွဲအလွှာတွေကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး အခြေအနေ

Stress Ulcers [စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ အနာ] ဘယ်လို ဖြစ်တာလဲ

Stress ulcers ဖြစ်နေသူတွေထဲက ၇၅ ရာခိုင်နှုန်းလောက်ဟာ အထူးကြပ်မတ်ကုသမှုကို ခံယူနေရသူတွေပါ။ နဂိုကတည်းက မကျန်းမာကြတဲ့သူတွေ များတာကြောင့် အနာရဲ့ လက္ခဏာတွေကို အခြား နာမကျန်းမှုတွေရဲ့ လက္ခဏာတွေနဲ့ ခွဲခွဲခြားခြား သိနိုင်ဖို့ ခက်ခဲပါတယ်။

အပြင်းအထန် နာမကျန်းမှုတွေနဲ့ ဆေးကုသမှုတွေက ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေပြီး စိတ်ဖိစီးမှုကိုလည်း မြင့်တက်စေနိုင်ပါတယ်။ ဒီလို စိတ်ဖိစီးမှု မြင့်တက်တာက အစာခြေအက်ဆစ် ထွက်ရှိမှု များစေပြီး mucosa လို့ခေါ်တဲ့ အစာအိမ်အတွင်းနံရံတွေကို ပျက်စီးစေပါတယ်။ ဒီကနေမှ စားလိုက်တဲ့ အစားအစာတွေ အစာအိမ်ထဲရောက်တဲ့အခါ အစာတွေကို ကြေချက်တဲ့ အူသိမ်ဦးပိုင်းကို ထိခိုက်စေပါတယ်။ အစာအိမ်အတွင်းနံရံ ထိခိုက်ပျက်စီးတာက Stree ulcers ကို ဖြစ်စေတာပါ။

နေထိုင်မကောင်းဖြစ်မှုတွေက ရုပ်ပိုင်းဆိုင်ရာကိုတင် ထိခိုက်စေတာ မဟုတ်ပါဘူး။

  • အစာခြေအက်ဆစ် ထွက်ရှိမှု များစေတယ်
  • အစာအိမ် အတွင်းနံရံတွေ ပျက်စီးစေတယ်
  • အစာခြေစနစ်ရဲ့ အခြား အစိတ်အပိုင်းတွေကို ပျက်စီးစေပါတယ်။

Stress Ulcer ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ဘာတွေလဲ

Stress Ulcer ဆိုတာ

ဒီအချက်တွေကြောင့် Stress Ulcerဖြစ်နိုင်ပါတယ်။

  • ရုပ်ပိုင်းဆိုင်ရာ နာတာရှည် ကျန်းမာရေးပြဿနာ ခံစားနေရတာ
  • ဦးနှောက်ထိခိုက်မှုဖြစ်တာ
  • အပူလောင်တာ
  • လိပ်ခေါင်းရောဂါ ရှိနေတာ
  • ထိခိုက်ဒဏ်ရာရထားတာ
  • မေးခိုင်ပိုးဝင်တာ
  • Shock ရတာ (သွေးလန့်တာ)
  • ခွဲစိတ်ကုသမှု ခံယူထားတာလိုမျိုး အခြေအနေတွေကြောင့် Stress Uclerကို ခံစားရနိုင်ပါတယ်။

ဘယ်သူတွေမှာ ဖြစ်နိုင်ခြေ များလဲ

အပေါ်မှာ ပြောခဲ့သလိုပဲ Stress Ulcerက အထူးကြပ်မတ်ကုသမှုကို ခံယူနေရသူတွေ နဲ့ နဂိုကတည်းက မကျန်းမာကြတဲ့သူတွေမှာ အဖြစ်များပါတယ်။

  • သွေးဆဲလ်ပြဿနာရှိသူတွေ
  • အရင်က အနာဖြစ်ဖူးသူတွေ
  • ပြင်းထန်တဲ့ ဦးနှောက် ထိခိုက်မှု ဖြစ်ဖူးသူတွေ နဲ့
  • နှလုံးရောဂါ ခံစားနေရသူတွေမှာ အဖြစ်များပါတယ်။

    Stress Ulcerတွေက ဘယ်နေရာမှာ ဖြစ်တာလဲ

    Stress ulcersက အစာခြေစနစ်တလျှောက်မှာ ဖြစ်တာပါ။ Stress ulcers အများစုက အစာခြေစနစ် အတွင်းနံရံ အထူးသဖြင့် အစာအိမ် အလယ်ပိုင်း နဲ့ ထိပ်ပိုင်းတွေမှာ တွေ့ရပါတယ်။ အစာရေမျိုမှာလည်း ဖြစ်နိုင်သလို အူသိမ်ဦးပိုင်းမှာလည်း ဖြစ်နိုင်ပါတယ်။

    Stress Ulcers အမျိုးအစားတွေက

    stress ulcersတွေကို

    • Curling ulcers
    • Cushing ulcers ဆိုပြီး ၂ မျိုး ခွဲထားပါတယ်။

    Stress Ulcer လက္ခဏာများ

    Stress ulcerက နာမကျန်းမဖြစ်သူတွေမှာ အဖြစ်များပြီး သွေးတော်တော်လေး ထွက်တော့မှ လက္ခဏာတွေကို သိတာမျိုးလည်း ရှိပါတယ်။

    • အန်ရင်သွေးပါတာ
    • ဝမ်းမည်းမည်းတွေသွားတာ
    • ဝမ်းသွားရင် သွေးပါတာ
    • ဖျော့တော့ပြီး မူးဝေတာ
    • အစားစားပြီးချိန်မှာ နာကျင်တာ
    • လေပွတာ
    • ဗိုက်အထက်ပိုင်းနားက နာကျင်တာ
    • သွေးပေါင်ကျတာ
    • အရေပြားတွေ အရောင်ဖျော့လာတာ
    • ကော်ဖီရောင်လိုမျိုး အန်တာတွေက Stress ulcerတွေရဲ့ လက္ခဏာတွေပါ။

      stress ulcer

      Stress ulcerဆိုတာက အနာပေါက်ပွင့်တဲ့ အနာတစ်မျိုးပါ။ အစာအိမ် အတွင်းနံရံတွေမှာ ဖြစ်တာပါ။ ပြင်းထန်ပြီး ရုပ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်တာပါ။ Stress ulcerကို အစာအိမ်အနာ အူအနာတွေနဲ့ မှားတတ်ကြပါတယ်။
      Stress ulcer တွေက စိတ်ဖိစီးမှုကြောင့် အစာအိမ်ထဲက အက်ဆစ်ပမာဏ ပြောင်းလဲပြီး အစာအိမ်နံရံတွေကို ပျက်စီးစေတာကြောင့် ဖြစ်ရတာပါ။
      Hello Sayarwon Panel
      Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/12/2022 ဖြစ်ပါသည်။

      ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။