brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသည်းရောင်ရောဂါ နဲ့ ပတ်သက်တဲ့ အယူအဆမှားများ

အသည်းရောင်ရောဂါ က အဖြစ်များတဲ့ အသည်းရောဂါတစ်ခုပါ။ အဖြစ်များတဲ့အတွက် အသည်းရောင်ရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတတွေကို သိထားဖို့ လိုပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး ဘာတွေ မှားယွင်းပြီး သိထားကြလဲဆိုတာကို စစ်ဆေးကြည့်ရအောင်။

အသည်းရောင်ရောဂါ နဲ့ ပတ်သက်တဲ့ အယူအဆမှားများ

အသည်းရောင်ရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း

အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့

  • အသည်းရောင် အသားဝါရောဂါပိုး (အေ၊ ဘီ၊ စီ၊ ဒီ၊ အီး)
  • အရက်သောက်တာ
  • ဆေးဝါး၊ ဓာတုပစ္စည်းတွေ
  • ခုခံအားက အသည်းဆဲလ်တွေကို မှားယွင်းပြီး ပြန်လည်တိုက်ခိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။
  • အသည်းရောင်ရောဂါနဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ

    • အသည်းရောင်ရောဂါတွေ အကုန်လုံးက ပြင်းထန်ပါတယ်။

    အသည်းရောင်ရောဂါ တွေက တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။ ဥပမာ အသည်းရောင် အသားဝါအေဆိုရင် အများစုက များများအနားယူ၊ ရေများများသောက်ရုံနဲ့ သက်သာပေမယ့် ဘီတို့ စီတို့ဆိုရင်တော့ နာတာရှည် အသည်းရောင်ရောဂါဖြစ်ပြီး ကုသဖို့ လိုပါတယ်။

    • အသည်းရောင် အသားဝါစီပိုးက အဖြစ်နည်းတယ်။

    ၂၀၁၆ ဒေတာတွေအရ တစ်ကမ္ဘာလုံးမှာ လူပေါင်း ၃၉၉,၀၀၀က အသည်းရောင် အသားဝါစီပိုးကြောင့် ကွယ်လွန်ခဲ့ရပါတယ်။ ခုဆိုရင် ဒီထက်များကောင်းများနိုင်ပါတယ်။ အသည်းရောင် အသားဝါ ဘီပိုးတွေ၊ စီပိုးတွေ ဆိုတာက အသည်းခြောက်တာ၊ အသည်းကင်ဆာကို အဖြစ်များစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။

    • အသည်းရောင် အသားဝါ စီပိုးရှိရင် မိခင်နို့ တိုက်လို့မရဘူး။

    အသည်းရောင် အသားဝါ စီပိုးက မိခင်နို့ကနေတဆင့် ကူးစက်တတ်တာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အမေက နို့သီးခေါင်းကွဲပြီး သွေးထွက်နေချိန်မှာတော့ ရှောင်ကြဉ်သင့်ပါတယ်။

    • အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးရှိနေရင် ကလေးယူလို့ မရဘူး။

    အသည်းရောင် အသားဝါ ဘီတွေ၊ စီတွေက ချက်ကြိုးကနေတဆင့် ကူးစက်တတ်တာမျိုး မဟုတ်ပါဘူး။ အများစုက မွေးတဲ့အချိန်မှာ သွေးကနေတဆင့် ကူးစက်တာဖြစ်ပါတယ်။ ဒါတောင် ဘီနဲ့ စီမှာ စီကအဖြစ်နည်းပါတယ်။ ကူးစက်မှုကို လျှော့ချနိုင်ဖို့ မွေးဖွားနည်းကို ဆရာဝန်နဲ့ တိုင်ပင်တာ၊ ကလေးကို ကာကွယ်ဆေးထိုးတာတွေ လုပ်ပေးနိုင်ပါတယ်။

    • အသည်းရောင်တဲ့ သူတိုင်း အသားဝါကြတယ်။

    နာမည်က အသည်းရောင် အသားဝါဆိုပေမယ့် အသည်းရောင်တဲ့သူတိုင်း အသားမဝါကြပါဘူး။ အသားဝါတာာက အသည်းရောင်တာ၊ အသည်းရောဂါရဲ့ လက္ခဏာတစ်ခုဆိုတာ မှန်ပေမယ့် အသည်းရောင်တိုင်း အသားဝါမှာ မဟုတ်ပါဘူး။ ဒီလိုပဲ အသားမဝါလို့ အသည်းရောင်ရောဂါမရှိဘူးလို့ ပြောလို့မရပါဘူး။

    အသည်းရောင်ရောဂါ ပိုးတွေက ဘာလက္ခဏာမှမပြဘဲနဲ့လည်း ကိုယ်ထဲမှာ ရှိနေနိုင်ပါတယ်။

    အသည်းရောင်ရောဂါ နဲ့ ပတ်သက်တဲ့ အယူအဆမှားများ

    • အသည်းရောင် ရောဂါပိုး တစ်ခုဖြစ်ထားရင်နောက်တစ်ခု ထပ်မဖြစ်တော့ဘူး။

    အသည်းရောင် အသားဝါ ဘီပိုး ဖြစ်ထားရင် စီပိုးထပ်မဖြစ်တော့ဘူးတို့၊ အသည်းရောင်အသားဝါ အေပိုး ဖြစ်ထားပြီးလို့ ဘီပိုးကို ခံနိုင်ရည်ရှိသွားပြီဆိုတာတွေက မဟုတ်ပါဘူး။ ဒါက သီးခြားဗိုင်းရပ်စ်တွေဖြစ်တဲ့အတွက် တစ်မျိုးကူးထားပြီးရုံနဲ့ နောက်တစ်မျိုးကို ကာကွယ်ပြီးသား မဖြစ်စေပါဘူး။ ဒါ့ပြင် လူတစ်ယောက်တည်းမှာ ဘီပိုးရော စီပိုးရော ကူးစက်ခံရတာမျိုး ရှိနိုင်ပါတယ်။

    • ဘီပိုး စီပိုးတွေက ကုလို့ မရဘူး။

    ဘီပိုးတွေက ဆေးနဲ့ ထိန်းထားလို့ ရပါတယ်။ ဒီဆေးတွေက ဗိုင်းရပ်စ်ပွားနှုန်းကို နှေးအောင်၊ ပိုးကောင်ရေ လျော့သွားအောင်၊ အသည်းပျက်စီးတာကို သက်သာအောင် ကုသပေးနိုင်ပါတယ်။ ဘီပိုးရှိပေမယ့်အသည်းမပျက်စီးဘဲ သက်တမ်းစေ့နေသွားသူတွေ ရှိပါတယ်။

    စီပိုးဆိုရင် ဘီပိုးထက်အောင် ကုရတာ ပိုအဆင်ပြေပါတယ်။ စက်ကနေ စစ်နိုင်တဲ့ အောက် (undectetable level)ကို ရောက်သွားအောင် ပိုးကို ထိန်းထားနိုင်စွမ်း ရှိပါတယ်။

    • အသည်းရောင် အသားဝါပိုးတွေ အားလုံးအတွက် ကာကွယ်ဆေး ရှိတယ်။

    အသည်းရောင် အသားဝါပိုးတွေ အားလုံးအတွက် ကာကွယ်ဆေး မရှိပါဘူး။ အသည်းရောင် အသားဝါ အေပိုးနဲ့ ဘီပိုးအတွက်သာ ရှိပါတယ်။ အထူးသဖြင့် ဘီပိုးကာကွယ်ဆေးကို ထိုးထားသင့်ပါတယ်။ ဒါပြင့် အသည်းရောင် အသားဝါရောဂါပိုး ကူးနိုင်တဲ့ နည်းလမ်းတွေကိုလည်း ရှောင်ရှားရမှာ ဖြစ်ပါတယ်။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/01/2023 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။