သည်းခြေကျောက်က လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အဝလွန်တဲ့သူတွေ၊ အဆီအစိမ့်စားတဲ့သူတွေ၊ အသက်၄၀ကျော်တဲ့ အမျိုးသမီးတွေဆို ပိုဖြစ်တတ်ပါတယ်။ သည်းခြေကျောက် တည်တဲ့အခါ တချို့လူနာတွေကို ဘာဆေးမှ မပေးဘဲ စောင့်ကြည့်သလို တချို့ကိုကျတော့ ကျောက်ပျော်ဆေးတွေ ပေးပါတယ်။ တချို့ကျတော့ မှန်ပြောင်းကြည့်ပြီး ကျောက်ထုတ်လိုက်တယ်လို့ ပြောကြတယ်။ တချို့ကျတော့လည်း သည်းခြေအိတ်ပါ ထုတ်လိုက်ရတယ်တဲ့။ သည်းခြေကျောက်ကုသနည်း က ဘယ်နှနည်းတောင် ရှိနေတာလဲဆိုပြီး သိချင်ကြမှာပါ။
သည်းခြေကျောက်ကုသနည်း အမျိုးအစားများ
သည်းခြေကျောက်ကုသနည်း တွေမှာ အကြမ်းအားဖြင့်
- စောင့်ကြည့်နည်း
- ကျောက်ပျော်ဆေးပေးတာ
- မှန်ပြောင်းနဲ့ ကျောက်ထုတ်တာ
- ခွဲစိတ်တာ စသဖြင့် နည်းလမ်းတွေ ရှိပါတယ်။
လူနာတစ်ယောက်နဲ့ တစ်ယောက် ကုသနည်းတွေ မတူနိုင်ပါဘူး။ ရောဂါလက္ခဏာတွေ ဘယ်လောက်ဆိုးသလဲ။ လူနာက ခွဲစိတ်တာကို ခံနိုင်ပါ့မလား။ လူနာရဲ့ နဂိုရောဂါအခံတွေ စတာတွေကို ထည့်သွင်းစဉ်းစားပြီးမှ ဆုံးဖြတ်တာ ဖြစ်ပါတယ်။
ဘယ်လူနာကို ဘယ်လို သည်းခြေကျောက်ကုသနည်းတွေနဲ့ ကုသမှာလဲ။
ခုပြောမှာကတော့ အကြမ်းဖျင်းအချက်တွေပါ။ လူနာတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်တာကြောင့် အသေးစိတ်ကို ဆရာဝန်နဲ့ ဆွေးနွေးရပါမယ်။
စောင့်ကြည့်နည်း
ပုံမှန်ကျန်းမာရေး စစ်ဆေးရင်းနဲ့ အယ်ထွာဆောင်းမှာဖြစ်ဖြစ် သည်းခြေကျောက်တွေ့လိုက်တယ်ဆိုပါစို့။ သည်းခြေကျောက်သာ ရှိနေသာ လူကအပြင်မှာ အကောင်းပဲ၊ ဘာလက္ခဏာမှလည်း မခံစားရဘူးဆိုရင် ပုံမှန်ရက်ချိန်းလေးပြပြီး စောင့်ကြည့်လို့ရပါတယ်။
ချက်ချင်းကြီးတော့ ခွဲစရာစိတ်စရာ မလိုသေးပေမယ့် သည်းခြေကျောက်ရဲ့ လက္ခဏာတွေ ခံစားလာရရင် (ဥပမာ ဗိုက်အောင့်တာ၊ ဖျားတာ၊ အသားဝါတာ) ဆရာဝန်ကို ပြန်ပြောပြဖို့ လိုပါတယ်။
အကြမ်းအားဖြင့် ပြောရမယ်ဆိုရင်တော့ သည်းခြေကျောက်ရှိရဲ့သားနဲ့ လက္ခဏာမပြဘူးဆိုရင် အခြေအနေသိပ်မဆိုးဘူးလို့ သတ်မှတ်လို့ ရပါတယ်။
လက္ခဏာမပြပေမယ့် သည်းခြေကျောက်ကြောင့် နောက်ဆက်တွဲပြဿနာတွေ ရှိနိုင်တယ်ဆိုရင်လည်း ကုသရပါမယ်။ ဥပမာ
- အသည်းခြောက်တဲ့သူ
- အသည်းမှာ သွေးတိုးတဲ့သူ
- ဆီးချိုရှိတဲ့သူ သူတို့ဆိုရင် လက္ခဏာမပြသည့်တိုင် ကုသဖို့ လိုပါတယ်။
နောက်ပြီး သည်းခြေအိတ်မှာ ကယ်ဆီယမ်တွေ များနေရင်လည်း ကုသဖို့ လိုပါတယ်။ ဒါက နောက်ပိုင်းမှာ သည်းခြေအိတ်ကင်ဆာ ဖြစ်နိုင်ခြေ များလို့ပါ။
ကျောက်ပျော်ဆေးပေးတာ
တချို့သည်းခြေကျောက်လူနာတွေကို ကျောက်ပျော်ဆေးပေးတာကို တွေ့ဖူးမှာပါ။ ဒါကလည်း လူနာတိုင်းမှာ ပေးလို့ မရပါဘူး။
- သည်းခြေကျောက် သေးတဲ့သူတွေ
- ကယ်ဆီယမ်မပါတဲ့ သည်းခြေကျောက်တွေ
- ခွဲစိတ်ဖို့ မသင့်တော်တဲ့လူနာတွေမှာ ပေးလေ့ရှိပါတယ်။
အများဆုံးပေးတာကတော့ ursodeoxycholic acid ဆေးပြားတွေပါ။ ဒီဆေးက ကျောက်ပျော်စေတာမှန်ပေမယ့် ဘာကြောင့် လူနာတိုင်းကို မပေးတာလဲဆိုတော့
- ၂နှစ်လောက် စွဲသောက်ရပါတယ်။
- ဆေးရပ်လိုက်ရင် ကျောက်ပြန်တည်ပါတယ်။
- ဆေးသောက်ရဲ့သားနဲ့ ကျောက်မပျော်တဲ့လူနာတွေ ရှိပါတယ်။
ဒါကြောင့် လူနာတိုင်းမှာ မပေးတာပါ။ သူ့ကို ကျောက်ပျော်စေဖို့ဆိုတာထက် ကျောက်တည်နိုင်ခြေများတဲ့သူတွေမှာ ပေးတာပိုများပါတယ်။ ဥပမာ အချိန်တိုအတွင်းမှာ ကိုယ်အလေးချိန်မြန်မြန်ချထားတဲ့သူတွေဆို သည်းခြေကျောက်တည်နိုင်ခြေများတာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပေးလေ့ရှိပါတယ်။