အာရှသားတွေက ဝမ်းသွား တာနဲ့ ပတ်သက်ရင် အစွဲကြီးကြပါတယ်။ နေ့တိုင်း ဝမ်းသွားရမယ်။ မနက်တိုင်း ဝမ်းသွားရမယ်။ နေ့တိုင်း မသွားရင် ဝမ်းချုပ်နေတာ။ ဝမ်းနှုတ်ဆေး သောက်ရမယ် စတဲ့ အစွဲလေးတွေ ရှိပါတယ်။ ဆရာဝန်တွေက တတ်နိုင်သလောက် ရှင်းပြပေးပေမယ့် တစ်ရက်လောက်မှ ဝမ်းမသွားရရင် နေမထိ ထိုင်မသာ ဖြစ်ပြီး ဝမ်းနှုတ်ဆေးလာတောင်းကြတဲ့သူတွေ ရှိနေတုန်းပါပဲ။
ပုံမှန် ဝမ်းသွား တယ်ဆိုတာ ဘာကို ခေါ်တာလဲ။
တစ်ယောက်နဲ့ တစ်ယောက် ဝမ်းသွားတဲ့ ပုံစံက မတူကြပါဘူး။ Scandinavian Journal of Gastroenterology က လေ့လာချက်အရဆိုရင် သာမန်လူတွေအချင်းချင်းမှာတောင် တစ်ပတ်ကို ၃ခါပဲသွားတဲ့သူကနေ တစ်ရက်ကို ၃ခါ သွားတဲ့သူအထိ ရှိနိုင်ပါတယ်တဲ့။ သူတို့ ၂ယောက်လုံးက ပုံမှန်ပါပဲ။
တစ်ပတ်ကို ၃ခါပဲ သွားတဲ့သူက နေ့တိုင်း ဝမ်းသွားချင်မှ သွားမှာပါ။ သူ့ကို နေ့တိုင်း ဝမ်းသွားတဲ့သူနဲ့ ယှဉ်ပြီး ဝမ်းချုပ်တယ်လို့ ပြောလို့မရပါဘူး။ ဒီလိုပဲ တစ်ရက်ကို တစ်ခါပဲ သွားတဲ့သူက တစ်ရက် ၃ခါသွားလေ့ရှိသူကို ဝမ်းလျှောနေတယ်လို့ သွားပြောလို့ မရပါဘူး။
ဒါကြောင့် ဝမ်းချုပ်တယ် မချုပ်ဘူးဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ရတာ မဟုတ်ပါဘူး။ သူ့အရင်က ဝမ်းအကျင့်နဲ့ ယှဉ်ရတာမျိုးပါ။
ဘာကြောင့် ဝမ်းသွား တဲ့ပုံစံတွေ မတူကြတာလဲ။
သူကျတော့ နေ့တိုင်းသွားတယ်။ ငါကျတော့ ဘာလို့ ရက်ခြားပဲ သွားရတာလဲဆိုပြီး မေးစရာ ရှိပါတယ်။ အောက်ပါအချက်တွေကြောင့်လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။
အူမကြီးက ပိုနေတဲ့ ရေကို စုပ်ယူလေ့ရှိတာကြောင့် ရေနည်းနည်းပဲ သောက်လေ့ရှိသူက ဝမ်းမာနိုင်ပါတယ်။ မာတဲ့ ဝမ်းက ပျော့တဲ့ဝမ်းထက်စာရင် သွားရခက်ပါတယ်။ ဒီတော့ ဝမ်းခဏခဏ သွားမှာ မဟုတ်ပါဘူး။
- အသက်
အသက်ကြီးလာတဲ့အခါ သဘာဝအရကို အူလှုပ်ရှားမှုက နည်းလာပါတယ်။ ဒါကြောင့် အသက်ကြီးလာရင် ဗိုက်လည်း သိပ်မဆာတော့ဘဲ အစားနည်းသွားတာပါ။ ဒီလိုပဲ ဝမ်းသွားတာလည်း နည်းသွားပါတယ်။ ဒါ့ပြင် အသက်ကြီးလာလို့ ဆေးတွေ သောက်နေရတဲ့အခါ ဆေးတွေကြောင့်လည်း ဝမ်းချုပ်တာ ဖြစ်တတ်ပါတယ်။
- လှုပ်ရှားမှု
အထိုင်များတဲ့သူက လှုပ်လှုပ်ရှားရှားနေတဲ့သူထက် ဝမ်းသွားရခက်မှာပါ။ ခန္ဓာကိုယ်ကို လှုပ်ရှားပေးတာက အူလမ်းကြောင်း လှုပ်ရှားမှုကိုပါ ကောင်းစေတာကြောင့် ဝမ်းသွားရလွယ်စေပါတယ်။
- စားသောက်တဲ့ ပုံစံ
အမျှင်ဓာတ်က ဝမ်းချုပ်တတ်တဲ့သူတွေအတွက်တော့ ဓာတ်စာပါပဲ။ အမျှင်ဓာတ်ကို အသီးအရွက်တွေမှာ အများဆုံး တွေ့ရပါတယ်။ အမျှင်ဓာတ်ကို ခန္ဓာကိုယ်က လုံးဝကြေအောင် မခြေဖျက်နိုင်တဲ့အတွက် အူလမ်းကြောင်းနောက်ကို ပို့ရင်း ပို့ရင်း အူလှုပ်ရှားမှုကို ဖြစ်စေပြီး ဝမ်းသွားစေပါတယ်။
- ရောဂါများ
သိုင်းရွိုက်ရောဂါတွေ၊ အူလမ်းကြောင်းရောဂါတွေ၊ အူလှုပ်ရှားမှုနဲ့ ဆိုင်တဲ့ ရောဂါတွေ စတာတွေကလည်း ဝမ်းသွားတဲ့ ပုံစံကို ပြောင်းလဲစေပါတယ်။ ဝမ်းချုပ်တာ ဖြစ်နိုင်သလို၊ ပုံမှန်ထက် ဝမ်းပိုသွားတာလည်း ဖြစ်နိုင်ပါတယ်။
- ဟော်မုန်းများ
အမျိုးသမီးတွေမှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေက ဝမ်းသွားတာကို ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် တချို့အမျိုးသမီးတွေက ဒီဟော်မုန်းတွေ အပြောင်းအလဲဖြစ်တဲ့ ရာသီလာခါနီးရင် အိမ်သာခဏခဏ သွားချင်တာကို တွေ့ရပါတယ်။
- အမူအကျင့်
တချို့တွေက အများသုံးအိမ်သာတွေ မတက်တတ်ပါဘူး။ ဒီလို လူမျိုးတွေ ခဏခဏ ခရီးသွားရပြီဆိုရင် ဝမ်းမသွားနိုင်ဘဲ ဝမ်းချုပ်တဲ့ပြဿနာနဲ့ ကြုံရလေ့ရှိပါတယ်။ အစကတော့ နောက်မှ သွားမယ်ဆိုပြီး အောင့်အောင့်ထားပေမယ့် နောက်ပိုင်းကျတော့ အကျင့်ဖြစ်ပြီး ဝမ်းချုပ်သွားပါတော့တယ်။
ဘယ်လိုဝမ်းမျိုးက ပုံမှန်မဟုတ်ဘူးလဲ။
လူတစ်ယောက်က တစ်ရက်ကို ၃ခါပဲ သွားသွား၊ တစ်ပတ်ကို ၃ရက်ပဲ သွားသွား သူ့ဝမ်းက မာမနေဘူး။ ဝမ်းလျှောသလို အရည်တွေပဲ သွားမနေဘူး။ သက်သောင့်သက်သာနဲ့ ညှစ်စရာမလိုဘဲ သွားလို့ရတယ်ဆိုရင် ဒါပုံမှန်ပါပဲ။
ဒီလိုမဟုတ်ဘဲ ဝမ်းက အရည်တွေချည်း သွားနေမယ်။ ဝမ်းချုပ်နေပြီး တစ်ခါသွားဖို့ အားနဲ့ ညှစ်နေရမယ်။ စမြင်းခံနေမယ်။ လောက်စာလုံးလို အလုံးလေးတွေ သွားနေမယ်ဆိုရင်တော့ နေ့တိုင်း တစ်ရက်တစ်ခါ သွားနေပါစေ။ ပုံမှန်မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။
ဒီလို နာတာရှည် ဝမ်းလျှောတာ၊ ဝမ်းချုပ်တာက နောက်ပိုင်းမှာ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်သလို ရောဂါတစ်ခုခု ဖြစ်နေတယ်ဆိုတာကို ပြနေတဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။
ဒီလို ဝမ်းသွား နေရင် ဆရာဝန်နဲ့ ပြပါ။
တစ်ပတ်မှာ တစ်ရက်၊ နှစ်ရက်လောက် ဝမ်းချုပ်တာက ပြဿနာ မဟုတ်ပါဘူး။ စားသောက်နေထိုင်ပုံလေး ပြောင်းသွားတဲ့အခါ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ဝမ်းသွားတဲ့ ပုံစံပြောင်းသွားတာ (ဝမ်းလျှောတာဖြစ်ဖြစ်၊ ဝမ်းချုပ်တာဖြစ်ဖြစ်) ၁-၂ပတ်လောက် ကြာနေပြီဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဒါ့ပြင်
- ဝမ်းထဲမှာ သွေးပါလာတယ်။
- ဝမ်းမည်းမည်းတွေ သွားနေမယ်။
- ဝမ်းသွားရမဝသလို ခံစားရမယ်။
- ဗိုက်နာတာအပြင် တခြားလက္ခဏာတွေနဲ့ တွဲနေမယ်။
- သွေး ဒါမှမဟုတ် ကော်ဖီရောင်တွေ အန်နေရင် ဆေးရုံဆေးခန်း သွားသင့်ပါတယ်။
[embed-health-tool-bmr]