backup og meta

အဝစားဘူဖေးသွားစားရင် အစာမကြေမဖြစ်အောင် သိထားသင့်တဲ့ နည်းလမ်း (၆) ခု

ဟိုနားမှာ ဆိုင်သစ်ဖွင့်တယ်၊ ပရိုမိုးရှင်းတန်တယ်ဟေ့၊ ပင်လယ်စာတွေသိပ်လတ်တာပဲ ဆိုပြီးပြောတတ်ကြတဲ့ အဝစားဘူဖေး ချစ်သူတို့ရေ။ ယူတို့အစာအိမ်လေးတွေမထိခိုက်စေဘဲ အဝကြိတ်နိုင်မယ့် နည်းလေးမသိချင်ဘူးလား။

အဝစားဘူဖေးသွားစားရင် အစာမကြေမဖြစ်အောင် သိထားသင့်တဲ့ နည်းလမ်း (၆) ခု

ဟော့ပေါ့ဘူဖေး၊ အကင်ဘူဖေးဆိုင်တွေနဲ့ ဟိုတယ်အဆင့်မြင့်ဘူဖေးတွေ လူကြိုက်များနေတဲ့အချိန် အဓိကကျတဲ့ အစာအိမ်ကျန်းမာရေးကိုတော့ မေ့ထားလို့မဖြစ်ဘူးနော်။ ဒီအစာအိမ်ကောင်းမှ အစားကောင်းကောင်းစားနိုင်မှာပေါ့။ ကဲ ကဲ… အစာမကြေဗိုက်အောင့်တာလည်းမဖြစ်အောင် ဘူဖေးလည်းတန်အောင် ဘယ်လိုဉာဏ်သုံးရမလဲ ဖတ်ကြည့်လိုက်ပါဦး –

(၁) ဘူဖေးမစားခင် ဘာမှစားမထားဘဲ မသွားပါနဲ့

ဟိုရောက်ရင်မစားနိုင်ဘဲနေမယ်၊ ပြီးမှအပီအပြင်ကြိတ်မယ်လို့ မတွေးလိုက်ပါနဲ့။ အစောပိုင်းမှာ အဆာပြေတစ်ခုခုတော့ နည်းနည်းစားထားသင့်ပါတယ်။ မဟုတ်ရင် ရောက်ရောက်ချင်း ဆာဆာနဲ့အလောတကြီးစားမိပြီး အမျိုးစုံအောင်မစားနိုင်ခင် ဗိုက်ပြည့်သွားနိုင်တယ်၊ အစာမကြေဖြစ်လွယ်တယ်။ ဟိုရောက်မှကြိတ်မယ်လို့တွေးထားတယ်ဆိုရင်  အစာကောင်းကောင်းခြေနိုင်ဖို့က ရေဓာတ်လိုအပ်တာမို့ ရေလည်းနည်းနည်းသောက်ထားပါ။

(၂) ရောက်ရင် သေချာကြည့်ပါ

ဘူဖေးအစားအစာတွေတွေ့ရင် ဘာတွေရှိလဲ၊ ဘာတွေပြင်ဆင်ထားလဲ အခြေအနေတစ်ချက်ပတ်ကြည့်ပါ။ စားကောင်းမယ်ထင်ရာတွေ တွေ့ရာဆွဲမထည့်ပါနဲ့ဦး။ တကယ်ကောင်းတဲ့စားစရာကိုတွေ့တဲ့အခါ ကိုယ်ကဗိုက်ပြည့်ပြီးနေပြီဆို နှမြောစရာကြီး။ တကယ်စားကောင်းမယ့်ဟာကိုမှ များများစားဖို့ကြံပါ။

(၃) အသေးက စစားပါ

စကတည်းက ခေါက်ဆွဲကြော်တို့၊ ထမင်းကြော်တို့လို ဗိုက်ပြည့်စေမယ့်အကြီးတွေ စမစားပါနဲ့။ ပုဇွန်တို့ အရွက်သုပ်တို့လို အသေးစားတွေ အရင်စားပြီး အစာအိမ်ကို စနှိုးပါ။

(၄) နည်းနည်းချင်းယူပါ

ဒါစားမယ်၊ ဒါကြိုက်တယ်ဆိုပြီး တစ်မျိုးနှစ်မျိုးတည်းကို တစ်ခါတည်းအများကြီးထည့်လာတာက သင့်ကို စမတ်မဖြစ်စေပါဘူး။ အရသာကောင်းမယ်ထင်တာကို ထိုက်သင့်သလောက်မျှထည့်ပါ။ ကုန်ရင်ချက်ချင်းထပ်ယူလို့ရတာကို ဘာတွေပူနေတာလဲ။ အများကြီးထည့်လာပြီးမကုန်မှ အတင်းထိုင်စားရတာ အစာအိမ်ကို ဒုက္ခပေးတာပါပဲ။

(၅) လှုပ်ပါ

ခုနကပြောသလို နည်းနည်းချင်းထည့်စားပြီး လိုရင်ထထယူတာက ဒီအချက်နဲ့လည်းဆိုင်ပါတယ်။ ထပြီးသွားထပ်ယူရတာက အစာကြေစေတဲ့လှုပ်ရှားမှုတစ်ခုပါပဲ။ ဟိုလျှောက်ဒီလျှောက် လျှောက်ရင်းနဲ့ ကယ်လိုရီတချို့လောင်ကျွမ်းစေပြီး ထပ်စားနိုင်တာပေါ့။

(၆) အစာကြေဆေးဆောင်သွားပါ

စားထားတာတွေပြည့်ကျပ်ပြီး မအီမသာဖြစ်တာ၊ အစာမကြေဖြစ်တာ၊ လေထိုးလေအောင့်တာတွေအတွက် အစာကြေလေဆေး ဒါမှမဟုတ် လျက်ဆားလေးဆောင်သွားပါ။ မသိမသာလေး ကောက်ဝါးပြီး ခဏနေ စားချင်တာထပ်စားပေါ့။ ဒါမှမဟုတ် အားလုံးစားပြီးလို့ ပြန်ခါနီးဗိုက်လေးပြီးမထနိုင်ရင်လည်း သောက်လို့ရတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.wikihow.com/Eat-at-a-Buffet

Accessed Date Nov 1, 2019.

https://www.wikihow.com/Eat-Healthily-at-a-Buffet

Accessed Date Nov 1, 2019.

ယခုပုံစံ

26/09/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အကြိတ်လွန်သွားတဲ့ အစားတလိုင်းတို့အတွက် အကျိုးပြုမယ့်အစားအစာများ

အစာမကြေဖြစ်တတ်သူတွေအတွက် စားပေးသင့်တဲ့အရာတွေ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/09/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ