ဆီးချိုရောဂါရှင်တွေက နည်းနည်းလောက် သက်တမ်းကြာလာပြီဆိုရင် ဒီပြဿနာလေးတွေ ပြောလေ့ရှိပါတယ်။ ဆရာရယ် အစာမကြေဘူး၊ အမြဲတမ်း ရင်ခေါင်းတောင့်တယ်။ ဗိုက်ကယ်တယ်။ ရင်ပူတယ် စသဖြင့် ဝမ်းဗိုက်ပြဿနာ ပေါင်းများစွာကို ပြောပြလေ့ရှိပါတယ်။ ဆီးချိုက ကောင်းကောင်းမထိန်းနိုင်ဘူးဆိုရင်၊ သက်တမ်းကြာလာပြီဆိုရင် နောက်ဆက်တွဲတွေ ဖြစ်တတ်တယ်ဆိုတာ ဆီးချိုရှိတဲ့သူတိုင်း သိပါတယ်။ သူတို့ ခုလို ခံစားနေရတဲ့ ဝမ်းဗိုက်ပြဿနာတွေကရော ဆီးချိုကြောင့်ပဲလား။
ဘာကြောင့် ဝမ်းဗိုက်ပြဿနာ တွေ ခံစားရတာလဲ။
ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင်တော့ ဆီးချိုသက်တမ်းကြာလာလေလေ (အမျိုးအစား ၁ပဲဖြစ်ဖြစ်၊ ၂ပဲဖြစ်ဖြစ်) ကိုယ်ထဲက ကိုယ်တွင်းအင်္ဂါတွေကို အနည်းနဲ့ အများထိခိုက်နိုင်ပါတယ်။ ဒီထဲမှာ အစာအိမ်နဲ့ အူလမ်းကြောင်းလည်း ပါပါတယ်။
ဝမ်းဗိုက်ပြဿနာတွေက ဆီးချိုကို ဖြစ်စေတဲ့ အကြောင်းရင်း (ဥပမာ အဝလွန်ခြင်း)ကြောင့် ဖြစ်နိုင်သလို ဆီးချိုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ သွေးတွင်းသကြားဓာတ်တက်တာ၊ HbA1cလို့ ခေါ်တဲ့ သုံးလဆီးချိုဓာတ်တက်တာ၊ ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒီထဲမှာမှ အဖြစ်များဆုံး ပြဿနာကတော့ ဆီးချိုကြောင့် အာရုံကြောထိခိုက်တာပဲ ဖြစ်ပါတယ်။ ဆီးချိုကြောင့် အာရုံကြောထိခိုက်တဲ့အခါ ခြေဖျား လက်ဖျားတွေ ထုံတယ်၊ ကျဉ်တယ်ဆိုတာလောက်တော့ လူတိုင်း သိကြပါတယ်။ လူသိနည်းတာကတော့ ထိခိုက်တဲ့ အာရုံကြောတွေထဲမှာ အစာအိမ်နဲ့ အူလမ်းကြောင်းက အာရုံကြောတွေပါ ပါသွားတယ်ဆိုတာပါပဲ။
အစာအိမ်နဲ့ အူလမ်းကြောင်းမှာလည်း အာရုံကြောတွေ ရှိပါတယ်။ ဒီအာရုံကြောတွေက အူလမ်းကြောင်း လှုပ်ရှားမှုတွေကို ထိန်းချုပ်ပေးပါတယ်။ ဒီအာရုံကြောတွေ ထိခိုက်တဲ့အခါ အစာမျိုရခက်တာ၊ ဝမ်းချုပ်တာတွေ ဖြစ်လာပါတယ်။
ဆီးချိုရောဂါရှင်တွေမှာ အဖြစ်များတဲ့ ဝမ်းဗိုက်ပြဿနာ များ
ရောဂါတွေ များပေမယ့် အဖြစ်များတဲ့ ၃ခုလောက်ကို ရှင်းပြပေးချင်ပါတယ်။
Acid refluxလို့ ခေါ်ကြပြီး ရင်ပူတယ်လို့ လူနာတွေ ပြောလေ့ရှိပါတယ်။ အစာအိမ်ထဲမှာ hydrochloric acid လို့ခေါ်တဲ့ အက်စစ်အပြင်းစားတစ်မျိုး ရှိပါတယ်။ ပုံမှန်တော့ အက်စစ်က အစာအိမ်ထဲမှာပဲ နေရပါတယ်။ အစာအိမ်ထဲကနေ အကြောင်းတစ်ခုခုကြောင့် အစာရေမျိုပြွန်ထဲကို ဆန်တက်လာပြီဆိုရင် စားချဉ့်ပြန်ရောဂါဖြစ်ပြီး ရင်ပူတဲ့ ဝေဒနာကို ခံစားရပါတယ်။
ဆီးချိုရှိပြီး သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းမထိန်းနိုင်တဲ့သူတွေမှာ အတွေ့ရများပါတယ်။ အဝလွန်နေတဲ့ ဆီးချိုရောဂါရှင်တွေမှာလည်း ဖြစ်တတ်တာကို တွေ့ရပါတယ်။ တစ်ခါတလေတော့ ရင်ပူတယ်လို့ မပြောဘဲ ရင်ဘတ်အောင့်တယ် (စမ်းလိုက်တော့လည်း နှလုံးတို့ အဆုတ်တို့က အကောင်း)၊ လည်ပင်းမှာ တစ်ဆို့ဆို့နဲ့ အစာမျိုရတာ နင်တယ် စတဲ့ လက္ခဏာတွေကို ပြောတတ်ပါတယ်။
ဒီလို စားချဉ့်ပြန်နေတာ ကောင်းလားဆို မကောင်းပါဘူး။ ရင်ပူတဲ့အတွက် လူနာလည်း နေရထိုင်ရ မသက်သာသလို ရေရှည်မှာ အစာရေမျိုပြွန်က ဆဲလ်တွေ အက်စစ်ဒဏ်ကြောင့် ပျက်စီးပြီး ကင်ဆာပြောင်းတတ်ပါတယ်။
ကုသနည်းတွေကတော့ အစာအိမ်ဆေးတွေ ပေးတာ၊ နေထိုင်စားသောက်ပုံပြောင်းလဲတာ (ဆီးချိုမတက်အောင် ထိန်းထိန်းသိမ်းသိမ်းစားတာ၊ အပူအစပ်တွေ ရှောင်တာ)၊ ဝိတ်ချတာ၊ ဆေးလိပ်ဖြတ်တာ စတာတွေ လုပ်ရပါတယ်။ တချို့သူတွေမှာ ခွဲစိတ်ကုသရတာမျိုးလည်း ရှိပါတယ်။
အစာအိမ်ထဲက အစာက အချိန်တစ်ခုရောက်တဲ့အခါ အူထဲကို ဆက်ဆင်းသွားရမှာပါ။ ဆက်မဆင်းဘဲ အစာအိမ်ထဲမှာ ဆက်ရှိနေတဲ့ ပြဿနာကို gastroparesisလို့ ခေါ်ပါတယ်။ သူ့ရဲ့ လက္ခဏာတွေကတော့ ပျို့တာ၊ အန်တာ၊ ရင်ပြည့်တာ၊ ဗိုက်ကယ်တာ၊ ဗိုက်အောင့်တာ၊ ရင်ပြည့်တော့ အစာသိပ်မစားနိုင်ဘဲ တဖြည်းဖြည်း ပိန်လာတာ၊ စားချဉ့်ရည်ဆန်တက်ပြီး ရင်ပူတာ စတာတွေ ဖြစ်နိုင်ပါတယ်။
ဒါကတော့ ဆီးချိုသက်တမ်းကြာလာတာနဲ့အမျှ ဖြစ်လာနိုင်ပြီး ဆီးချို ထိန်းနိုင်တာ၊ မထိန်းနိုင်တာနဲ့ မဆိုင်ပါဘူး။ ဘာကြောင့်လည်း မသိပေမယ့် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုအဖြစ်များပါတယ်။ အမျိုးအစား ၁ဆီးချိုရောဂါရှင်တွေက အမျိုးအစား ၂ဆီးချိုရောဂါရှင်တွေထက် ပိုဖြစ်တာကိုလည်း တွေ့ရပါတယ်။
ကုသနည်းတွေကတော့ စားသောက်မှု ပုံစံပြောင်းလဲတာ (ကြေလွယ်တဲ့ အစားအစာတွေ စားတာ)၊ အဆီများတာ၊ အမျှင်ဓာတ်များတာတွေ လျှော့စားတာ၊ ဆေးဝါးအကူအညီယူတာ စတာတွေပဲ ဖြစ်ပါတယ်။
- အူလမ်းကြောင်း ရောဂါများ
သူ့လက္ခဏာတွေက irritable bowel syndrome (IBS) လို့ခေါ်တဲ့ အူလမ်းကြောင်းလှုပ်ရှားမှု မမှန်တဲ့ ရောဂါနဲ့ ဆင်တူပါတယ်။ ဆီးချိုသမားတွေမှာ အူလမ်းကြောင်း ပြဿနာတွေက အူမှာရှိတဲ့ အာရုံကြောတွေ ထိခိုက်လို့ ဖြစ်ရတာပါ။ သွေးထဲမျာ သကြားဓာတ်တွေ များလာတဲ့အခါ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီလိုနဲ့ ကြာလာတဲ့အခါမှာ အာရုံကြောက လုံးလုံးပျက်စီးသွားပါတယ်။
ဒါကြောင့် အူလမ်းကြောင်း လှုပ်ရှားမှု မမှန်တော့ဘဲ ဝမ်းလျှောတဲ့အခါလျှော၊ ဝမ်းချုပ်တဲ့အခါ ချုပ်၊ ဗိုက်တွေရစ် စတဲ့ ပြဿနာတွေ ခံစားရတာပါ။ ကုသနည်းတွေကတော့ လက္ခဏာတွေ ဆိုးနေတဲ့အချိန်ဆို အစာကြေခဲတဲ့ အဆီနဲ့ အမျှင်ဓာတ်တွေ လျှော့စားမယ်၊ အူလမ်းကြောင်း လှုပ်ရှားမှု ကောင်းပြီး အစာကြေစေတဲ့ ဆေးတွေ သောက်ရပါတယ်။ လိုအပ်ရင်တော့ ခွဲစိတ်ကုသရပါတယ်။
ဆီးချိုကြောင့် ဝမ်းဗိုက်မထိခိုက်အောင် ဘယ်လို နေထိုင်ကြမလဲ။
ဆီးချိုကြောင့်ဖြစ်တဲ့ ဝမ်းဗိုက်ပြဿနာ တွေကို လျစ်လျူမရှုသင့်ပါဘူး။ လက္ခဏာတွေက မပြင်းထန်ပေမယ့် ကြာလာတဲ့အခါ နေ့စဉ်ဘဝမှာ အနှောင့်အယှက်ဖြစ်လာနိုင်ပါတယ်။ ဝမ်းဗိုက်ပြဿနာတွေကို သက်သာစေဖို့
နေ့စဉ် သွေးတွင်းသကြားဓာတ်ရော HbA1cလို့ခေါ်တဲ့ သုံးလသွေးတွင်းသကြားဓာတ်ကိုရော သေချာထိန်းပါ။ အထူးသဖြင့် HbA1cက အစာရေမျိုပြွန်နဲ့ အစာအိမ်နဲ့ လုပ်ဆောင်ချက်အပေါ် အများကြီး လွှမ်းမိုးထားနိုင်ပါတယ်။
အထူးသဖြင့် ချိုလွန်းတဲ့ အစားအစာတွေကို ရှောင်ကြည်ပါ။ သကြားဓာတ်များတဲ့ အစားအစာတွေက အူလမ်းကြောင်းက ဘက်တီးရီးယားတွေကို အပြောင်းအလဲ ဖြစ်စေပါတယ်။ ဒါ့ပြင် အဆီများတဲ့အစားအစာတွေ၊ ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေ ဖြစ်တဲ့ ပေါင်မုန့်ဖြူ၊ ထမင်းဖြူစတာတွေကို ချင့်ချိန်ပြီး စားပါ။
ဒီလိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားတာက ဝမ်းဗိုက်ပြဿနာကို ကာကွယ်ပေးနိုင်သလို ပိုဆိုးမလာအောင်လည်း တားဆီးပေးနိုင်ပါတယ်။ ဝမ်းဗိုက်ပြဿနာတွေ သိပ်မဆိုးတဲ့အချိန်တွေမှာ အမျှင်ဓာတ်ပါတာတွေကို စားပေးနိုင်ပါတယ်။ အမျှင်ဓာတ်က ဗိုက်ပြည့်လွယ်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်လို့ပါ။
- နည်းနည်းနဲ့ ခဏခဏ စားပါ။
ဒီလိုပုံစံနဲ့ စားတာက စားချဉ့်ရည်ဆန်တက်တာ၊ ဗိုက်ကယ်တဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ တစ်ထိုင်တည်း အများကြီးစားတာထက် နည်းနည်းစီ ခွဲစားပါ။
- စားပြီးပြီးချင်း မလှဲပါနဲ့။
စားပြီး သောက်ပြီး ဗိုက်လေးလာတာနဲ့အမျှ မျက်လုံးလေးလည်း စင်းလာပါတယ်။ ဒီတော့ လှဲပြီး အိပ်မိတတ်ပါတယ်။ ဒီလို အိပ်လိုက်တာက ခုမှစားထားတဲ့ အစားအစာတွေ၊ အစာအိမ်ထဲက အက်စစ်တွေ ပြန်တက်စေပြီး ရင်ပူတတ်ပါတယ်။ ဒါကြောင့် စားပြီး ၂နာရီ၊ ၃နာရီလောက်ကြာတဲ့အထိ မလှဲပါနဲ့။ မတ်မတ်ထိုင်ပါ။ အိပ်ငိုက်ရင် လမ်းထလျှောက်ပါ။
- ဝမ်းဗိုက်ပြဿနာတွေကို လျစ်လျူမရှုပါနဲ့။
ခုဆို ဆီးချိုရှိတဲ့သူတွေမှာ ဝမ်းဗိုက်ပြဿနာတွေ ခံစားရနိုင်တယ်ဆိုတာကို သိသွားပါပြီ။ ဒါပေမယ့် ဝမ်းဗိုက်ပြဿနာဖြစ်တိုင်း ဆီးချိုကြောင့်ပဲလို့ တရားသေ မမှတ်လိုက်ပါနဲ့။ တခြားအကြောင်းရင်းလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် လိုအပ်မယ်ဆိုရင် ဆရာဝန်နဲ့ ပြသဖို့ အကြံပြုချင်ပါတယ်။
[embed-health-tool-bmi]