backup og meta

ကိုဗစ်ကြောင့် အိပ်မပျော်ဖြစ်နေသလား

ကိုဗစ်ကြောင့် အိပ်မပျော်ဖြစ်နေသလား

အိပ်ရေးဝခြင်း၊ နှစ်ခြိုက်စွာအိပ်စက်နိုင်ခြင်းဟာ ကျန်းမာရေးအတွက် အထူးအရေးကြီးလှပါတယ်။ စိုးရိမ်စိတ်များခြင်း၊ စိတ်ပူပန်ခြင်း စတာတွေဟာ အိပ်ရေးပျက်စေတဲ့ အကြောင်းအရင်းဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်လာတတ်ပါတယ်။ အထူးသဖြင့် ယခုလို COVID-19 ပြဿနာကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအနေအထားနဲ့ ရင်ဆိုင်လာရတဲ့အခါ လူထုရဲ့ စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်လာကြပါတယ်။

နဂိုအခံက စိုးရိမ်ပူပန်တတ်သူတွေဟာ အကောင်အထည်မမြင်နိုင်တဲ့ COVID ကို ကြုံလာရချိန်မှာ စိုးရိမ်စိတ်များပြားလာခြင်း၊ စိတ်ကျခြင်း စတဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပေါ်လာပြီး အိပ်မပျော်နိုင်တဲ့ ဝေဒနာပါ တိုးလာပါတယ်။ တကယ်တော့ ဒီကပ်ရောဂါကို ကာကွယ်ဖို့ဆိုရင် ကိုယ်ခံစွမ်းအား ပြည့်ဝနေဖို့ အိပ်ရေးကောင်းကောင်းဝဖို့ လိုပါတယ်။ အိပ်ရေးပျက်ပြီး ကိုယ်ခံအားကို ထိခိုက်လာတဲ့အခါ ပတ်ဝန်းကျင်မှာရှိတဲ့ ရောဂါပိုးမျိုးစုံရဲ့ဒဏ်ကို မခံနိုင်ဖြစ်လာနိုင်ပါတယ်။

ယခုဆက်လက်ဖော်ပြပေးမှာကတော့ COVID ကြောင့် စိုးရိမ်ပူပန် အိပ်မရဖြစ်နေသူတွေအတွက် လုပ်ဆောင်သင့်တဲ့ အချက်လေးတွေ ဖြစ်ပါတယ်။

၁။ ယခင် ပုံမှန်လုပ်ဆောင်နေကျအရာများကို အနီးစပ်ဆုံး လုပ်ဆောင်ပါ

COVID ကပ်ကာလမှာ လူအတော်များများဟာ ပုံမှန်လုပ်ငန်းဆောင်တာများနဲ့ လွဲချော်သွားကြပါတယ်။ ဥပမာ နေ့တိုင်း ရုံးတက်ရမယ့်အစား အိမ်ကနေပဲ အလုပ်လုပ်ရတဲ့ပုံစံ ဖြစ်ပါတယ်။ ပုံမှန်သွားနေကြ အားကစားခန်းမတွေ မသွားနိုင်တာ ရှိပါတယ်။ ဒါပေမယ့် ပုံမှန် လုပ်ရိုးလုပ်စဉ်နဲ့ သိပ်မကွာခြားအောင် အနီးစပ်ဆုံး နေနိုင်ပါတယ်။ ဥပမာ ရုံးချိန်အတိုင်း အလုပ်လုပ်တာမျိုး၊ အိပ်ခန်းက ခုတင်မှာ အလုပ်မလုပ်ဘဲ တခြားအခန်းမှာ အလုပ်လုပ်တာမျိုး ဖြစ်ပါတယ်။ ဒါမှသာ အလုပ်ချိန်အပြီး အနားယူတဲ့အခါ စိတ်အပြောင်းအလဲ ဖြစ်နိုင်ပါလိမ့်မယ်။ ရုံးချိန်ပြီးရင် အားကစားခန်းမမသွားနိုင်ပေမယ့် မိမိအိမ်တွင်းမှာပဲ ကိုယ်လက်လှုပ်ရှားခြင်း လုပ်ဆောင်နိုင်ပါတယ်။

၂။ အိပ်ရာပေါ်ပဲ ခွေမနေပါနဲ့

ရုံးမတက်ရဘဲ အိမ်ကနေဘဲ အလုပ်လုပ်တဲ့အခါ အိပ်ခန်းထဲမှာ အလွယ်တကူ သက်သောင့်သက်သာ လုပ်ကိုင်တတ်ကြပါတယ်။ ဒီအချိန်မှာ ကြုံနိုင်တာက မကြာခဏ အိပ်ပျော်နေခြင်းပါပဲ။ ခဏတဖြုတ်သာ မှေးတယ်ဆိုပေမယ့် တစ်နေ့တာအတွင်း အကြိမ်ရေ များလာတဲ့အခါ ပုံမှန်အိပ်ချိန်ကိုပါ အနှောင့်အယှက်ဖြစ်လာပါတယ်။ တကယ်အိပ်ရမယ့်အချိန်မှာ အိပ်မရဘဲ စိုးရိမ်စိတ်တွေလည်း ပွားလာနိုင်ပါတယ်။

၃။ ကိုယ်လက်လှုပ်ရှား လုပ်ဆောင်ပါ

သင်သွားနေကြ အားကစားခန်းမ ပိတ်သွားပေမယ့် အိမ်မှာတော့ ဆက်လုပ်နိုင်ပါသေးတယ်။ နေ့စဉ် နေ့ကျင့်ခန်း လုပ်ဆောင်ခြင်းဟာ ကျန်းမာရေးအတွက် အကျိုးဖြစ်စေသလို ညဘက်မှာလည်း ကောင်းစွာ အိပ်ပျော်စေနိုင်ပါတယ်။ သိပ်ပြီး အားမစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းမျိုးကို တစ်နေ့မှာ နာရီဝက်ခန့် ပုံမှန်လုပ်ဆောင်သင့်ပါတယ်။ ဒါပေမယ့် အိပ်ခါနီးကပ်ပြီး လေ့ကျင့်ခန်း လုပ်ပေးတာမျိုးကိုတော့ ရှောင်ရပါမယ်။

၄။ သတင်းများကို စိစစ်ပါ

ဒီအချိန်ကာလမှာ စိတ်ပူပန်စိုးရိမ်မှုကို မြင့်တက်ရတဲ့ အဓိကအကြောင်းအရင်းကတော့ ကပ်ရောဂါနဲ့ ပတ်သက်တဲ့ သတင်းတွေကိုပဲ တစ်ချိန်လုံးကြားနေရလို့ ဖြစ်ပါတယ်။ သတင်းအမှန်ကို အချိန်နဲ့ တစ်ပြေးညီကြားသိရဖို့ အရေးကြီးတာ မှန်ပေမယ့် ကပ်ရောဂါကူးစက်နှုန်း၊ သေဆုံးနှုန်း စတာတွေပဲ အမြဲတမ်း ကြားလာရရင် စိုးရိမ်မှုတွေ များလာတတ်ပါတယ်။ ကောင်းတာကတော့ တစ်နေ့တာ သိသင့်တဲ့ သတင်းကို သိပြီးရင် ထပ်ပြီး ရှာဖွေဖတ်ရှုခြင်း မပြုသင့်ပါဘူး။ သတင်းရင်းမြစ်များကိုလည်း မှန်မမှန် စိစစ်သင့်ပါတယ်။ ဒီကာလမှာ အိပ်ရာဝင်ခါနီး သတင်းဖတ်ခြင်း၊ ကော်ဖီသောက်ခြင်း မပြုသင့်ပါဘူး။

၅။ အိပ်ခါနီး ဖုန်းသုံးခြင်း၊ တီဗီကြည့်ခြင်း လျှော့ပါ

မိမိနေအိမ်မှာပဲ နေစဉ်ကာလမှာ အင်တာနက်သုံးခြင်းဟာ ပတ်ဝန်းကျင်နဲ့ အဆက်မပြတ်ဖို့၊ အထီးကျန်မဆန်စေဖို့၊ စိတ်အပန်းပြေစေဖို့ အထောက်အကူ ပြုပါတယ်။ ဒါပေမယ့် တစ်နေ့လုံးမှာ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာမျက်နှာပြင်နဲ့ မျက်စိမခွာခြင်းဟာ ညဘက်အိပ်စက်ရာမှာ အနှောင့်အယှက်ဖြစ်စေပါတယ်။

အိပ်ရာဝင်ခါနီး တစ်နာရီအတွင်း တီဗီကြည့်ခြင်း၊ ဖုန်းသုံးခြင်းများ မပြုသင့်ဘူးလို့ ပညာရှင်အချို့က ဆိုပါတယ်။ ဒီနည်းနဲ့ စိတ်ပူပန်စရာကိစ္စတွေကို ရှောင်ရှားရာလည်း ရောက်ပါတယ်။ အဲဒီအစား စာအုပ်ဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း စတာတွေကိုပဲ ပြုလုပ်သင့်ပါတယ်။

၆။ အရက်အလွန်အကျွံ မသောက်ပါနဲ့

အရက်သောက်ရင် နေလို့ကောင်းပြီး အိပ်လည်းပျော်မယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် ဒီနည်းဟာ စိတ်ပူပန်ခြင်းကို ဖြေဖျောက်ဖို့ အဆင်မပြေပါဘူး။ အရက်ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေလည်း ကြုံနိုင်ပါသေးတယ်။

အရက်သောက်မယ့်အစား စိတ်တည်ငြိမ်အောင် တရားထိုင်ခြင်း၊ ဂီတနားထောင်ခြင်း၊ စာဖတ်ခြင်း စတာတွေ ပြုလုပ်သင့်ပါတယ်။

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health-news/how-to-get-better-sleep-during-the-covid-19-outbreak Accessed Date 1 June 2020

ယခုပုံစံ

23/08/2020

Written by Dr. Thant Zin

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ

ကိုဗစ်ရောဂါအချိန်အတွင်း သားသားမီးမီးလေးတို့ကိုဘယ်လိုစောင့်ရှောက်သင့်သလဲ


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


23/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement