backup og meta

Covid-19 ကာလမှာ အစားတွေ ထိန်းမရအောင် စားနေမိပြီလား


Ye Myo Myat မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Covid-19 ကာလမှာ အစားတွေ ထိန်းမရအောင် စားနေမိပြီလား

    ဒီရက်ပိုင်း အိမ်မှာပဲ နေနေရတာဆိုတော့ အရမ်းကို ပျင်းနေမှာပဲနော်။ အပြင်လည်း မသွားရ၊ အလုပ်လည်း မလုပ်ရ၊ သူငယ်ချင်းတွေနဲ့လည်း တွေ့ပြီး စကားမပြောရ၊ အဆိုးဆုံးက အိမ်မှာပဲ လှောင်ပိတ်ခံထားရသလို ဖြစ်နေတော့ ဘာမှလုပ်စရာ မရှိရင် အစားအသောက်ဘက်ကို မျက်စောင်းထိုးတတ်ကြတာ လူ့သဘာဝပဲလေ။ ဒါ့အပြင် တက်လာတဲ့ ကျန်းမာရေးဆိုင်ရာ သတင်းတွေကလည်း စိုးရိမ်စရာတွေချည်းပဲ ဆိုတော့ လူက စိတ်ဖိစီးပြီး အစားပိုစားချင်လာတော့တာပေါ့။

    အစာစားတာကတော့ ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုး မရှိသလောက် နည်းပါတယ်။ တစ်ခု သတိထားရမှာက လူတော်တော်များများက စိတ်ဖိစီးမှုကြောင့် ဒါမှမဟုတ် ဘာမှလုပ်စရာ မရှိလို့ ပျင်းနေပြီဆိုရင် တွေ့ရာကို စားတတ်ကြတာပါ။ အာဟာရမဖြစ်တာတွေ စားပြီး ဗိုက်က ပြည့်နေရင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က တစ်နေ့တာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို လုံလောက်စွာ မရနိုင်တော့ဘဲ အားအင်ချိနဲ့လာမယ်။ Gym လည်း မသွားဖြစ်၊ အားကစားလည်း မလုပ်ဖြစ်ရင်တော့ စားလိုက်သမျှ အစာတွေကနေ ကယ်လိုရီတွေ၊ ကိုလက်စထရောဓာတ်တွေက ကိုယ်ခန္ဓာထဲမှာ စုမိသလို ဖြစ်ပြီး ပိုဆိုးသွားတော့မှာပေါ့။

    ဒါဆိုရင် ဘာလုပ်ကြမလဲ။

    အဓိက ကိုယ် ဘာစားနေလဲ၊ ကိုယ် စားနေတဲ့ အစားအစာတွေက ကိုယ့်အတွက် အာဟာရ ဖြစ်စေရဲ့လား၊ စားလိုက်တဲ့ အစားအစာကြောင့် မလိုလားတဲ့ ဘေးထွက်ဆိုးကျိုး မဖြစ်အောင် ဘယ်လို နေထိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး သိထားဖို့ လိုပါတယ်။

    ၁။ ဘာကြောင့် အလွန်အကျွံ စားနေမိတာလဲ။

    အရင်ဆုံး ကိုယ့်စိတ်ကို ပြန်ဆန်းစစ်ကြည့်ပါ။ စိတ်ဖိစီးနေတာ၊ စိတ်ညစ်နေတာ၊ စိတ်ဓာတ်ကျနေတာမျိုး စတဲ့ မကောင်းတဲ့ စိတ်လက္ခဏာတွေ ခံစားနေရလား ဆိုတာပေါ့။ လူဆိုတာက စိတ်ညစ်ရင် ကိုယ့်ကိုယ်ကိုယ် ထိခိုက်မယ့် အရာတွေ ရွေးလုပ်တတ်ပါတယ်။ အဲ့လို အရာတွေထဲမှာ အစားသောင်းကျန်းတာလည်း တစ်ခုအပါအဝင်ပဲပေါ့။ အဲ့ဒီ မကောင်းတဲ့ စိတ်တွေကို အရင်နားလည်ဖို့၊ ဖြေဖျောက်ထားဖို့ အရေးကြီးပါတယ်။

    ၂။ စိတ်ဖိစီးစေဖို့ တွန်းအားတွေက ဘာတွေလဲ။

    ဒီစိတ်တွေကို ဘာတွေက ဖြစ်စေသလဲ ပြန်စဉ်းစားကြည့်ပါ။ များသောအားဖြင့် ခုချိန်မှာ Covid-19 နဲ့ ပတ်သက်ပြီး ကြောက်ရွံ့တဲ့ စိတ်ရယ်၊ အထီးကျန်တဲ့ စိတ်တွေက ပိုများပါတယ်။ Covid-19 နဲ့ ပတ်သက်ပြီး လောလောဆယ် မြန်မာနိုင်ငံရဲ့ အခြေအနေက တော်တော်တည်ငြိမ်နေတယ်လို့ ဆိုလို့ ရပါတယ်။ ကူးစက်ခံရသူ အရေအတွက် တိုးလာတဲ့တိုင်အောင်၊ တိုင်းပြည်၊ စီးပွားရေး၊ ရောဂါအခြေအနေက တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အများကြီး အဆင်ပြေနေပါတယ်။ အဲ့တော့ အရမ်းကြီး စိုးရိမ်စိတ်တွေ မများပါနဲ့။ ကိုယ့်ဘက်က ကာကွယ်စရာ ရှိတာတွေ ကာကွယ်မယ်။ မိသားစုကိုလည်း ကျန်းမာနေစေဖို့ သေချာဂရုစိုက်မယ်ဆိုရင် ရပါပြီ။

    အထီးကျန်တဲ့ စိတ်နဲ့ ပတ်သက်ပြီး လူချင်းတွေ့တာမျိုးထက် စာရင် ဖုန်းခေါ်ပြီး စကားပြောတာမျိုး၊ အင်တာနက်ကနေ စာပို့တာ၊ video call ခေါ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ ပြေးတော့ မတွေ့နဲ့ပေါ့ဗျာ။ ဒီကပ်ဘေးတွေ အားလုံးပြီးတဲ့အထိ ခဏလေး စောင့်ပြီးတော့မှ အကုန်လုံးတွေ့ပြီး စကားစမြည်ပြော၊ အလွမ်းသယ်ကြပေါ့။

    ၃။ ကျန်းမာစေတဲ့ အစားအစာတွေပဲ ရွေးစားပါ။

    စိတ်ညစ်ပြီဆိုရင် မြင်မြင်သမျှ လျှောက်စားတတ်တာက တကယ့် ပြဿနာပါ။ အဲ့လိုအချိန်ဆိုရင် ချိုလွန်းတဲ့ မုန့်တွေ၊ အအေးတွေ၊ ဆီကြော်တွေကို ပါးစပ်က အာသီသ ပိုဖြစ်တတ်ပါတယ်။ ခုချိန်မှာတော့ မလွဲသာ မရှောင်သာ စားနေရတယ်ဆိုရင်တောင်မှ နည်းနည်းတော့ လျှော့စားပေးပါ။ အာဟာရ ဖြစ်စေမယ့် အစားအစာတွေကိုလည်း စားဖို့ မမေ့ပါနဲ့။ အဓိက အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ဥ၊ နွားနို့လောက်တော့ ပုံမှန်လေး စားပေးပေါ့။

    ၄။ စားတဲ့ပမာဏကို ထိန်းချုပ်ပါ။

    အများကြီးစားလိုက်မှ ဗိုက်ပြည့်တာပေါ့လို့ လူတွေက ထင်တတ်ကြတယ်။ တကယ်တမ်း လိုတာထက် ပိုပြီး စားလိုက်တဲ့အခါ ဗိုက်ထဲကို အဆီတွေ၊ ကယ်လိုရီတွေက အများကြီးရောက်သွားတတ်ပါတယ်။ အဲ့တော့ ကိုယ်ခန္ဓာက ဒီ ကယ်လိုရီတွေကို လောင်ကျွမ်းစေဖို့ ပိုအလုပ်လုပ်ရပြီး အာဟာရဓာတ် စုပ်ယူမှု အားနည်းသွားတယ်။ ကယ်လိုရီတွေက ထင်သလောက် မလောင်ကျွမ်းနိုင်တဲ့အခါ အဆီပိုတွေအဖြစ်နဲ့ ခန္ဓာကိုယ်ထဲမှာ စုမိပြီး အဝလွန်လာတော့မှာပါ။ ဒါကြောင့် အစာစားရင် ပမာဏနည်းနည်းနဲ့ အကြိမ်ရေကို ခွဲပြီး စားပေးတာ အကောင်းဆုံးပါပဲ။ ဗိုက်ဆာပြီဆိုရင်လည်း မုန့်ပဲသရေစာတွေ နှိုက်စားတာမျိုးတော့ မလုပ်နဲ့နော်။

    ၅။ ကိုယ်တိုင်ချက်ပြုတ်စားပေးပါ။

    အပြင်စာဆိုတော့ အိမ်မှာချက်တာနဲ့ ယှဉ်ရင် နည်းနည်းတော့ ပိုအရသာရှိမှာပေါ့။ သုံးထားတဲ့ အချိုမှုန့်တွေ၊ ဟင်းခတ်မှုန့်တွေ ဆိုတာ မနည်းမနောပဲကိုး။ နောက်ပြီးတော့ အပြင်စာတွေက ဘယ်လိုချက်ပြုတ်ထားလဲ၊ သန့်ရှင်းမှုရှိလားဆိုတာ ကိုယ်တိုင် မျက်လုံးနဲ့ မမြင်နိုင်ဘူးလေ။ ဒါကြောင့် တတ်နိုင်ရင်တော့ ကိုယ့်ဘာသာပဲ အိမ်မှာ ချက်ပြုတ်စားပေးဖို့ အကြံပေးချင်ပါတယ်။ အနည်းဆုံးတော့ ဆိုင်ချက်လောက် အရသာမရှိရင်တောင် သန့်သန့်ရှင်းရှင်း ချက်ပြုတ်ထားတယ်၊ ဘေးလည်း ကင်းမှာပါ။

    ၆။ လေ့ကျင့်ခန်းကိုလည်း ကိုယ်တတ်နိုင်သလောက်လေး လုပ်ပေးပါ။

    အလေးတုံးတွေ မရှိလို့ လေ့ကျင့်ခန်း လုပ်လို့မရဘူးဆိုတာ မရှိပါဘူး။ ကိုယ်သာ လုပ်ချင်စိတ်ရှိရင် မဖြစ်ဖြစ်တဲ့ နည်းနဲ့ လုပ်လို့ ရပါတယ်။ ဥပမာ – ရေပုံးကို ရေဖြည့်ပြီး မတာ၊ တန်းတွေ ရှိရင် ဘားခိုတာ၊ အလေးအပင်တွေကို ကိုယ်နိုင်သလို တစ်ဖက်တည်း ဖြစ်စေ၊ လက်နှစ်ဖက်နဲ့ ဖြစ်စေ မလို့ ရပါတယ်။ ဒိုက်ထိုးတာ၊ အိပ်ထမတင် လုပ်တာ၊ ထိုင်ထလုပ်တာအပြင် အိမ်ထဲ လမ်းပတ်လျှောက်တာ၊ ရုပ်ရှင်ကြည့်နေရင်း လက်ချောင်း၊ ခြေချောင်းတွေကို လှုပ်တာ၊ ခြေလက်ဆန့်တန်းတာ၊ ယောဂကျင့်တာ၊ တရားထိုင်တာ စတဲ့ လေ့ကျင့်ခန်းမျိုးတွေလည်း လုပ်လို့ ရပါတယ်။

    ၇။ ကိုယ့်ကိုယ်ကိုယ် အရမ်း အနားမပေးပါနဲ့။

    အလုပ်မသွားရဘူးဆိုတဲ့ အတွက် နားချိန်ကတော့ ပိုနေမှာပါ။ အဲ့လို နားနေတဲ့အချိန်မှာ ဘာမှမလုပ်ဘဲ ဖုန်းပွတ်တာထက် စာရင် ဘဝအတွက် အကျိုးရှိစေမယ့် စာအုပ်တွေ ဖတ်တာ၊ အင်တာနက်ကနေ ကျန်းမာရေး အကြောင်း လေ့လာတာ၊ ဘာသာစကားနဲ့ ပတ်သက်ပြီး ဗီဒီယို ကြည့်ပြီး လေ့လာသင်ယူတာမျိုး အများကြီး လုပ်လို့ ရပါတယ်။

    အစာလည်း သေချာစား၊ ကိုယ့်အတွက် အာဟာရ ဖြစ်စေမှာကိုပဲ အဓိကစားပေးဖို့ ထပ်ပြီး မှာချင်ပါတယ်။ အစာစားပြီးရင်လည်း ရေများများ သောက်ပေးဖို့ မမေ့နဲ့ဦးနော်။ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်နေပါစေ၊ ကျန်းမာရေးသည် ကိုယ့်ရဲ့ လက်ထဲမှာပဲ ရှိနေသလို ကိုယ့်ရဲ့ နေထိုင်စားသောက်မှု ပုံစံတွေဟာလည်း ကျန်းမာရေးကို တစ်နည်းနည်းနဲ့ သွားပြီး သက်ရောက်မှု ရှိစေနိုင်တယ်ဆိုတာ သတိပြုပေးပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    [covid_19]

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါ ရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement