backup og meta

ကလေးတွေကို နား သန့်ရှင်းပေးသင့်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေကို နား သန့်ရှင်းပေးသင့်သလား

    လူကြီးတွေ ဆိုတာကလေ ကိုယ်တိုင်တောင် နားဖာကလော် တကိုင်ကိုင်၊ ဂွမ်းလုံးတံလေး တထုတ်ထုတ်နဲ့ နား ကလော်မှ သန့်ရှင်းတယ်ထင်ကြတာပါ။ ဘာမှမရှိရင် ခေါင်းညှပ်ကလစ်လေး နဲ့ တောင် နားဖာချေး ကလော်တတ်ကြပါတယ်။

    ဒါပေမယ့် နား ကို ကလော်ဖို့ လိုအပ်လို့လား

    နားအတွင်းပိုင်း ဆိုတာ သူ့အလိုအလျောက် သန့်စင်နိုင်စွမ်း ရှိသလို ထူးထူးခြားခြား သန့်ရှင်းပေးဖို့ မလိုပါဘူး။ အတော်များများ လုပ်လေ့ရှိတဲ့ နားသန့်ရှင်းရေး ကတော့ နားဖာချေး တွေကို ရှင်းထုတ်တာပါပဲ။ ဒါတွေ မရှိမှ သန့်နေမယ်၊ အကြားအာရုံ ပိုကောင်းတယ် လို့ ထင်ကြတယ်လေ။

    နားဖာချေး ဆိုတာ

    နားဖာချေး ဆိုတာ cerumen လို့ ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုး ဖြစ်ပြီး နားကို ကာကွယ်ပေးဖို့ နဲ့ နားအတွင်းပိုင်း စိုစွတ်မှု ထိန်းပေးဖို့ ခန္ဓာကိုယ်က အလိုအလျောက် ပုံမှန်ထုတ်ပေးနေတာပါ။ နားဖာချေးသာ မရှိရင် နား ထဲမှာ ခြောက်သွေ့ယားယံ နေနိုင်ပါတယ်။

    သူ့မှာ ဘက်တီးရီးယား သေစေနိုင်စွမ်းလည်း ရှိလို့ နားကို အလိုအလျောက် သန့်စင်ပေးနိုင်ပါတယ်။ ဖုန်မှုန့် နဲ့ အညစ်အကြေးတွေလို အန္တရာယ်ပေးနိုင်တဲ့ အရာတွေ နားအတွင်းထဲ မရောက်နိုင်အောင် တားဆီးပေးထားတာမို့ နားဖာချေးက နားအတွက် အကာအကွယ် တစ်ခုလိုတောင် ဖြစ်နေပါသေးတယ်။ ဒါပေမယ့် နားဖာချေးက အပြင်ပိုင်းမှာပဲ ရှိပြီး အတွင်းပိုင်းမှာ မရှိတတ်ပါဘူး။

    နားဖာချေး ပိတ်တာ ကရော

    နားဖာချေး ပိတ်ရတဲ့ အကြောင်းရင်းကတော့ နားထဲကို နားကြပ်ဂွမ်းလို တစ်ခုခုနဲ့ သန့်ရှင်းဖို့ ကြိုးစားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး နားထဲ ထိုးလိုက်တဲ့အခါ နားဖာချေးတွေကို အတွင်းထဲ နက်နက်ပိုရောက်သွားအောင် တွန်းပို့သလို ဖြစ်စေတာမို့ပါ။

    ပြင်ပအရာဝတ္ထုတစ်ခုခု ဒါမှမဟုတ် ချွန်ထက်တဲ့ အရာဝတ္ထု တစ်ခုခု နဲ့ နားထဲကို ကလော်တာ၊ ထိုးတာတွေကြောင့် ပိုးဝင်တာနားစည်ပေါက်ပြဲတာ၊ အကြားအာရုံဆုံးရှုံးတာတွေလို နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။

    လူကြီးတွေတောင် ဒီလိုအန္တရာယ်တွေ ရှိနိုင်တာကို ကလေးတွေကို ဆွဲပြီး နားဖာကလော်ပေးတာ၊ နား သန့်ရှင်းပေးတာတွေက မလုပ်သင့်တာတွေပါ။ ကိုယ်သုံးတဲ့ ကိရိယာ၊ ပစ္စည်း၊ ကိုယ့်ရဲ့လက် စတာတွေက သန့်ရှင်းမှုရောရှိရဲ့လား၊ နည်းလမ်းမှန်ရဲ့လား။ ကလေးရဲ့ အကြားအာရုံကို ထိခိုက်သွားနိုင်မလား ဘယ်သူအာမခံနိုင်ပါသလဲ။

    ဘယ်လို သန့်ရှင်းပေးသင့် တာလဲ

    ပုံမှန်အားဖြင့်တော့ မလိုပါဘူး။ နားပိတ်ဆို့တာ သိပ်ဆိုးဆိုးရွားရွားမဖြစ်ဘူးဆိုရင်တော့ အဝတ်စ နုနုလေးတစ်ခုကိုသုံးပြီး နားအပြင်ပိုင်းလေးကို အသာအယာသန့်ရှင်းပေးနိုင်ပါတယ်။

    ဒါပေမယ့် နားဖာချေးတွေ များနေတယ်၊ လက္ခဏာ တစ်ခုခု ဖြစ်လာတယ်ဆိုရင် cerumen impaction လို့ ခေါ်တဲ့ နားဖာချေးပိတ်ဆို့ခြင်းဖြစ်နေနိုင်ပါတယ်။

    သူ့ရဲ့လက္ခဏာတွေက –

    • နားထဲမှာ နာတာ ဒါမှမဟုတ် ပိတ်နေသလို ခံစားရတာ၊
    • တစ်ချက်တစ်ချက် သိပ်မကြားရတာ (ကြာရင်ပိုဆိုးလာနိုင်တယ်)
    • နားထဲ အသံမြည်နေတာ၊
    • နားထဲက ယားတာ၊ အရည်ထွက်တာ၊ အနံ့ထွက်တာ၊
    • ချောင်းဆိုးတာ တို့ ပါဝင်ပါတယ်။

    ဆရာဝန်ပြတဲ့ အခါ နားကို စစ်ဆေးကုသပြီး နားဖာချေးတွေကို ကိရိယာ အသေးစားလေးတွေ သုံးပြီး ဖယ်ရှားတာ၊ စုပ်ထုတ်တာ စတဲ့နည်းတွေ လုပ်ပေးမှာပါ။ ဒါ့ကြောင့် နားထဲ ယားလာတာ၊ စပ်လာတာ တစ်ခုခု ဖြစ်လာရင် ဆရာဝန်ပြပါ။

    ဒါ့ကြောင့် မေမေတို့ရေ ကလေးတွေကို ကိုယ့်သဘောနဲ့ကိုယ် နားသန့်ရှင်းရေး လုပ်မပေးပါနဲ့နော်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement