အစာရေမျို ဆိုတာ ပိုက်လုံးနဲ့တူပါတယ်။ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပြီး အစာတွေကို သယ်ပို့ပေးပါတယ်။ အစာရေမျိုပြွန် တလျှောက် ဘယ်နေရာမှာဖြစ်ဖြစ် ကင်ဆာဖြစ်နိုင်ပါတယ်။ အစာရေမျိုပြွန် ကင်ဆာက ကမ္ဘာ့အဖြစ်အများဆုံးကင်ဆာတွေထဲမှာ နံပါတ် ၆ ချိတ်ပါတယ်။ အမျိုးသားတွေမှာ ပိုဖြစ်ပါတယ်။
အစာရေမျိုပြွန် ကင်ဆာ ဘယ်သူတွေမှာဖြစ်မှာလဲ။
အစာရေမျိုပြွန် မှာရှိတဲ့ ဆဲလ်တွေကို ခဏခဏ ဆွမိလို့ ဆဲလ်တွေ ခဏခဏ ပျက်စီးရင် ပိုဖြစ်ပါတယ်။ ဥပမာ
- GERD လို့ ခေါ်တဲ့ စားချဉ်ရည်ပြန်တဲ့ ရောဂါ
- စားချဉ်ရည် ခဏခဏ ပြန်တက်လို့ ဆဲလ်တွေ ပျက်စီးတာ (Barrett’s esophagus)
- ဆေးလိပ် အပါအဝင် ဆေးတံ၊ ဆေးပေါ့လိပ် သောက်တာ၊ဆေးရွက်ကြီး ငုံတာ
- အဝလွန်တာ
- အရက် သောက်တာ
- သည်းခြေရည် ပြန်တက်တာ
- Achalasia (အစာရေမျိုပြွန်ကျဉ်းလို့ အစာတွေ အစာအိမ်ထဲ မရောက်တဲ့ ရောဂါ)
- အလွန်ပူတဲ့ အရည်တွေကို အရသာခံ သောက်တာ
- အသီးအရွက် အစားနည်းတာ
- ရင်ဘတ် အပေါ်ပိုင်းကို ခဏခဏ ဓာတ်ရောင်ခြည် သင့်တာတွေက ကင်ဆာ ဖြစ်နိုင်ခြေကို များစေပါတယ်။
ဘာလက္ခဏာတွေပြမှာလဲ။
အစာရေမျိုပြွန် ကင်ဆာက အစောပိုင်းမှာ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။ နည်းနည်း ကြာလာရင်တော့
- အစာ မျိုရ ခက်ပါမယ်။
စစချင်းတော့ အစာ လည်ပင်းမှာ ကပ်နေတယ်လို့ ပြောပါမယ်။ အစာ စားရင် သီးပါမယ်။ နောက်ပိုင်း အစာမာတွေကို မျိုရ ခက်ပါမယ်။ ဒီထက် ပိုဆိုးလာရင် အစာပျော့၊ အစာပျော့ ကနေ ရေတောင် ကောင်းကောင်း မျိုနိုင်မှာ မဟုတ်ပါဘူး။
- စားပြီးသား အစာတွေ ဒီတိုင်း ပြန်ထွက်လာပါမယ်။
- အစာမကြေတာ၊ ရင်ပူတာ ဖြစ်ပါမယ်။
- ရင်ခေါင်း တောင့်၊ ရင်ခေါင်း အောင့်ပါမယ်။
- တဖြည်းဖြည်း ပိန်လာပါမယ်။
- အန် ပါမယ်။
- ဝမ်းဗိုက် အပေါ်ပိုင်း၊ ရင်ဘတ် နဲ့ နောက်ကျောတွေ အောင့်ပါမယ်။
- ချောင်းဆိုးမယ်။
- အသံ ပြောင်းလာမယ်။
- သွေးအားနည်းသလို ဖြူဖျော့ပြီး အားနည်း လာမယ်။
နောက်ဆက်တွဲဘာဖြစ်မှာလဲ။
- အစာရေမျိုပြွန် ပိတ်တာ
ကျဉ်းနေရင် နှာခေါင်းပိုက် ကနေ အစာ ထည့်လို့ ရပါသေးတယ်။ ဒီထက်ပိုဆိုးလို့ လုံးဝ ပိတ်သွားရင်တော့ ဗိုက်ကနေ အပေါက် ဖောက်ပြီး အစာ ထည့်ရပါမယ်။
- ကင်ဆာဆဲလ်တွေ ပျံ့သွားတဲ့အခါ နာပါမယ်။
- တခြား နေရာတွေကို ပျံ့သွားနိုင်ပါတယ်။
- ကင်ဆာ အကျိတ်ကနေ တစိမ့်စိမ့် သွေးထွက် နေတတ်ပါတယ်။
အစာရေမျိုပြွန် ကင်ဆာ ကုသနည်းများ
ရောဂါ အခြေအနေ၊ လူနာ အခြေအနေပေါ် မူတည်၍ ကုသနည်း များစွာ ရှိပါသည်။
- ခွဲစိတ်နည်း
- ဓာတ်ရောင်ခြည်ပြနည်း
- ဆေးသွင်းနည်း
- Targeted therapy
- Immunotherapy စသဖြင့်နည်းလမ်းပေါင်းများစွာရှိပါတယ်။
ကာကွယ်နည်းများ
အစာရေမျိုပြွန် ကင်ဆာ ဖြစ်တာကို လျှော့ချချင်တယ်ဆိုရင်
- ဆေးလိပ် ဖြတ်ပါ။ ဆေးလိပ် မသောက်တတ်ရင် မသောက်ပါနဲ့။ စွဲနေရင် ဖြတ်လိုက်ပါ။
- အရက် လျှော့သောက်ပါ။ အရက် မဖြတ်နိုင်သေးရင်လျှော့သောက်ပါ။
- အသီးအရွက် များများစားပါ။
- အဝမလွန်အောင် ထိန်းပါ။
[embed-health-tool-bmi]