backup og meta

သင့်ကိုယ်ထဲက အသံတိတ်လူသတ်သမား


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကိုယ်ထဲက အသံတိတ်လူသတ်သမား

    အဲလ်ပဲတီထွင်တဲ့ စတိဗ်ဂျော့ဘ်ကို သိကြတယ်ဟုတ်။ သူဆုံးသွားခဲ့တာ ပန်ကရိယကင်ဆာကြောင့်ပါ။ ပန်ကရိယကင်ဆာကို ကင်ဆာထဲမှာ အသံတိတ်လူသတ်သမားလို့ ပြောကြပါတယ်။

    ကင်ဆာဆိုတဲ့အမျိုးက တော်ရုံ လက္ခဏာမပြတဲ့အမျိုးဆိုတာ သိကြပြီးသားပါ။ဒါပေမယ့် ဒီပန်ကရိယကင်ဆာကပိုဆိုးပါတယ်။ သူက နေတဲ့နေရာက ဝမ်းဗိုက်ရဲ့ ဟိုးအနောက်မှာ ရှိနေတဲ့အတွက် တော်ရုံအကျိတ်ဖြစ်ရင်လည်း မသိနိုင်ပါဘူး။ ဒါကြောင့် သူ့ကို ကင်ဆာတွေထဲမှာ ပိုကြောက်ကြတာပါ။ အသံတိတ်နဲ့ကိုယ်ထဲမှာ တဖြည်းဖြည်းကြီးလာပြီး တွေ့တဲ့အချိန်ကျတော့ အဆင့်က တော်တော်လေးကို မြင့်နေပါပြီ။

    ဒါကြောင့် အတတ်နိုင်ဆုံး စောစောသိနိုင်ဖို့ အောက်ကလက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

    ပန်ကရိယာကင်ဆာရဲ့ လက္ခဏာတွေက ဘာလဲ။

    ဒီမှာလည်း ပြောစရာရှိတာက ပန်ကရိယကင်ဆာက နုသေးတယ်ဆို လက္ခဏာ မပြပါဘူး။ အောက်က လက္ခဏာတွေ ပြနေပြီဆိုတော့ ရောဂါက နည်းနည်းတော့ ရင့်နေပါပြီ။

    • ဗိုက်အောင့်တာက ခါးထိပါပြန့်သွားတယ်။
    • အစားအသောက်ပျက်တယ်။
    • အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန်ကျလာတယ်။
    • အသားတွေဝါ၊ မျက်လုံးတွေ ဝါလာတယ်။
    • ဆီးအရောင်ရင့်မယ်။
    • ဝမ်းအရောင်ဖျော့မယ်။
    • အသားတွေ ယားမယ်။
    • ရုတ်တရက်ကြီး သွေးချိုဓာတ်တွေ တက်လာမယ်။ ဒါမှမဟုတ် နဂိုရှိပြီးသား ဆီးချိုရောဂါက ထိန်းမရအောင် ဆိုးလာမယ်။
    • နုံးလာမယ် စတာတွေ  ဖြစ်လာပါမယ်။

    ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။

    • ဆေးလိပ်သောက်တဲ့သူတွေ
    • ဆီးချိုရောဂါရှိတဲ့သူ
    • နာတာရှည် ပန်ကရိယရောင်ရမ်းတဲ့ ရောဂါရှိတဲ့သူ
    • အဝလွန်တဲ့သူတွေ
    • မိသားစုထဲမှာ ပန်ကရိယကင်ဆာ ဖြစ်ဖူးတဲ့သူရှိရင်
    • အသက်၆၅နှစ်အထက် လူကြီးပိုင်းတွေ
    • BRCA2 မျိုးဗီဇ ချို့ယွင်းချက်ရှိသူတွေ၊ တချို့သော မျိုးဗီဇရောဂါ ရောဂါရှိသူတွေက ပန်ကရိယကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။

    နောက်ဆက်တွဲ ဘာတွေ ဖြစ်နိုင်လဲ။

    တချို့တွေကျတော့ ခုနကပြောခဲ့တဲ့ လက္ခဏာတွေ ရှိတာတောင် ရောဂါရှိမှန်း မသိကြပါဘူး။ နောက်ဆက်တွဲတွေ ဖြစ်ပြီး မခံစားနိုင်တော့မှ ဆေးရုံရောက်ပြီး စစ်ဆေးမှပဲ သိတော့တာပါ။ ဒါတွေက ဘာတွေလဲဆိုတော့

    • တစ်နေ့တခြား ပိန်လာတာ

    ပန်ကရိယက အစာခြေဖို့အတွက် လိုအပ်တဲ့ အင်ဇိုင်းတွေ ထုတ်ပေးပါတယ်။ ပန်ကရိယမကောင်းတဲ့အခါကျတော့ စားသမျှကို မခြေဖျက်နိုင်တာကြောင့် အာဟာရချို့တဲ့လာပါတယ်။ ဒါကြောင့် စားနေပေမယ့် အာဟာရမရဘဲ တဖြည်းဖြည်းနဲ့ ပိန်လာတာပါ။

    • အသားဝါလာတာ

    ကင်ဆာကျိတ်က အသည်းပြွန်ကို ဖိတာကြောင့် သည်းခြေရည်တွေ ကောင်းကောင်း မဆင်းနိုင်ဘဲ အသားဝါတာ၊ မျက်လုံးဝါတာ၊ ဆီးအရောင်ရင့်တာ၊ ဝမ်းအရောင်ဖျော့တာ စတာတွေ ဖြစ်လာပါတယ်။ တစ်ခါတစ်လေ ဗိုက်မအောင့်ဘဲ အသားဝါတာတစ်မျိုးပဲ ဖြစ်တတ်ပါတယ်။

    • နာတာ

    အကျိတ်က ဗိုက်က အာရုံကြောတွေ ဖိရင် ဗိုက်အောင့်တာ ဖြစ်ပါတယ်။ ဒီထက်ပိုဆိုးလာရင် ခါး၊ နောက်ကျောထိ လိုက် နာပါတယ်။ နာလွန်းလို့ လူနာက ခါးကို ရှေ့ကုန်းနေမှ သက်သာပါတယ်။

    • အူပိတ်တာ

    အကျိတ်က အူကို ဖိမိတဲ့အခါ အူပိတ်ပြီး အန်တာ၊ ဝမ်းချုပ်တာ စတဲ့ ပြဿနာတွေ ပေါ်လာတတ်ပါတယ်။

    ပန်ကရိယကင်ဆာက တိုက်ရိုက်ရောဂါကို တန်းတွေ့တာ ရှားပါတယ်။ တခြားလက္ခဏာ တစ်ခုခု ခံစားရတာ (ဥပမာ အသားဝါလို့ အသည်းလို့ ထင်ပြီး ဆေးစစ်လိုက်တာ၊ အူပိတ်လို့ ဆေးစစ်လိုက်တာ)ကို ရောဂါလိုက်ရှာရင်းနဲ့မှ ပန်ကရိယကင်ဆာကို တွေ့တာပါ။ ဒီလိုတွေ့တဲ့အချိန်ကျတော့လည်း ကင်ဆာက အဆင့်မြင့်နေပါပြီ။

    ဒီတော့ ပန်ကရိယကင်ဆာကို ဘယ်လိုကာကွယ်ကြမလဲ။

    လုံးဝကာကွယ်နိုင်တာတော့ မဟုတ်ပေမယ့် ဖြစ်နိုင်ခြေကို အထိုက်အလျောက်တော့ လျှော့ချပေးပါတယ်။ ဒါတွေကတော့

    • ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်မသောက်တတ်ရင် အစမလုပ်ပါနဲ့။ စွဲနေရင် ဖြတ်လိုက်ပါ။
    • ကိုယ်အလေးချိန်ထိန်းပါ။ အဝလွန်တာက ကင်ဆာတော်တော်များများကို ဖြစ်စေပါတယ်။
    • အသီးအရွက်များများစားပါ။ တာရှည်ခံအစားအစာတွေ လျှော့စားပါ။
    • မိသားစုမျိုးရိုးရှိနေရင် ပုံမှန်ဆေးစစ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement