အတက်ရောဂါ (Seizure) ဆိုတာ
တက်တယ်ဆိုတာက ဦးနှောက်ထဲမှာ ရုတ်တရက် ထိန်းချုပ်လို့မရတော့တဲ့ အနေအထားတစ်ရပ်ဖြစ်ပေါ်ပြီး ကြွက်သားတွေထဲမှာ ထိန်းချုပ်လို့မရတဲ့ အခြေအနေတစ်ရပ်ဖြစ်ပေါ်လာတာပါ။ ဒီလိုဖြစ်တဲ့အခါ လူကရုတ်တရက်မြေပြင်ပေါ်ကိုလဲကျသွားတာမျိုးဖြစ်နိုင်ပါတယ်။ တက်တဲ့အခါ ခန္ဓါကိုယ်ရဲ့ အမူအရာ၊ လှုပ်ရှားမှုနဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုပြောင်းလဲတာမျိုးဖြစ်နိုင်ပါတယ်။ အရမ်းပြင်းထန်တဲ့အခါ သတိလစ်သွားတာမျိုးအထိဖြစ်နိုင်ပါတယ်။ ခဏခဏတက်နေမယ်ဆိုရင်တော့ ဝက်ရူးပြန်ရောဂါရှိနေတာမျိုးဖြစ်နိုင်တာကြောင့် သတိထားဖို့လိုပါမယ်။
တက်တယ်ဆိုတာ စတင်ဖြစ်ပေါ်တဲ့ ဦးနှောက်အစိတ်အပိုင်းပေါ်မှာမူတည်ပြီးပြင်းထန်မှုအတိုင်းအတာကွားခြားနိုင်ပါတယ်။ တက်တာအများစုက စက္ကန့် ၃၀ ကနေ ၂ မိနစ်လောက်အထိပဲကြာမြင့်နိုင်ပါတယ်။ တကယ်လို့တက်တဲ့ကာလအပိုင်းအခြားက ၅ မိနစ်ကျော်အထိကြာမယ်ဆိုရင် ကျန်းမာရေးအတွက် စိုးရိမ်ရတဲ့အခြေအနေဖြစ်တာကြောင့် အမြန်ဆုံးကုသမှုခံယူဖို့လိုပါမယ်။
အချို့ရောဂါလက္ခဏာတွေရဲ့နောက်ဆက်တွဲအနေနဲ့ တက်တာကိုခံစားရနိုင်ပါတယ်။လေဖြတ်တာရဲ့နောက်ဆက်တွဲအနေနဲ့ တက်တာကိုခံစားရနိုင်သလို ဦးခေါင်းမှာထိခိုက်ဒဏ်ရာရတာ၊ ဦးနှောက်အမြှေးရောင်ရောဂါ (Meningitis) နဲ့ အခြားသောအဖျားရောဂါတွေရဲ့နောက်ဆက်တွဲအနေနဲ့ အတက်ရောဂါကိုခံစားရလာနိုင်ပါတယ်။
အတက်ရောဂါ ခံစားနေရသူတစ်ဦးကိုတွေ့တဲ့အခါ
မိသားစုဝင်ထဲမှာဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေတစ်ဦးဦး ဒါမှမဟုတ် သွားရင်းလာရင်းတွေ့တဲ့သူတစ်ဦးဦးမှာ အတက်ဝေဒနာခံစားနေရတာမျိုးနဲ့ကြုံခဲ့မယ်ဆိုရင် အခုလိုလုပ်ပေးလိုက်ပါ။
- တက်နေတဲ့လူကို တံထွေးသီးတာမျိုး နင်တာမျိုးမဖြစ်စေဖို့အတွက်ဘေးစောင်းအနေအထားဖြစ်အောင်စောင်းပေးလိုက်ပါ။
- လည်ပင်းမှာရှိနေတဲ့ အသက်ရှုကျပ်စေနိုင်တဲ့အရာတွေကိုဖြုတ်ပေးလိုက်ပါ။
- အသက်ရှုနေသေးလားဆိုတာကိုသေချာစစ်ဆေးပေးပါ။
- တက်နေသူရဲ့ ပါးစပ်ထဲကို တစ်ခုခုထည့်တာမျိုးမလုပ်မိအောင်သတိထားပါ။
- တက်နေတဲ့သူကို တစ်ယောက်တည်းထားခဲ့တာမျိုးမလုပ်ပါနဲ့။
- တက်နေတဲ့သူအနားမှာရှိနေတဲ့ ချွန်ထက်တဲ့အရာတွေနဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့အရာတွေကိုဝေးဝေးကိုဖယ်ထားပါ။ ထိခိုက်မိတာမျိုးမဖြစ်စေဖို့အတွက်ပါ။
- အရေးပေါ်ဌာနကို အကြောင်းကြားပါ။ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ မလာခင်အထိ အတက်ဝေဒနာခံစားနေရသူ အနားမှာနေပေးပါ။
- ကူညီသူကိုယ်တိုင်က စိတ်လှုပ်ရှားနေလို့ မဖြစ်တာကြောင့် စိတ်ငြိမ်အောင်ထားပေးပါ။
- တက်တဲ့ အချိန်အတိုင်းအတာကို မှတ်ထားပေးပါ။
- တက်နေတဲ့သူကို မတက်အောင်ဆိုပြီး အတင်းချုပ်ထားတာမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်တာက ဝေဒနာကို မသက်သာစေဘဲဝေဒနာခံစားနေရသူကို ပိုပြီး ပင်ပန်းစေနိုင်တာကြောင့်ပါ။
- အတက်ဝေဒနာကို ခံစားရသူက အပြည့်အဝပြန်ကောင်းမလာခင်အထိသောက်စရာတစ်ခုခုတိုက်တာ၊ဆေးတိုက်တာ၊ တစ်ခုခုကျွေးတာမျိုးမလုပ်ပါနဲ့။
- အတက်ရောဂါခံစားရသူကို သက်တောင့်သက်သာထိုင်နိုင်အောင်စီစဉ်ပေးလိုက်ပါ။
- အတက်ရောဂါခံစားရသူကရုတ်တရက်လဲကျသွားတဲ့အခါ အနီးမှာရှိတဲ့သူကို အကူအညီတောင်းပြီးဝေဒနာခံစားနေရသူကို သက်တောင့်သက်သာဖြစ်အောင်ထားပေးပါ။
- အတက်ရောဂါခံစားနေရသူရဲ့ ဦးခေါင်းကို ကြမ်းပြင်နဲ့တိုက်မိတာမျိုးမဖြစ်စေဖို့အတွက်ခေါင်းကို တစ်ခုခုနဲ့ကာကွယ်တာမျိုးလုပ်ပေးလိုက်ပါ။
အခုလိုအခြေအနေမျိုးဆိုရင်တော့ နီးစပ်ရာဆေးခန်းကို သွားဖို့လိုအပ်မှာပါ
- တက်တာက ၅ မိနစ်ကျော်တဲ့အထိ မသက်သာတာ၊ ခဏခဏတက်နေတာ
- အတက်ဝေဒနာခံစားရပြီး ( ၁၀ မိနစ် ကနေ ၁၅ မိနစ်) အထိ စိတ်အခြေအနေပုံမှန်ပြန်မဖြစ်သေးတာမျိုး
- အတက်ဝေဒနာခံစားရမှု ပြီးဆုံးသွားသည့်တိုင် တုံ့ပြန်မှုမရှိတာ
- အသက်ရှုရခက်နေတာ
- တက်နေစဉ်အတွင်း ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာခံစားခဲ့ရမယ်ဆိုရင်
- ပထမဆုံးအကြိမ် အတက်ဝေဒနာကိုခံစားရတာဖြစ်မယ်ဆိုရင်
- နှုတ်ခမ်း၊လျှာနဲ့ မျက်နှာတွေပြာနှမ်းနေမယ်ဆိုရင်
- အတက်ရောဂါခံစားရပြီး မိနစ်အနည်းငယ်ကြာတဲ့အထိ သတိမရဘဲဖြစ်နေမယ်ဆိုရင်တော့ နီးစပ်ရာဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသဖို့ လိုပါမယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]