home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အာရုံကြောမှာ အဖြစ်များတဲ့ ရောဂါများ

အာရုံကြောမှာ အဖြစ်များတဲ့ ရောဂါများ

ဦးနှောက်နဲ့ အာရုံကြောဟာ ရှုပ်ထွေးတဲ့ အစိတ်အပိုင်း ဖြစ်သလို ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ အရေးကြီးတဲ့ အင်္ဂါရပ်လည်း ဖြစ်ပါတယ်။ ဒါ့ပြင် ဦးနှောက်နဲ့ အာရုံဟာ တခြား ကိုယ်တွင်းအင်္ဂါတွေလိုပဲ ရောဂါပေါင်းစုံဖြစ်နိုင်ပါတယ်။ ဒါကြောင့် အဖြစ်များတဲ့ အာရုံကြောပြဿနာများနဲ့ လက္ခဏာများကို လေ့လာထားသင့်ပါတယ်။

အဖြစ်များတဲ့ အာရုံကြောပြဿနာများ

အာရုံကြောပြဿနာများကို ဖြစ်ရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ခွဲခြားကြည့်မယ်ဆိုရင်

  • သွေးကြောရောဂါ (ဥပမာ လေဖြတ်)
  • ထိခိုက်ဒဏ်ရာ
  • မွေးရာပါ ဦးနှောက်နဲ့ အာရုံကြောရောဂါ
  • အဆိပ်သင့်တာ (ဥပမာ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်)
  • အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်နဲ့ အာရုံကြောထိခိုက်လာတာ (ဥပမာ ပါကင်ဆန်၊ အယ်ဇိုင်းမား၊ အစွန်အဖျား အာရုံကြောရောဂါ၊ multiple sclerosis)
  • ပိုးဝင်ကူးစက်တာ (ဥပမာ ဦးနှောက်ပြည်တည်နာ၊ ဦးနှောက်အမြှေးရောင်၊ ဦးနှောက်ရောင်)
  • ဦးနှောက်အကျိတ်
  • အတက်ရောဂါ စတာတွေပဲ ဖြစ်ပါတယ်။

ဒီထဲကမှ အဖြစ်များတဲ့ ရောဂါတွေကို ပြန်ရှင်းပြရမယ်ဆိုရင်

လေဖြတ်တယ်ဆိုတာ ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောပိတ်တာ ဒါမှမဟုတ် ပေါက်တာကြောင့် ဖြစ်နိုင်ပါတယ်။ မျက်နှာရွဲ့လာမယ် (Face)၊ လက်မမြှောက်နိုင်ဘူး (Arm) ၊ စကားတွေ လေးလာတယ် (Speech) ဆိုရင်တော့ ဆေးရုံကို အမြန်သွားပါ။ အချိန် (Time) အရေးကြီးပါတယ်။

ပါကင်ဆန်ရောဂါက ဦးနှောက်ထဲမှာရှိတဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ထားတဲ့ ဆဲလ်လေးတွေ ထိခိုက်လို့ ဖြစ်ရတာပါ။ လက္ခဏာတွေကတော့ လက်တုန်မယ်၊ ကြွက်သားတွေ တောင့်တင်းမယ်၊ လှုပ်ရှားမှုတွေ နှေးကွေးမယ်။ ဒါကြောင့် သွားလာရ၊ ဟန်ချက်ထိန်းရခက်မယ်။ ဒါ့ပြင် မှတ်ဉာဏ်လည်းထိခိုက်နိုင်ပါတယ်။ ကြာလာလေလေ ပိုဆိုးလေလေပါ။ တချို့တွေကတော့ ဖြည်းဖြည်းချင်းပဲ ဆိုးလာပါတယ်။

အယ်ဇိုင်းမား ရောဂါကလည်း ဦးနှောက်ထဲက ဆဲလ်တွေ ပျက်စီးလာကြောင့် ဖြစ်ပြီး မှတ်ဉာဏ်ချို့ယွင်းတဲ့ လက္ခဏာပြပါတယ်။ ဒါကြောင့် နေ့စဉ် ပြောဆိုတဲ့နေရာမှာ၊ အလုပ်လုပ်တဲ့နေရာမှာ အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ လက္ခဏာသက်သာအောင် ဆေးဝါးတွေနဲ့ ကုသလို့ ရပါတယ်။

MS လို့ အတိုကောက် ခေါ်ကြတဲ့ ဒီရောဂါက ဦးနှောက်နဲ့ အာရုံကြောမကြီးမှာရှိတဲ့ ဆဲလ်တွေရဲ့ အပေါ်ယံအလွှာ ပျက်စီးတာကြောင့် ဖြစ်လာရတာပါ။ ဒါကြောင့် ကြွက်သားတွေကို ထိန်းချုပ်ဖို့ ခက်ခဲလာပါတယ်။ ဒါ့ပြင် အမြင်အာရုံ၊ ကိုယ်နေဟန်ချက်နဲ့ မှတ်ဉာဏ်တွေကိုလည်း ထိခိုက်နိုင်ပါတယ်။ MS ကို အပြီးပျောက်အောင် ကုလို့ မရပါဘူး။ လက္ခဏာတွေ ပိုမဆိုးအောင် ဆေးဝါးတွေနဲ့ပဲ ထိန်းချုပ်လို့ရပါတယ်။

ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီးက ထွက်လာတဲ့ အာရုံကြောအခွဲလေးတွေပါ။ ထိသိခံစားမှု၊ နာကျင်မှု၊ အပူအအေး၊ ကြွက်သားအား စတာတွေကို ထိန်းချုပ်ထားပါတယ်။ ဒီအာရုံကြောတွေမှာ ရောဂါဖြစ်လာပြီဆိုရင် ခြေချောင်း၊ လက်ချောင်းတွေက စပြီး လက္ခဏာပြပါတယ်။ ထုံတာ၊ ကျဉ်တာ၊ မီးစနဲ့ ထိုးသလို ခံစားရပါတယ်။ တဖြည်းဖြည်းနဲ့ ခြေထောက်နဲ့ လက်တွေထိ ရောက်လာပြီး ဟန်ချက်မထိန်းနိုင်တာ၊ ကြွက်သားတွေ အားပျော့တာ ဖြစ်လာနိုင်ပါတယ်။

ဦးနှောက်နဲ့ ကျောရိုးအာရုံမကြီးကို ကာရံထားတဲ့ အပြင်က အမြှေးပါးလေး ရောင်ရမ်းတာကို ခေါ်တာပါ။ လက္ခဏာတွေကတော့ ဇက်တောင့်တာ၊ ဖျားတာ၊ ခေါင်းကိုက်တာ၊ အန်တာ၊ တက်တာ စတာတွေ ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယားကြောင့် ဖြစ်တာ များပါတယ်။ တချို့သော ဦးနှောက်အမြှေးရောင်တာတွေက အသက်အန္တရာယ်ရှိတဲ့အထိ ပြင်းထန်ပါတယ်။

ဦးနှောက်သား ရောင်ရမ်းခြင်းပဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာ များပါတယ်။ အချိန်မီ ကုသမှု မခံယူဘူးဆိုရင် ဦးနှောက်ထိခိုက်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်သွားနိုင်ပါတယ်။ လက္ခဏာတွေကတော့ ဖျားတာ၊ ခေါင်းကိုက်တာ၊ သတိမကောင်းတာပဲ ဖြစ်ပါတယ်။ ဒါ့ပြင် အလင်းရောင် မကြည့်နိုင်တာ၊ ပျို့အန်တာ၊ ဇက်တောင့်တာ ဖြစ်တတ်ပါတယ်။ အခြေအနေဆိုးလွန်းရင် တက်တာ၊ တုန်တာ၊ အပြုအမူတွေ ထူးဆန်းလာတာ၊ သတိလစ်သွားတာတွေ ဖြစ်လာနိုင်ပါတယ်။

ခေါင်းကိုက်တာနဲ့ ဦးနှောက်ထဲမှာ တစ်ခုခု ဖြစ်နေပြီလို့ စိုးရိမ်ကြပေမယ့် လက်တွေ့မှာတော့ ဒီလောက်မများပါဘူး။ ခေါင်းကိုက်တာက ဦးနှောက်နဲ့ အာရုံကြောနဲ့ မဆိုင်ဘဲ တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ခေါင်းကိုက်ခြင်း ကိုယ်တိုင်ကလည်း ရောဂါတစ်ခုဖြစ်နေနိုင်ပါတယ်။ ဥပမာ မိုက်ဂရိန်းလို ခေါင်းတစ်ခြမ်းကိုက် ရောဂါမျိုးပေါ့။

ဒါပေမယ့် အောက်က ဦးနှောက်နဲ့ အာရုံကြော ပြဿနာတွေမှာတော့ ခေါင်းကိုက်တတ်ပါတယ်။

-ခေါင်းထိခိုက်ဒဏ်ရာ

-ဦးနှောက်အကျိတ်

-ဦးနှောက်ရောင်တာ၊ ဦးနှောက်အမြှေးရောင်တာ

-လေဖြတ်တာ

-သွေးကြောဖောင်းပြီး ပေါက်တာ

ဒီပြဿနာတွေမှာတော့ ခေါင်းကိုက်တာအပြင် အန်တာ၊ မူးတာ၊ အမြင်ဝါးတာတွေပါ ဖြစ်လာပြီဆိုရင် သတိထားသင့်ပါတယ်။

Takeaways

ဦးနှောက်နဲ့ အာရုံကြောဟာ ရှုပ်ထွေးတဲ့ အစိတ်အပိုင်း ဖြစ်ပြီး ဖြစ်နိုင်တဲ့ ရောဂါတွေကလည်း များပြားလွန်းပါတယ်။ တချို့ရောဂါတွေဆို အသိနောက်ကျရင် အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အနည်းဆုံးတော့ အဖြစ်များတဲ့ ဦးနှောက်နဲ့ အာရုံကြော ပြဿနာတွေနဲ့ လက္ခဏာတွေကို သိထားသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 03/09/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။