backup og meta

အိပ်ရေးပျက်ခံ၊ အလုပ်လုပ်တတ်တဲ့ ကိုယ်ဝန်ဆောင် တွေ ပျက်ကျနိုင်ခြေပိုများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ရေးပျက်ခံ၊ အလုပ်လုပ်တတ်တဲ့ ကိုယ်ဝန်ဆောင် တွေ ပျက်ကျနိုင်ခြေပိုများ

    တစ်ပတ်မှာ အနည်းဆုံး နှစ်ညလောက် အိပ်ရေးပျက်ခံ၊ အလုပ်လုပ်တတ်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ နောက် ၇ ရက်အတွင်းမှာ ကလေးပျက်ကျနိုင်ခြေပိုများတယ်လို့ ဥရောပသုတေသနတစ်ခုက သတိပေးခဲ့ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်နဲ့ကလေးရဲ့ကျန်းမာရေးအတွက် အိပ်ရေးဝဖို့၊ အစာအာဟာရပြည့်ဝလုံလောက်ဖို့ အရေးကြီးတာ အမှန်ပါပဲ။ သန္ဓေသားရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အားဖြည့်ဖို့နဲ့ မွေးဖွားရလွယ်စေဖို့ မိခင်ကျန်းမာရေးကို ပုံမှန်ထက်ပိုပြီးဂရုစိုက်ရမှာပါ။

    ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့ အကြောင်းရင်းတွေအများကြီးရှိပါတယ်

    • မျိုးရိုးဗီဇ

    မိခင် ဒါမှမဟုတ် ကလေးရဲ့ မျိုးရိုးဗီဇမှာ ချို့ယွင်းချက်ရှိနေခဲ့ရင် ကိုယ်ဝန်ပျက်ကျဖို့ နီးစပ်ပါတယ်။ ပထမသုံးလပတ်အတွင်း ပျက်ကျမှုတွေရဲ့ ၇၀ ရာခိုင်နှုန်းက သန္ဓေသားရဲ့ မျိုးရိုးဗီဇ ချို့ယွင်းမှုကြောင့် ဖြစ်ပါတယ်။

    • သွေးစီးဆင်းမှု နည်းခြင်း

    သွေးချို ဆီးချိုရောဂါ၊ လည်ပင်းအကျိတ်ရောဂါ၊ နှလုံးရောဂါ နဲ့ သားအိမ်တွင်းပိုးဝင်ရောင်ရမ်းခြင်းတို့လို ရောဂါတွေကြောင့် သားအိမ်ဆီ သွေးစီးဆင်းမှုကို နည်းပါးစေပြီး ကိုယ်ဝန်ပျက်ကျစေပါတယ်။

  • ကိုယ်ခံအားစနစ် ပျက်ယွင်းတဲ့ရောဂါများ
  • ကိုယ်ခံအားစနစ် တုံ့ပြန်လွန်းတာ ဒါမှမဟုတ် အားနည်းလွန်းတဲ့ အခြေအနေတွေမှာ ကိုယ်ဝန်ကို သားအိမ်က လက်မခံနိုင်စေတဲ့အတွက် မကြာခဏကိုယ်ဝန်ပျက်ကျတတ်ပါတယ်။

    • ဟော်မုန်းဓာတ်မညီမျှခြင်း

    ဟော်မုန်းဓာတ်တွေဟာ ကိုယ်ဝန်ရယူဖို့ ၊ တည်မြဲဖို့အတွက် သိပ်အရေးကြီးပါတယ်။ ဥပမာ အချင်းကနေ ထုတ်လွတ်ပေးတဲ့ ပရိုဂျက်စရုန်း ဟော်မုန်းဟာ သားအိမ်နံရံ ကြံ့ခိုင်မှုအတွက်အရေးပါပါတယ်။ ဒါ့ကြောင့် မိမိခန္ဓာကိုယ်မှာသာ ပရိုဂျက်စရုန်း ဟော်မုန်းဓာတ် နည်းပါးနေမယ်ဆိုရင် ကိုယ်ဝန် ပျက်ကျနိုင်ခြေများပါတယ်။

    • အချင်း၊ သားအိမ်ခေါင်းနဲ့ဆိုင်တဲ့ ရောဂါများ

    အချင်းရဲ့ တည်နေရာမမှန်ခြင်း နဲ့ သားအိမ်ခေါင်းပျော့ပြီး အဝကျယ်နေခြင်း စတဲ့အခြေအနေတွေက ကိုယ်ဝန်ပျက်ကျစေပါတယ်။ အချင်းနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုခု ရှိနေခဲ့မယ်ဆိုရင် သန္ဓေသားသွေး ရရှိမှု လုံလောက်မှာမဟုတ်ပါဘူး။

    • ဘဝနေထိုင်မှုပုံစံ

    ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနဲ့ ပတ်ဝန်းကျင်က အဆိပ်အတောက် စတာတွေဟာ သန္ဓေသားဆီကို သွေးပို့လွှတ်မှုနည်းစေလို့ ကြီးထွားမှုကို နှေးကွေးစေပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ပြီဆိုရင် ဒီအရာတွေကို ရှောင်ကြဉ်ဖို့လိုပါတယ်။

    • အသက်အရွယ်

    ကလေးပျက်ကျနိုင်တဲ့အကြောင်းရင်းတွေထဲမှာ ကိုယ်ဝန်ဆောင် တဲ့အချိန် မိခင်လောင်း အမျိုးသမီးရဲ့ အသက်အရွယ်နဲ့လည်း သက်ဆိုင်ပါတယ်။ လေ့လာမှုတွေအရ –

    • အသက် ၃၀ အောက်အမျိုးသမီး ၁၀ ယောက်မှာ တစ်ယောက်
    • အသက် ၃၅ နှင့် ၃၉ အတွင်းအမျိုးသမီးတွေမှာ ၁၀ ယောက်မှ ၂ ယောက်
    • အသက် ၄၅ နှင့် အထက်အမျိုးသမီးတွေမှာ ၁၀ ယောက်မှာ ၅ ယောက်နှင့်အထက် နှုန်းတွေမှာ ကလေးပျက်ကျနိုင်ခြေရှိတတ်ပါတယ်။

    အိပ်ရေးပျက်ခံ၊ အလုပ်လုပ်တတ်တဲ့ ကိုယ်ဝန်ဆောင် တွေ ပျက်ကျနိုင်ခြေပိုများ

    အိပ်ရေးပျက်ခံ၊ အလုပ်လုပ်တတ်တဲ့ ကိုယ်ဝန်ဆောင် တွေ ပျက်ကျနိုင်ခြေပိုများ တယ်ဆိုတဲ့ ဒီသုတေသနကိုတော့ ဒိန်းမတ်နိုင်ငံ Copenhagen ရှိ Bispebjerg and Frederiksberg Hospital မှ သုတေသီအဖွဲ့က လေ့လာတွေ့ရှိခဲ့တာပါ။

    ကိုယ်ဝန်ဆောင်အမျိုးသမီး ၂၃၀၀၀ နီးပါးရဲ့ အချက်အလက်တွေအရ ညဘက်အလုပ်လုပ်ခြင်းက ကိုယ်ဝန်၄ပတ်နဲ့ ၂၂ ပတ်အတွင်းမှာ ကိုယ်ဝန်ပျက်ကျမှုဖြစ်နိုင်ခြေကို ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာလေ့လာဆန်းစစ်ခဲ့ကြပါတယ်။

    အရင်သီတင်းပတ်က နှစ်ညနဲ့အထက် အိပ်ရေးပျက်ခံ၊ အလုပ်လုပ်တတ်တဲ့ ကိုယ်ဝန်ဆောင် တွေဟာ ကိုယ်ဝန် ၈ ပတ်နောက်ပိုင်းမှာ တခြားကိုယ်ဝန်ဆောင်တွေထက် ပျက်ကျနိုင်တဲ့အန္တရာယ် ၃၂ ရာခိုင်နှုန်းပိုများတာကိုတွေ့ရပါတယ်။

    တစ်ပတ်အတွင်း ညဘက်အလုပ်လုပ်တဲ့ အကြိမ်ရေပိုများလေ ဒီအန္တရာယ်ပိုများလေဖြစ်ပြီး ရက်တွေဆက်တိုက်ဖြစ်ရင်လည်း အန္တရာယ်ပိုများတယ်လို့ Occupational & Environmental Medicine ဂျာနယ်မှာ သုတေသနကဖော်ပြခဲ့ပါတယ်။

    ညဘက်အလုပ်လုပ်တဲ့အခါ အလင်းရောင်ထိတွေ့မှုက ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ဇီဝနာရီကို အနှောင့်အယှက်ဖြစ်စေပြီး melatonin ထုတ်လုပ်မှုကိုလျော့နည်းစေနိုင်တယ်လို့ သုတေသီတွေကပြောပါတယ်။

    Melatonin ဟာ ကိုယ်ဝန်ဆောင်ကာလမှာ အရေးပါတဲ့နေရာက အကျိုးပြုနေတာဖြစ်ပြီး အချင်းရဲ့လုပ်ဆောင်ချက်ကို ထိန်းညှိပေးတာဖြစ်ပါတယ်။

    ဒီလေ့လာချက်က မပြည့်စုံသေးပါဘူး။ အိပ်ရေးပျက်တာက ကိုယ်ဝန်ပျက်တာနဲ့ ဆက်စပ်နေတယ်လို့ပဲ ပြောနိုင်ပြီး ဖြစ်စေတယ်လို့ အတိအကျ မပြောနိုင်သေးပါဘူး။ နောက်ပြီး ကိုယ်ဝန်နုချိန်မှာ ပျက်ကျတဲ့ ဒေတာတွေလည်း အပြည့်အစုံမရထားပါဘူး။ ဒါကြောင့် ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။

    ဒါပေမဲ့ အိပ်ရေးပျက်တတ်တဲ့ ကိုယ်ဝန်ဆောင်တွေအတွက်တော့ သတိထားစရာဖြစ်စေပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ အလုပ်လုပ်လို့ ရမရ

    ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်အများစုက အလုပ်ဆက်လုပ်လို့ ရပါတယ်။ ဒါပေမဲ့ လုပ်လို့ ရမရ၊ ဘယ်လောက်အထိ လုပ်သင့်တယ်ဆိုတာကတော့ အလုပ်အမျိုးအစားပေါ်  မူတည်ပါတယ်။
    ဥပမာ ဓာတ်ရောင်ခြည်နဲ့ ထိတွေ့ရတဲ့ အလုပ်၊ ကြေးနီ၊ ပြဒါးတွေနဲ့ ထိတွေ့ရတဲ့ အလုပ်မျိုးဆိုရင်တော့ ကိုယ်ဝန်ယူဖို့ စပြင်တည်းက နားထားသင့်ပါတယ်။ ဒီဓာတုပစ္စည်း‌တွေက ကိုယ်ဝန်ကို ထိခိုက်စေတာကြောင့်ပါ။ စားပွဲပေါ်မှာ သက်သောင့်သက်သာ လုပ်ရတဲ့အလုပ်မျိုးဆိုရင်တော့ ကိုယ်ဝန်နှောင်းပိုင်းအထိ လုပ်လို့ရပါတယ်။ ဒါပေမယ့် သင့်ကိုယ်ဝန်ဟာ သွေးဆင်းတာလို ပြဿနာတစ်မျိုးမျိုးရှိထားတဲ့ ကိုယ်ဝန်ဆိုရင်တော့ နားနားနေနေ နေသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 15/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement