မျက်နှာပေါ်မှာ အဖု သေးသေးလေးတွေ အများကြီး ပေါက်နေတယ်။ အဆီဖုလေးတွေ ထင်တယ်။ ဒါပေမယ့် ညှစ်လိုက်ရင် အဆံဖြူဖြူလေးတွေ ထွက်တယ်။ ယားလည်း ယားတယ် ဆိုရင်တော့ အဆီဖု မဟုတ်ပါဘူး။ အရေပြားမှာ ဖြစ်တတ်တဲ့ မှိုပိုး တစ်မျိုးကြောင့် ဖြစ်လာတဲ့ ဝက်ခြံလည်း ဖြစ်နိုင်ပါတယ်။ ဒီ ဝက်ခြံလေးတွေက အခြား ဝက်ခြံတွေနဲ့ မတူသလို ကုသတဲ့ နည်းလမ်းလည်း မတူကြပါဘူး။ ထိန်းသိမ်းမှု လုပ်ရတဲ့ ပုံကလည်း မတူကြပါဘူး။ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံရှိသူတွေ သိထားဖို့လိုမယ့် အချက်လေးများ အကြောင်းကို အတူတူ လေ့လာလိုက်ရအောင်နော်။
မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံရှိသူတွေ သိထားဖို့လိုမယ့် အချက်လေးများ
မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံရှိသူတွေ သိထားဖို့လိုမယ့် အချက်လေးတွေ ကတော့ အောက်ပါ အတိုင်းပါ။
အများစု ကတော့ ပုံမှန် ဝက်ခြံအတွက် သုံးတဲ့ အသားအရေ ထိန်းသိမ်းမှု ပစ္စည်းလေးတွေကို သုံးလိုက်ရင် ပျောက်သွားမယ်လို့ ယူဆနေကြပါတယ်။ အမှန်ကတော့ ပုံမှန် ဝက်ခြံတွေကို သက်သာစေတဲ့ နည်းလမ်းက မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံ အတွက် ထိရောက်မှု မရှိပါဘူး။ အခန့်မသင့်ရင် မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံကို ပိုတောင်ဆိုးစေနိုင်ပါသေးတယ်။
ဒီတော့ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို သက်သာစေဖို့ ဘာတွေ သတိထားရမလဲဆိုတာကို သိချင်တယ်ဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။
မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံလေးတွေ ပိုဆိုးမလာဘဲ သက်သာစေဖို့ ဘာတွေ လုပ်ရမလဲ………..
မျက်နှာ၊ လက်မောင်း၊ ရင်ဘတ် နဲ့ နောက်ကျောမှာ ပေါက်တဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ဆိုရင်
ဒါလေးတွေ လုပ်ဆောင်ပေးပါ။
- လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ချွေးတွေ သုတ်ပစ်ပြီး အရေပြားကို ခြောက်သွေ့အောင် ထားပါ။
- တစ်ပတ်ကို တစ်ကြိမ် မှိုသတ်ဆေးပါတဲ့ ရေချိုးဆပ်ပြာနဲ့ ချိုးပါ။ မျက်နှာသစ်ဆေး သုံးပါ။
- petrolatum၊ salicylic acids နဲ့ glycolic acids ပါတဲ့ အသားအရေ ထိန်းသိမ်းမှု ပစ္စည်းတွေ သုံးပါ။
- မှိုပိုးတွေကို သုတ်သင်ပေးနိုင်တဲ့ ခေါင်းလျှော်ရည် နဲ့ ခေါင်းလျှော်ပါ။
- ပူနွေး စိုစွတ်တဲ့ နေ့တွေမှာ တစ်နေ့ကို ရေ ၂ ကြိမ် ချိုးပေးပါ။
ဒါတွေကို မလုပ်ပါနဲ့။
- အဝတ်အစား ကျပ်ကျပ်တွေ မဝတ်ပါနဲ့။
- ချွေး မစုပ်တဲ့ ပိတ်စတွေ မဝတ်ပါနဲ့။
- ချွေး စိုသွားတဲ့ အဝတ်တွေကို မလဲပစ်ဘဲ မနေပါနဲ့။
- ချွေးတွေကို မသုတ်ဘဲ မထားပါနဲ့။
- အဝတ်တွေကို မလျှော်ဘဲ အကြိမ်ကြိမ် ပြန်မဝတ်ပါနဲ့။
- benzoyl peroxide၊ fatty acids၊ lauric acid ပါတာတွေကို ရှောင်ပါ။
ဒီ အချက် လေးတွေကို သေချာ ဂရုစိုက်မယ် ဆိုရင် မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံလေးတွေက သက်သာ လာမှာပါ။ အရေပြားကို သန့်စင်အောင် ဂရုစိုက်လို့ မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံလေးတွေကို ကာကွယ် လိုက်ပါ။
ဖြစ်နိုင်ရင်တော့ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို ကိုယ့်ဟာကိုယ် ဆေးဝယ်ပြီး မလိမ်းစေချင်ပါဘူး။ ဆရာဝန်နဲ့ ပြသပြီး သေချာကုသဖို့ လိုပါတယ်။
[embed-health-tool-bmi]