- ဓမ္မတာ ပုံမမှန်ခြင်း၊
- အိပ်ရေးပျက်ခြင်း၊
- ခန္ဓာကိုယ်အတွင် ရုတ်တရက် အပူဓာတ်ကို ခံစားရခြင်း၊
- စိတ်ခံစားမှု ပြောင်းလဲခြင်း၊
- မွေးလမ်းကြောင်း ခြောက်သွေ့ခြင်း၊
- ဆီးသွားချိန် ဒုက္ခရောက်ခြင်း။
- လိင်စိတ်နည်းပါးခြင်းနဲ့
- သန္ဓေအောင်နိုင်ခြေ နည်းပါးလာခြင်းတို့ ဖြစ်ပါတယ်။
၉။ သန္ဓေတား နည်းလမ်းများ။
သန္ဓေတားဆေးတွေရဲ့ တချို့သော ဘေးထွက်ဆိုးကျိုးတွေဟာ ကိုယ်ဝန်ဆောင်ရခြင်းရဲ့ လက္ခဏာတွေနဲ့ ဆင်ပါတယ်။ ဒါ့ကြောင့် ဒီလို သန္ဓေတားဆေးတွေ သောက်သုံးချိန်မှာ ရင်သား ထိပ်ခေါင်းနာကျင်လာနိုင်ပါတယ်။ လအနည်းငယ်အကြာ ခန္ဓာကိုယ်က ဒီဆေးဝါးတွေကို လိုက်လျောညီထွေ လက်ခံလာနိုင်ပြီဆိုတာနဲ့ ဒီဝေဒနာတွေက ပျောက်ကင်းသွားတတ်ပါတယ်။ ဒီလို အချိန်အတွင်းမှာ မပျောက်ကင်းသွားဘူးဆိုရင်ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။
၁၀။ ဆေးဝါးများ။
စိတ်ကျရောဂါအတွက် သောက်သုံးရတဲ့ ဆေးတွေဟာ ရင်သားနဲ့ ရင်သားထိပ်ခေါင်းတွေမှာ နာကျင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် နို့ချိုပိုထွက်စေရန် သောက်သုံးရတဲ့ ဆေးမြီးတိုတွေကလည်း ရင်သားတွေ နာကျင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
၁၁။ နို့သယ်ပြွန်များ ကျယ်လာပြီး ပိတ်ဆို့ခြင်း။ (Duct ectasia)
ရင်သားထိပ်ခေါင်းအောက်က နို့သယ်ပြွန်တွေ ကျယ်ဝန်းလာပြီး နံရံတွေက ထူထဲလာကာ ပြွန်ထဲမှာ နို့ရည်တွေ ပိတ်မိနေရင် ဖြစ်ပွားတဲ့ ဝေဒနာ တစ်မျိုး ဖြစ်ပါတယ်။ အဲ့အချိန်မှာ နို့သယ်ပြွန်ထဲတွင် ထူထဲပြီး ချွဲကပ်တဲ့ အရာတွေနဲ့ ပိတ်မိနေပြီး ပုံမှန်အားဖြင့် ဘာလက္ခဏာမှ မပြတတ်ပေမဲ့ အမျိုးသမီး အချို့မှာတော့ ရင်သားထိပ်ခေါင်းမှ စွန့်ပစ်အရည်များ ထွက်ခြင်း၊ ရင်သားနာကျင်နဲ့ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလို နို့သယ်ပြွန်တွေ ကျယ်လာပြီး ပိတ်ဆို့ခြင်းဟာ သွေးဆုံးချိန် မတိုင်မီ အမျိုးသမီးတွေ ( အသက် ၄၅ နှစ်မှ ၅၅ နှစ်အတွင်း) မှာ ဖြစ်ပွားနိုင်ပြီး သွေးဆုံးပြီးချိန်မှာလည်း ဖြစ်ပွားနိုင်ပါတယ်။ တစ်ခါတစ်ရံမှာတော့ သူ့ဘာသာပျောက်ကင်းသွားတတ်ပြီး အချိန်တစ်ခုကြာတဲ့ အထိဝေဒနာ က မပျောက်ကင်းဘူးဆိုရင် ပဋိဇီဝဆေးတွေ မှီဝဲခြင်းနဲ့ ကျယ်ပြီး ပိတ်ဆို့နေတဲ့ ပြွန်ကို ခွဲထုတ်ခြင်းတို့ကို ပြုလုပ်ရနိုင်ပါတယ်။ ဒီဝေဒနာဟာ ရင်သားကင်ဆာနဲ့ မစပ်ဆိုင်သလို ရင်သားကင်ဆာကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတစ်ခု မဟုတ်ပါဘူး။
၁၂။ ရင်သားတွင် ပြည်တည်ခြင်း။
နို့ချို့တိုက်ကျွေးခြင်းနဲ့ နို့အုံရောင်းရမ်းနာဖြစ်ပွားနေတဲ့ အချိန်မှာ ရင်သားမှာ ပြည်တည်ခြင်းတို့ ဖြစ်ပွားနိုင်ပါတယ်။ ဒါ့အပြင် ရင်သားပြည်တည်ခြင်းဟာ ရင်သားထိပ်ခေါင်းမှာ အလှဆင်ရန်အတွက် အပေါက်ဖောက်ခြင်းနဲ့ ရင်သားမှာ ဒဏ်ရာရခြင်းတို့ကြောင့် ဖြစ်လာနိုင်ပြီး ဘတ်တီးရီးယားတွေကူးစက်ခံရကာ ရင်သား ရောင်ရမ်းခြင်းနဲ့ အဖျားဝေဒနာကို ဖြစ်ပွားစေနိုင်ပါတယ်။ ပြည်တည်နာက သေးသေးလေးဆိုရင်တော့ အပ် (သို့မဟုတ်) ဆေးထိုးအပ်နဲ့ စုပ်ထုတ်နိုင်ပြီး ပြည်တည်နာကြီးနေမယ်ဆိုရင်တော့ ခွဲစိတ်ရမှာ ဖြစ်ပါတယ်။
၁၃။ နှင်းခူနာ။
နှင်းခူနာတွေကလည်း ရင်သားထိပ်ခေါင်းတွေမှာ ယားယံနာကျင်စေနိုင်ပါတယ်။ နှင်းခူနာ ပေါက်နေတဲ့ ရင်သားတွေဟာ အလွှားအလွှားလိုက် အရေပြားတွေ ကွာကျနိုင်ပြီး ကျွတ်ဆပ်နီရဲနေနိုင်ပါတယ်။ နှင်းခူနာတွေကို ဟိုက်ဒရို ကော်တီဆုန်းလ် (hydrocortisone) ဟော်မုန်းပါဝင်တဲ့ လိမ်းဆေးတွေနဲ့ ကုသနိုင်ပါတယ်။ ဒါပေမဲ့ ဆေးဆိုင်က လိမ်းဆေးတွေ နဲ့ မကုသခင် ဒီလို နှင်းခူနာ ပေါက်နေပြီလို့ထင်ရင် ဆရာဝန်နဲ့ ပြသနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရင်သားကင်ဆာဟာ နှင်းခူနာနဲ့ ဆင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
၁၄။ ရေးလ်နော့ ဝေဒနာ (Reynaud’s phenomenon)။
ဒီဝေဒနာကို ၁၈၆၂ ခုနှစ်မှာ ပထမဆုံး စတင်တွေ့ရှိခဲ့တဲ့ ပြင်သစ် ဆရာဝန် Maurice Raynaud ကို အစွဲပြုပြီး ခေါ်ဝေါ်ထားတဲ့ ရေးလ်နော့ ဝေဒနာ (Reynaud’s phenomenon) ဟာ နို့ချို့တိုက်ကျွေးနေတဲ့ အမျိုးသမီးတွေမှာ ဖြစ်တတ်ကြပေမဲ့ တခြားသော လူတွေမှာလည်း ဒီဝေဒနာ ဖြစ်နိုင်ပါတယ်။ ရေးလ်နော့ ဝေဒနာ (Reynaud’s phenomenon) ဖြစ်တဲ့ လူတွေမှာဆိုရင် ရင်သားထိပ်ခေါင်းသို့ သွေးထောက်ပံ့ပေးနေတဲ့ သွေးလွှတ်ကြောတွေ ဟာ ရုတ်တရက် ကျုံ့သွားပြီး သွေးစီးဆင်းမှု နည်းသွားစေကာ ထုံကျင်ခြင်း၊ ပူစပ်ခြင်း၊ နာကျင်ခြင်းနဲ့ အဖြူရောင်နဲ့ အပြာရောင်ကဲ့သို့ အရေပြားအရောင် ပြောင်းလဲသွားခြင်းတို့ ဖြစ်တာ ဖြစ်ပါတယ်။ ဒီဝေဒနာဟာ ရာသီဥတု အေးတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ လူတွေမှာ ပိုအဖြစ်များပါတယ်။
၁၅။ ပဲဂျက်စ်ရောဂါ (Paget’s disease)။
ရင်သားထိပ်ခေါင်းတွေ နာကျင်လာရခြင်းဟာ ပဲဂျက်စ်ရောဂါ (Paget’s disease) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီဝေဒနာဟာ ရှားပါးတဲ့ ရင်သားကင်ဆာ ပုံစံတစ်မျိုးလည်း ဖြစ်ပြီး ကင်ဆာဆဲလ်တွေက ရင်သားထိပ်ခေါင်းတစ်ဝိုက်မှာ စုနေတဲ့အခါ ဖြစ်ပွားတဲ့ ဝေဒနာ ဖြစ်ပါတယ်။ ဒီကင်ဆာဟာ ပထမဆုံး ရင်သားထိပ်ခေါင်းရဲ့ နို့သယ်ပြွန်တွေကို ပထမဆုံး ထိခိုက်ပြီးမှ ရင်သားထိပ်ခေါင်း မျက်နှာပြင်နဲ့ ရင်သားထိပ်ခေါင်းအနားတစ်ဝိုက်က အမည်းရောင် အရေပြားထံပျံ့နှံ့သွားတာ ဖြစ်ပါတယ်။ အမေရိကန် အမျိုးသားကင်ဆာ အဖွဲ့အစည်းရဲ့ လေ့လာချက်အရ ဒီ ပဲဂျက်စ်ရောဂါ (Paget’s disease) ရောဂါဟာ ရင်သားကင်ဆာဖြစ်ပွားရတဲ့ အကြောင်းရင်းတွေထဲမှာ ၅ ရာခိုင်နှုန်းအောက်သာ ရှိပါတယ်။ ပဲဂျက်စ်ရောဂါ (Paget’s disease) ရောဂါဖြစ်နေတဲ့ လူ ၉၇ ရာခိုင်နှုန်းမှာ ပျံ့ပွားတတ်တဲ့ ကင်ဆာနဲ့ မပျံ့ပွားတတ်တဲ့ ကင်ဆာတွေပါ ဖြစ်တတ်နိုင်တာကြောင့် စစချင်း ရောဂါ လက္ခဏာကို သတိထားဖို့ကအရမ်း အရေးကြီးပါတယ်။ ပဲဂျက်စ်ရောဂါ (Paget’s disease) ရောဂါဟာ ရင်သားတစ်ခြားနေရာတွေကို မပျံ့ပွားသေးဘူးဆိုရင် ခွဲစိတ်ခြင်းနဲ့ ဓါတ်ရောင်ခြည် ကုသမှုတွေနဲ့ ကုသလို့ရပါတယ်။
အစပိုင်း ဝေဒနာတွေတော့-
- ရင်သားတွေ နီရဲ ကြွတ်ဆပ်လာခြင်း၊
- ယားယံလာခြင်း၊
- စပ်ဖျဉ်ဖျဉ်းခံစားရခြင်း၊
- အထိမခံနိုင်ခြင်း၊
- နာကျင်လာခြင်း၊
- ပူစပ်လာခြင်း၊
- ရင်သားထိပ်ခေါင်းပုံစံပြောင်းလာခြင်းနဲ့
- ရင်သားမှ သွေးရောင်၊ အဝါရောင် စွန့်ပစ်အရည်များ ထွက်လာခြင်းတို့ ဖြစ်ပါတယ်။
၁၆။ ရင်သားကင်ဆာ။
ရင်သားကင်ဆာ ဖြစ်နေလို့ ရင်သားထိပ်ခေါင်း နာကျင်တာမျိုးက တော်တော်ရှားပါတယ်။ ဒါပေမဲ့ ဒီလို နာကျင်ခြင်းနဲ့ တခြားသော ဝေဒနာတွေက ဒီရောဂါ ဖြစ်နေကြောင်းကို ညွှန်ပြနေနိုင်ပါတယ်။ အမေရိကန် ကင်ဆာ အဖွဲ့အစည်းရဲ့ အဆိုအရ ရင်သားထိပ်ခါင်းနာကျင် နီရဲခြင်း၊ အရေပြားတွေ ထူထဲကျွတ်ဆပ်လာခြင်းနဲ့ အရည်တွေ ထွက်ခြင်းဟာ ရင်သားကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်တယ်လို့ အမေရိကန် ကင်ဆာအဖွဲ့အစည်းက ဆိုပါတယ်။
အမျိုးသားများတွင် ရင်သားထိပ်ခေါင်း နာကျင်ခြင်း။
အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ ရင်သားထိပ်ခေါင်း နာကျင်မှုကို ခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာကျတော့ ထိခိုက်ဒဏ်ရာရပြီးတဲ့အခါ၊ ပြင်းထန်တဲ့ အားကစားလုပ်ပြီးတဲ့အခါမှာ ရင်သားထိပ်ခေါင်းနာကျင်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ပွတ်တိုက်မှုကြောင့် ရင်သားတွေ ယားယံနိုင်ပြီး အမျိုးသားတွေလည်း နို့အုံရောင်ရမ်းနာ ဖြစ်ပွားနိုင်ပါတယ်။ အမျိုးသားတွေရဲ့ ဘဝတစ်လျှောက် ရင်သား ကင်ဆာ ဖြစ်ပွားနိုင်ခြေဟာ ၈၃၃ ကြိမ်မှာ ၁ ကြိမ်သာ ရှိပေမဲ့ ရင်သားကင်ဆာ ဖြစ်လာပြီဆိုရင် အမျိုးသားတွေ အနေနဲ့လည်း ဒီဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
အဲ့ဒါတွေကတော့-
- ရင်သားထိပ်ခေါင်း နီရဲခြင်း၊
- အရေပြား ကျွတ်ဆပ်ခြင်း၊
- ရင်သားထိပ်ခေါင်း နောက်သို့ ပြန်ဝင်ခြင်းတို့ ဖြစ်ပါတယ်။
ရင်သားထိပ်ခေါင်း မာကျော နာကျင်လာရင် ဘယ်လို ကုသရမလဲ။
နှိပ်နယ်ပေးခြင်း၊ လက်ဖက်အိတ် အအေးများနဲ့ ဖိပေးခြင်း၊ ရေခဲဖြင့် ကပ်ပေးခြင်းနဲ့ လိမ်းဆေးတွေကလည်း ရင်သားထိပ်ခေါင်း နာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်။ ဒီလို ကုသနည်းတွေဟာ အမြဲ မပျောက်ကင်းစေနိုင်ပေမဲ့ ဖြစ်ပွားရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ရင်သားထိပ်ခေါင်း နာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်။ တကယ်လို့ ဝေဒနာက မပျောက်ကင်းဘဲ ပိုဆိုးလာမယ်ဆိုရင်တော့ ဆရာဝန်ထံ အမြန်ဆုံးသွားရောက်သင့်ပါတယ်။
အားကစားလုပ်လို့ နာကျင်တဲ့ လူတွေအနေနဲ့ အားကစားလုပ်ဖို့ အတွက်ထုတ်လုပ်ပေးတဲ့ ထားတဲ့ ဘရာစီယာ ကို ဝတ်ဆင်သင့်ပါတယ်။ ရင်သားထိပ်ခေါင်းနာကျင်ခြင်းဟာ နေရထိုင်ရ ခက်စေနိုင်ပေမဲ့ ကင်ဆာဖြစ်နေကြောင်းကို ပြနေတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ မကြာခင်မှာ သူ့ဘာသာပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမဲ့ အထူးသဖြင့် ရင်သားထိပ်ခေါင်း နာကျင်ခြင်းနဲ့ အတူ စွန့်ပစ်အရည်တွေပါ ထွက်လာပြီဆိုရင်တော့ ရင်သားကင်ဆာ လက္ခဏာ ဖြစ်နေနိုင်တဲ့အတွက် ဆရာဝန်နဲ့ အမြန်ဆုံး ပြသလေ အကောင်းဆုံး ကုသနိုင်လေ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။