backup og meta

လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတတ်တဲ့ ကင်ဆာ အစောပိုင်းလက္ခဏာများ

လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတတ်တဲ့ ကင်ဆာ အစောပိုင်းလက္ခဏာများ

လူတိုင်းကတော့ အနာရောဂါနဲ့ မကင်းနိုင်ပါဘူး။ ဒီလို နာမကျန်းမှုတွေထဲမှာ အပရိက ကျန်းမာရေး ပြဿနာလေးတွေ ကစလို့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေအထိ အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒီလို ကျန်းမာရေးပြဿနာတွေက ဒီအတိုင်း ဖြစ်လာတာလား ဆိုတော့ မဟုတ်ပါဘူး။ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတိုင်းမှာ အစပျိုး ကာလရှိပြီး ဒီကာလတွေမှာ အသေးစား လက္ခဏာလေးတွေ ပြတတ်ပါတယ်။ ဒါပေမယ့် တော်တော်များများက လက္ခဏာတွေက မပြင်းထန်မချင်း အသေးစား ကျန်းမာရေးပြဿနာတွေလို့ ယူဆနေကြတာပါ။ ဒီတော့ ရောဂါတွေကို စောစောစီးစီး သိရှိကာကွယ်နိုင်စေဖို့အတွက် လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတတ်တဲ့ ကင်ဆာ အစောပိုင်းလက္ခဏာများ အကြောင်း ပြောပြပေးသွားပါမယ်။

ကင်ဆာဆိုတိုင်း ကြောက်ရမှာလား 

ကင်ဆာက ကြောက်စရာ ရောဂါ တစ်ခုဆိုပေမယ့် အခုနောက်ပိုင်းမှာတော့ ဆေးပညာတွေ တိုးတက်လာတာကြောင့် ကင်ဆာကို စောစောသိ စောစောကုသမယ်ဆိုရင် သက်တမ်းစေ့စေ့နေထိုင်နိုင်မယ့် အခွင့်အရေးတွေ ရှိလာခဲ့ပါပြီ။ ဒါကြောင့် ကင်ဆာ အစောပိုင်း လက္ခဏာတွေကို သိရှိထားမယ်။ ကိုယ်တိုင်လုပ်လို့ ရတဲ့ စစ်ဆေးမှုတွေကိုလည်း ပုံမှန်လေး လုပ်မယ်ဆိုရင် ကင်ဆာကို စောစီးစွာ သိရှိကာကွယ်နိုင်တော့မှာပဲ ဖြစ်ပါတယ်။

ကဲ …. လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတတ်တဲ့ ကင်ဆာ အစောပိုင်းလက္ခဏာများ က ဘာတွေဖြစ်မလဲ အတူတူ လေ့လာလိုက်ရအောင်နော်။

လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတတ်တဲ့ ကင်ဆာ အစောပိုင်းလက္ခဏာများ

လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတတ်တဲ့ ကင်ဆာ အစောပိုင်းလက္ခဏာများကတော့

  • လေပွတာ

လေဒီလေး တော်တော်များများက လေပွတာကို ခံစားရတတ်ပါတယ်။ ရာသီလာနေချိန်မှာဆိုရင် ဟော်မုန်း ပြောင်းလဲမှုကြောင့် ဗိုက်ပွတာကို ခံစားကြရပါတယ်။ ဒါက တစ်ပတ်လောက် ကြာတဲ့အခါ သူ့အလိုလို သက်သာသွားတတ်ပါတယ်။ တကယ်လို့ လေပွတာနဲ့အတူ ကိုယ်အလေးချိန် ကျလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာမျိုးတွေ ရှိလာမယ်ဆိုရင် ဆရာဝန်နဲ့ ပြကြည့်စေချင်ပါတယ်။

အမြဲလိုလို ဗိုက်ပွနေတာက ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ အူမကြီး ကင်ဆာ နဲ့ အစာခြေစနစ်ကင်ဆာ တစ်ခုခုရဲ့ အစောပိုင်းလက္ခဏာဖြစ်နိုင်တာကြောင့်ပါ။

  • ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ

လေဒီလေးတွေအနေနဲ့ ရာသီစက်ဝန်းအတွင်းမှာ သွေးဆင်းတာက ပုံမှန်ပဲ ဆိုပေမယ့် ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခုကြားမှာ သွေးဆင်းတာမျိုး ဖြစ်မယ်ဆိုရင်တော့ သားအိမ်အတွင်းနံရံမှာ ကင်ဆာဆဲလ်တွေ ရှိနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဆီးတွေ ဝမ်းတွေမှာ သွေးစလေးတွေပါလာမယ်ဆိုရင် ဆီးအိမ် ကင်ဆာ ဖြစ်နိုင်သလို အူမကြီးကင်ဆာလည်း ဖြစ်နေနိုင်ပါတယ်။ ဒီလို လက္ခဏာတွေ ခံစားရမယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ အကြံပြုပါရစေ။

  • အကြောင်းအရင်း မရှိဘဲ ဝိတ်ကျသွားတာ

လေဒီလေး တော်တော်များများက ဝိတ်ကျတာကို သဘောကျတာ မှန်ပေမယ့် ဝိတ်ချနေတာမျိုး၊ အစားလျှော့နေတာမျိုး တစ်ခုခု မလုပ်ဘဲ ကိုယ်အလေးချိန်က ကျဆင်းလာမယ်ဆိုရင်တော့ အူမကြီး ကင်ဆာ၊ အသည်းကင်ဆာ၊ ပန်ခရိယကင်ဆာတွေ ဖြစ်နေနိုင်သလို အစာရေမျို ကင်ဆာနဲ့ သွေးကင်ဆာတွေလည်း ဖြစ်နိုင်တာကြောင့် စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ လိုပါမယ်။

  • အရေပြား ပြောင်းလဲတာ

အရေပြားကင်ဆာကလည်း အခုနောက်ပိုင်းမှာ အဖြစ်များတဲ့ ကင်ဆာတစ်ခု ဖြစ်လို့လာပါတယ်။ အရေပြားမှာ အရေပြားပြောင်းလဲတာ၊ အနာမကျက်တာတွေ ဖြစ်မယ်ဆိုရင် သတိပေးလက္ခဏာတွေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့ လိုပါမယ်။

  • မျိုချရခက်လာတာ

တစ်ခုခု စားလိုက်တိုင်း တစ်ခုခု သောက်လိုက်တိုင်း မျိုချရခက်နေတာ၊ အော့အန်တာတွေ ဖြစ်ပြီး ကိုယ်အလေးချိန်တွေ ကျဆင်းလာမယ်ဆိုရင်လည်း ဆရာဝန်နဲ့ သေချာလေး စစ်ဆေးမှု ခံယူဖို့ လိုပါမယ်။ အကြောင်းကတော့ ဒီလို လက္ခဏာတွေက အစာအိမ် ကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊ သိုင်းရွိုက်ကင်ဆာ၊ အဆုတ်ကင်ဆာတွေရဲ့ အစောပိုင်း လက္ခဏာတွေ ဖြစ်နေနိုင်တာကြောင့်ပါ။

  • ရင်သားပြောင်းလဲတာ

ရင်သားက နာကျင်တာ၊ တင်းတာ၊ အရောင်ပြောင်းတာ၊ ရင်သားထဲမှာ အဖုအကျိတ်လိုမျိုးတွေ စမ်းမိမယ်ဆိုရင် ရင်သားကင်ဆာ စစ်ဆေးမှု ခံယူသင့်ပါတယ်။

  • ချောင်းဆိုးတာရှည်တာ

အအေးမိရင် ချောင်းဆိုးနိုင်သလို ဓာတ်မတည့်မှုတွေကြောင့်လည်း ချောင်းဆိုးနိုင်ပါတယ်။ တဆင့်ခံ ဆေးလိပ်ငွေ့ကြောင့်ရောပေါ့။ ဒါပေမယ့် ချောင်းက ရာသီအကူးအပြောင်းမှရယ် မဟုတ်ဘဲ အမြဲလိုလို ချောင်းဆိုးမယ်။ ချောင်းဆိုးရင် သွေးစလေးတွေပါမယ်။ အသံဝင်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်စေချင်ပါတယ်။

  • ဖျားမယ်

လူတော်တော်များများက ဖျားနာတာကို ကင်ဆာရဲ့ အစောပိုင်းလက္ခဏာလို့ သိကြတာများပါတယ်။ ဒါပေမယ့် ခဏခဏ ဖျားနာတာက သွေးကင်ဆာရဲ့ အစောပိုင်း လက္ခဏာတွေ ဖြစ်နီုင်ပါတယ်။ ဒါကြောင့် ခဏခဏ ဖျားမယ်။ အဖျားတာရှည်မယ်ဆိုရင် ဆရာဝန်နဲ့ ပြကြည့်ဖို့ အကြံပြုပါရစေ။

  • ခြေကုန်လက်ပမ်းကျမယ်

အိပ်ရေးလည်း ဝပါရဲ့။ စိတ်ဖိစီးမှုကလည်း ဇီးရိုးပါပဲ။ ဒါပေမယ့် နေ့စဉ် လုပ်နေကျလေးတွေကို လုပ်ရင်းတောင် ခြေကုန်လက်ပမ်းကျလာပြီဆိုရင်တော့ ကင်ဆာလိုမျိုး နာတာရှည် ကျန်းမာရေးပြဿနာ တစ်ခုခုရဲ့ အစောပိုင်း လက္ခဏာ ဖြစ်နေနိုင်တာကြောင့် သေချာလေး စစ်ဆေးကြည့်ဖို့ ပြောပါရစေ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

12 Signs of Cancer Women Can’t Ignore https://www.hemoncnc.com/cancer-symptoms/12-signs-of-cancer-women-cant-ignore Accessed Date 11 November 2022

Knowing Your Great Is Determining What’s Normal for You https://www.detectogether.org/news-insights/cancer-symptoms-that-women-ignore/ Accessed Date 11 November 2022

Cancer symptoms women shouldn’t ignore https://www.cancercenter.com/cancer-symptoms/symptoms-women-shouldnt-ignore Accessed Date 11 November 2022

17 Cancer Symptoms You Shouldn’t Ignore https://www.ucsfhealth.org/en/covid/17-cancer-symptoms-you-shouldnt-ignore Accessed Date 11 November 2022

Early Cancer Warning Signs: 5 Symptoms You Shouldn’t Ignore https://www.hopkinsmedicine.org/health/wellness-and-prevention/early-cancer-warning-signs-5-symptoms-you-shouldnt-ignore Accessed Date 11 November 2022

ယခုပုံစံ

24/01/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေဒီလေးတွေ လိုက်နာသင့်တဲ့ မိုးရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထ

လေဒီလေးတိုင်း ထိုးထားသင့်တဲ့ ကာကွယ်ဆေး အချို့


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 24/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement