backup og meta

ဓမ္မတာ နောက်ကျရခြင်းရဲ့ အကြောင်းရင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Arkar Hein မှ ရေးသားသည်။ · 09/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဓမ္မတာ နောက်ကျရခြင်းရဲ့ အကြောင်းရင်းများ

    အကယ်၍ အမျိုးသမီးတစ်ယောက်က ဓမ္မတာ ပုံမှန်လာနေပြီး ရုတ်တရက် ဓမ္မတာနောက်ကျနေတဲ့အခါမှာ မမျှော်လင့်ထားတဲ့ ကိုယ်ဝန်ကြောင့် နောက်ကျနေတာလာဆိုပြီး စိတ်ရှုပ်တတ်ကြပါတယ်။ ဒါပေမဲ့ ဓမ္မတာနောက်ကျရခြင်းအကြောင်းရင်းတွေ အများကြီး ရှိပြီး သန္ဓေတားဆေးသောက်တာကစလို့ စိတ်ဖိစီးမှုလို အကြောင်းရင်းတွေကြောင့်လည်း ဓမ္မတာ နောက်ကျနိုင်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ Hello Sayarwon ပရိတ်သတ်တွေအတွက် ဓမ္မတာ နောက်ကျရခြင်းရဲ့ အကြောင်းရင်းများ ကို ဖော်ပြပေးလိုက်ပါတယ်။

    ဓမ္မတာ နောက်ကျရခြင်းရဲ့ အကြောင်းရင်းများ

    ဓမ္မတာ နောက်ကျရခြင်းရဲ့ အကြောင်းရင်းများ ကတော့

    ၁။ စိတ်ဖိစီးမှု များနေခြင်း။

    စိတ်ဖိစီးမှုက ဓမ္မတာ စက်ဝန်းပေါ်ကို သက်ရောက်နိုင်ပါတယ်။ အထူးသဖြင့် အချိန်ကြာမြင့်စွာ စိတ်ဖိစီးနေမယ်ဆိုရင် အမျိုးသမီးတစ်ယောက်အနေနဲ့ ဓမ္မတာ ပိုတိုလာနိုင်သလို၊ ပိုရှည်လာနိုင်တဲ့အပြင် ဓမ္မတာ မလာတော့သည်အထိ ဖြစ်စေနိုင်ပါတယ်။ တချို့သော အမျိုးသမီး တွေမှာဆိုရင် စိတ်ဖိစီးနေတဲ့အချိန် ဓမ္မတာလာချိန် ဗိုက်နာခြင်းတွေကို ကြုံရလေ့ ရှိပါတယ်။

    ဒါကြောင့် ဒီလို ဓမ္မတာနောက်ကျနေမယ်ဆိုရင် စိတ်ဖိစီးစေတဲ့အကြောင်းရင်းတွေကို တတ်နိုင်သလောက်ရှောင်ပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ ပုံမှန် အိပ်စက်တာတွေက စိတ်ဖိစီးခြင်းကို ပျောက်စေနိုင်ပြီး ဓမ္မတာကို ပုံမှန်အတိုင်း ဖြစ်စေနိုင်ပါတယ်။ အကယ်၍ အမျိုးသမီးတစ်ယောက်အနေနဲ့ ရေရှည် စိတ်ဖိစီးမှု ခံနေရရင် ဆရာဝန်ထံပြသပြီး ကုသမှု ခံယူသင့်ပါတယ်။

    ၂။ သွေးမဆုံးခင် အကြိုကာလ။

    သွေးမဆုံးခင်ကာလအစောပိုင်းတွေမှာ ဖြစ်တတ်တဲ့ အကြိုကာလ (Perimenopause) မှာ ခန္ဓာကိုယ်က အီစထရိုဂျင် ဟော်မုန်း ထုတ်လုပ်မှု နည်းလာတဲ့ အချိန်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီအချိန်ဟာ အမျိုးသမီးတစ်ယောက် အသက် ၄၀ အပိုင်းအခြားကာလမှာ ဖြစ်တတ်ပေမယ့် တစ်ခါတစ်ရံမှာ အသက် ၃၀ နားတစ်ဝိုက်မှာလည်း ဖြစ်ပါတယ်။

    သွေးမဆုံးခင် အကြိုကာလ (Perimenopause) ဟာ ပုံမှန်အားဖြင့် ၄ နှစ်ခန့် ကြာတတ်ပေမယ့် တချို့အမျိုးသမီးတွေမှာတော့ လအနည်းငယ်ခန့်ကြာတတ်ပြီး တချို့တွေမှာတော့ ၁၀ နှစ်အထိ ကြာတတ်ပါတယ်။ သွေးမဆုံးခင် အကြိုကာလ (Perimenopause) ဟာ အမျိုးသမီးတစ်ယောက် ၁၂ လတိတိ ဓမ္မတာ မလာတော့တဲ့ သွေးဆုံးချိန်ရောက်ရင် ပြီးဆုံးသွားပြီလို့ သတ်မှတ်လို့ရပါတယ်။

    Perimenopause မှာ အီစထရိုဂျင် ထုတ်လုပ်မှုက တဖြည်းဖြည်း နည်းလာတာကြောင့် အမျိုးသမီးတစ်ယောက်ရဲ့ ဓမ္မတာ စက်ဝန်းက ပြောင်းလဲနိုင်ပြီး ဒီအချိန်မှာ ဓမ္မတာ မမှန်တော့တာမျိုး၊ ဓမ္မတာမလာတော့တာမျိုး ဖြစ်နိုင်ပါတယ်။

    ၃။ ကိုယ်အလေးချိန်လျော့လာခြင်း။

    သိသိသာသာ ပိန်ကျသွားတာမျိုး၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်း ကစားလိုက်တာမျိုးက အမျိုးသမီးတစ်ယောက်ရဲ့ ဓမ္မတာကို ပျောက်ကွယ်စေနိုင်ပါတယ်။ သာမန်ရှိနေတဲ့ ကိုယ်အလေးချိန်ထက်ပိန်နေတာမျိုး ဒါမှမဟုတ် ခန္ဓာကိုယ် အဆီ ပမာဏက နည်းပါးနေတာမျိုးက မျိုးပွားဟော်မုန်း ထုတ်လုပ်မှုကို ပြောင်းလဲပစ်နိုင်ပြီး မျိုးဥကြွေခြင်းနဲ့ ဓမ္မတာ မလာစေနိုင်တော့တဲ့ ပမာဏ အထိ နည်းစေနိုင်ပါတယ်။ ဒါ့ကြောင့် ပိန်နေတဲ့ အမျိုးသမီးတွေအနေနဲ့ ဓမ္မတာ တစ်ခါ မလာတော့မျိုး၊ လပေါင်းများစွာ ဓမ္မတာ မလာတော့တာမျိုးကြုံရမယ်ဆိုရင် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေ လုံလောက်စွာရရှိဖို့ အတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

    ၄။ အဝလွန်နေခြင်း။

    ခန္ဓာကိုယ်အလေးချိန်နည်းနေသလိုပဲ အဝလွန်ခြင်းက အမျိုးသမီးတစ်ယောက်ရဲ့ ဓမ္မတာ စက်ဝန်းအပေါ် သက်ရောက်မှု ရှိပါတယ်။ အဝလွန်ခြင်းနဲ့ ဓမ္မတာ မလာတော့ခြင်းက အမျိုးသမီးတစ်ယောက်မှာ သားဥအိမ်တွင်း အရည်အိတ်တွေ ဖြစ်ပေါ်နေတဲ့ ဝေဒနာ (polycystic ovary syndrome (PCOS)) ဖြစ်နေတယ်ဆိုတဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို ဖြစ်နေရင် အမျိုးသမီးတစ်ယောက်အနေနဲ့ ဆရာဝန်ထံ ပြသကြည့်ဖို့ အရေးကြီးပါတယ်။

    သားဥအိမ်တွင်း အရည်အိတ်တွေ ဖြစ်ပေါ်နေတဲ့ ဝေဒနာ (polycystic ovary syndrome (PCOS)) ဆိုတာ မျိုးပွားနိုင်တဲ့ အရွယ် အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ဟော်မုန်းမူမမှန်တဲ့ဝေဒနာ တစ်မျိုးပါ။ ဒီဝေဒနာရှိနေတဲ့အမျိုးသမီးတွေမှာ ဓမ္မတာ ပုံမမှန်ခြင်း၊ ဓမ္မတာ ကာလကြာခြင်းနဲ့ အမျိုးသားဟော်မုန်း (အန်ဒရိုဂျင်) များနေခြင်းတို့ ဖြစ်နိုင်ပြီး သားဥအိမ်မှာလည်း အရည်အိတ်လေးများ ပေါက်လာကာ ပုံမှန် မျိုးဥ မကြွေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

    ဒါကြောင့် ဒီလို အခြေအနေမျိုးရှိရင်တော့ သွေးစစ်ဆေးခြင်း (ဒါမှမဟုတ်) ultrasound စစ်ဆေးမှု ခံယူပြီး သားဥအိမ်မှာ ဘာမှ ဖြစ်မနေတာကို သေချာအောင်စစ်ဆေးသင့်ပါတယ်။

    ၅။ သန္ဓေတားနည်းများ။

    ဟော်မုန်းပါတဲ့ သန္ဓေတားနည်းတွေက အမျိုးသမီးတစ်ယောက်ရဲ့ ဓမ္မတာကို မလာတော့သည်အထိ ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဟော်မုန်း သန္ဓေတားဆေးတွေဟာ အီစထရိုဂျင်နဲ့ ပရိုဂျက်စရုန်းကို ပေါင်းစပ်ပြီး အချိန်တစ်ခုအထိ သောက်သုံးပြီးမှ ဟော်မုန်းမပါတဲ့ ဆေးကို ၇ ရက်သောက်သုံးရတာ ဖြစ်ပါတယ်။ ဒီလို ဟော်မုန်းမပါတဲ့ ဆေးတွေသောက်သုံးတဲ့အချိန်မှာ ဓမ္မတာလာပါတယ်။ တစ်ခါတစ်ရံမှာ ဒီဟော်မုန်း ၂ မျိုးက သားအိမ်ရဲ့ အနားသပ်တွေကို အရမ်းပါးစေတဲ့ အတွက် ဓမ္မတာ မလာတော့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို ဟော်မုန်းပါတဲ့ သန္ဓေတားနည်းတွေ ဖြစ်တဲ့ သန္ဓေတားဆေးတွေ၊ သန္ဓေတားအချပ်တွေ၊ ထိုးဆေးတွေနဲ့ ခန္ဓာကိုယ်အတွင်းထည့် ပစ္စည်းတွေကြောင့် ဓမ္မတာ မလာတော့တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုးဟာ အန္တရာယ်မရှိပေမယ့် အမျိုးသမီးတစ်ယောက်အနေနဲ့ သန္ဓေတားဆေး ရွေးချယ်တဲ့အချိန်မှာ ဖြစ်လာနိုင်တာတွေကို ဆရာဝန်ထံမေးမြန်းထားသင့်ပါတယ်။

    ၆။ တခြား ဟော်မုန်း အခြေအနေ။

    တချို့သော ဟော်မုန်းတွေ ဖြစ်တဲ့ ပရိုလက်တင် (prolactin) နဲ့ သိုင်းရွိုက် ဟော်မုန်းတွေကြောင့် ဓမ္မတာ မလာတော့တာမျိုး ဖြစ်နိုင်ပါတယ်။

    ပရိုလက်တင် (prolactin) ဟော်မုန်းကတော့ ပီကျူထရီဂလင်းက ထုတ်လုပ်တဲ့ ဟော်မုန်း ဖြစ်ပြီး မိခင်နို့ရည်ထုတ်လုပ်တဲ့အခန်း ကဏ္ဍမှာ အရေးပါပါတယ်။ ဒါ့အပြင် ဒီဟော်မုန်းဟာ တခြား ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေဖြစ်တဲ့ မျိုးပွားစနစ်နဲ့ ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်ချက်တွေအတွက်လည်း အရေးပါပါတယ်။

    သိုင်းရွိုက် ဟော်မုန်းတွေဆိုတာကတော့ လည်ပင်းရဲ့ အရှေ့ခြမ်းမှာတည်ရှိတဲ့ သိုင်းရွိုက်ဂလင်း မှထုတ်လုပ်တဲ့ ဟော်မုန်းတွေဖြစ်ပါတယ်။ သိုင်းရွိုက် ဟော်မုန်းတွေထဲမှာ အရေးပါဆုံး ဟော်မုန်း ၂ မျိုးကတော့ thyroxine (T4) နဲ့ triiodothyronine (T3) ဖြစ်ပြီး ဆဲလ်တွေအတွင်းက ဓာတုဖြစ်စဉ်တွေနဲ့ ဆဲလ်တွေ ကြီးထွားခြင်းကို ထိန်းချုပ်ပါတယ်။

    ဒီလို ဟော်မုန်းတွေ ပမာဏ မညီတဲ့အခါ ဓမ္မတာ ကွယ်ခြင်း၊ နောက်ကျခြင်း ကို ဖြစ်စေနိုင်ပါတယ်။ ဟော်မုန်းပမာဏ မညီမျှခြင်းကို သွေးစစ်ခြင်းဖြင့် သိရှိနိုင်ပါတယ်။ ဘာကြောင့် ဒီလို ဟော်မုန်းတွေ မညီမမျှဖြစ်နေတာလဲဆိုတာကိုတော့ ဆရာဝန်ထံမှာ စစ်ဆေးဖို့လိုပါတယ်။ တစ်ခါတစ်ရံမှာ ဟော်မုန်းတွေ မညီမျှဖြစ်ခြင်းက ဦးနှောက်အကျိတ်ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် မှန်ကန်တဲ့ကုသမှု ခံယူခြင်းဖြင့် ဓမ္မတာက ပုံမှန်ပြန်ဖြစ်နိုင်ပါတယ်။

    ၇။ သားဥအိမ်တွင်း အရည်အိတ်တွေ ဖြစ်ပေါ်နေတဲ့ ဝေဒနာ (polycystic ovary syndrome (PCOS))

    သားဥအိမ်တွင်း အရည်အိတ်တွေ ဖြစ်ပေါ်နေတဲ့ ဝေဒနာ (polycystic ovary syndrome (PCOS)) ဟာ အမျိုးသမီးတွေရဲ့ မျိုးဥအိမ်အပေါ် သက်ရောက်မှုရှိပြီး ဒီမျိုးဥအိမ်ဟာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်းကို ထုတ်လုပ်တာ ဖြစ်ပါတယ်။ ဒီဟော်မုန်း ၂ မျိုးက ဓမ္မတာ စက်ဝန်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်း၂ မျိုးပါ။ ဒီဝေဒနာဟာ မျိုးပွားနိုင်တဲ့အရွယ် အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ဟော်မုန်း ပုံမမှန်တဲ့ဝေဒနာ ဖြစ်ပါတယ်။

    ဒီဝေဒနာ ဖြစ်ရင် ခံစားရတဲ့ ဖြစ်စဉ်တွေက အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်မတူဘဲ ဟော်မုန်း ပုံမမှန်ခြင်း၊ သားဥအိမ်မှာ အရည်အိတ်များဖြစ်ခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ခန္ဓာကိုယ်နဲ့ မျက်နှာမှာ အမွေးများလာခြင်း၊ အမျိုးသားတွေလို ထိပ်ပြောင်လာခြင်းနဲ့ အဝလွန်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဒီဝေဒနာဖြစ်ရင် ဓမ္မတာတွေ ပုံမမှန်ဖြစ်လာပြီး တစ်ခါတစ်ရံ ဓမ္မတာ မလာတော့သည်အထိ ဖြစ်နိုင်ပါတယ်။

    ဒါ့ကြောင့် ဒီလို ဝေဒနာရှိနေတယ်လို့ သံသယရှိနေတဲ့ အမျိုးသမီးတွေအနေနဲ့ ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။ အကယ်၍ မကုသခဲ့ဘူးဆိုရင် မျိုးပွားနိုင်တဲ့အချိန် ဓမ္မတာ မလာခြင်းက သားအိမ် အနားသတ်လိုင်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။

    ၈။ ကိုယ်ဝန်ရှိနေခြင်း။

    ဓမ္မတာ မလာတော့ခြင်းရဲ့ ဖြစ်နိုင်ခြေ အများဆုံးကတော့ ကိုယ်ဝန်ကြောင့် ဖြစ်ပါတယ်။ ကိုယ်ဝန်ဟာ သန္ဓေတားနည်းတွေကို ပုံမှန်သုံးနေရင်တောင် ရနိုင်ပါသေးတယ်။ ဒါကြောင့် လိင်ဆက်ဆံမှု ပုံမှန်ရှိပြီး ဓမ္မတာ နောက်ကျနေတဲ့ အမျိုးသမီးတွေအနေနဲ့ အိမ်မှာ စစ်လို့ရတဲ့ ကိုယ်ဝန်စစ်ကိရိယာနဲ့ ကိုယ်ဝန်ရှိမရှိ စစ်ဆေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၀၀ ရာခိုင်နှုန်း အပြည့် ထိရောက်တဲ့သန္ဓေတားနည်း မရှိလို့ပါ။ အကယ်၍ ကိုယ်ဝန်စစ်ဆေးတဲ့အချိန် ကိုယ်ဝန်မရှိဘဲ ဓမ္မတာလည်း မလာသေးတဲ့ အမျိုးသမီးတွေအနေနဲ့ကတော့ ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။

    ဘယ်လို အချိန်မှာ ဆရာဝန်ထံသွားရောက်ပြသင့်သလဲ။

    အမျိုးသမီးတစ်ယောက်အနေနဲ့ ဓမ္မတာနောက်ကျတာကို စိုးရိမ်နေတယ်ဆိုရင် သူမရဲ့ ဓမ္မတာ လာတဲ့အချိန်၊ ပြီးတဲ့အချိန်နဲ့ တခြားသော ခံစားရတဲ့ ဝေဒနာတွေကိုရေးသား ထားသင့်ပါတယ်။ ဒါမှ ဆရာဝန်သွားရောက်ပြသတဲ့အခါမှာ ဆရာဝန်အနေနဲ့ စစ်ဆေးမှုကို ပိုမြန်မြန်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဓမ္မတာ လာတဲ့အချိန်နဲ့ ဆုံးတဲ့အချိန်ကိုလည်း သေချာမှတ်ထားသင့်ပါတယ်။

    တစ်ခါတစ်ရံမှာ ဓမ္မတာနောက်ကျတာ စိုးရိမ်စရာမလိုပေမယ့် လပေါင်းများစွာ ဓမ္မတာ မလာခြင်း၊ ကိုယ်ဝန်စစ်တဲ့အခါ ကိုယ်ဝန် ရှိနေခြင်း၊ အထက်မှာရေးခဲ့တဲ့ PCOS ဝေဒနာတွေကိုခံစားနေရခြင်း၊ ကိုယ်အလေးချိန်တိုးလာခြင်း၊ (ဒါမှမဟုတ်) ကိုယ်အလေးချိန်နည်းလာခြင်း၊ အလွန်အကျွံ စိတ်ဖိစီးနေတာတွေကိုခံစားရမယ်ဆိုရင်တော့ ကုသမှု ခံယူသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Arkar Hein မှ ရေးသားသည်။ · 09/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement