backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မိန်းမကိုယ်က လေလည် တတ်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မိန်းမကိုယ်က လေလည် တတ်သလား

မိန်းမကိုယ်က လေလည် တာမျိုး ကြုံဖူးပါသလား။ ဒါဟာ သင်တစ်ယောက်တည်း ဖြစ်တာမဟုတ်ပါဘူး။ အမျိုးသမီး တော်တော်များများ ဖြစ်တတ်ကြပါတယ်။ အူလမ်းကြောင်းမှာ လေရှိသလိုမျိုး မိန်းမကိုယ် မွေးလမ်းကြောင်းမှာလည်း လေရှိတတ်ပါတယ်။ ဒါကြောင့် လှုပ်လှုပ်ရှားရှား နေတဲ့အခါ လေထွက်လာတာပေါ့။ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိပါဘူး။ အများစုက အန္တရာယ်မရှိတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆက်ကြည့်ရအောင်။

ဘာကြောင့် မိန်းမကိုယ်က လေလည် ရတာလဲ။

  • လိင်ဆက်ဆံခြင်း

လိင်ဆက်ဆံတာက မိန်းမကိုယ်က လေထွက်ရခြင်းရဲ့ အဓိက အကြောင်းရင်းပါပဲ။ အမျိုးသား အင်္ဂါက မိန်းမကိုယ်ထဲကို အဝင်အထွက်လုပ်တဲ့အခါ လေပါ လိုက်ဝင်ပြီး လေခိုတတ်ပါတယ်။ ပြီးမြောက်သွားလို့ ကြွက်သားတွေ တင်းလိုက်ရင်ပဲ ဖြစ်ဖြစ်၊ အမျိုးသား အင်္ဂါကို ထုတ်လိုက်ရင်ပဲ ဖြစ်ဖြစ် လေတွေ ပြန်ထွက်လာပါတယ်။ အဲ့ဒီအခါ လေလည်သလိုမျိုး အသံထွက်လာတာပါ။

ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းကလည်း မိန်းမကိုယ်ထဲကို လေဝင်စေတဲ့ အကြောင်းရင်း တစ်ခုပါပဲ။ ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံရင်လည်း မိန်းမကိုယ်ထဲကို လေပိုဝင်ပြီး လေခိုတတ်ပါတယ်။

  • မိန်းမကိုယ်ထဲ ထည့်သည့် ပစ္စည်းများ

မိန်းမကိုယ်ထဲကို ထည့်တဲ့ ပစ္စည်းတွေ ( ဥပမာ- tamponsmenstrual cups) တွေကြောင့်လည်း လေခိုတတ်ပါတယ်။ ဒီပစ္စည်းတွေ ပြန်ထုတ်လိုက်တာဖြစ်ဖြစ်၊ လေ့ကျင့်ခန်း လုပ်ရင်ပဲ ဖြစ်ဖြစ်၊ အကြောလျှော့ရင်ပဲ ဖြစ်ဖြစ် လေတွေ ပြန်ထွက်လာတတ်ပါတယ်။

  • ကြွက်သားများ တောင့်တင်းခြင်း

လိင်ဆက်ဆံရင်ပဲ ဖြစ်ဖြစ်၊ မိန်းမကိုယ်ကို စမ်းသပ်ခံရရင်ပဲ ဖြစ်ဖြစ် မိန်းမကိုယ်က ကြွက်သားတွေက တောင့်နေတတ်ပါတယ်။ ဒါကြောင့် အထဲကို လေဝင်ပြီး လေခိုတတ်ပါတယ်။ ချောင်းဆိုးတာ၊ လေ့ကျင့်ခန်း လုပ်တဲ့အခါမှာလည်း ကြွက်သားတွေ တင်းလာပြီး မိန်းမကိုယ်ထဲက လေတွေ အပြင်ကို ပြန်ထွက်လာပါတယ်။

  • အကြောလျှော့ခြင်း

ယောဂလိုမျိုး အောက်ပိုင်းက ကြွက်သားတွေကို လျှော့ချပေးတဲ့ လေ့ကျင့်ခန်းတွေက မိန်းမကိုယ်ကို ပိုပွင့်စေပြီး လေပိုဝင်စေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်ရင်း ပုံစံတစ်ခုက တစ်ခု အပြောင်းမှာ လေထွက်တတ်ပါတယ်။

  • မိန်းမကိုယ် စမ်းသပ်ခြင်း

ကျန်းမာရေး အကြောင်းတစ်ခုခုကြောင့် သားဖွားမီးယပ်ဆရာဝန်နဲ့ သွားပြတဲ့အခါ လိုအပ်ရင် မိန်းမကိုယ်ကို စစ်ဆေးရပါတယ်။ Speculumလို့ ခေါ်တဲ့ ကိရိယာလေးနဲ့ မိန်းမကိုယ်ထဲကို ကြည့်တဲ့အခါ လေဝင်တတ်ပါတယ်။ ဒီကိရိယာလေးကို ပြန်ထုတ်အချိန်မှာ ဝင်သွားတဲ့လေတွေ ပြန်ထွက်လာတတ်ပါတယ်။

ခုထိပြောခဲ့တာတွေက အဖြစ်များတဲ့၊ စိုးရိမ်စရာ မရှိတဲ့ အကြောင်းတွေပဲ ဖြစ်ပါတယ်။ ရှားရှားပါးပါး တွေ့ရတတ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုကို ဆက်ကြည့်ရအောင်။

  • မွေးလမ်းကြောင်းနဲ့ တခြားအင်္ဂါအကြား လမ်းကြောင်းဆက်ခြင်း (Vaginal fistula)

Vaginal fistula ဆိုတာ မွေးလမ်းကြောင်းနဲ့ သူ့အနီးအနားက အင်္ဂါတွေ ဆက်သွားတာပဲ ဖြစ်ပါတယ်။ အတွေ့ရအများဆုံးက သူနဲ့ ကပ်ရက် ဆီးအိမ်နဲ့ ဆက်တဲ့ vesicovaginal fistulaပါ။ ဒါ့ပြင် ဆီးပို့ပြွန်နဲ့ ဆက်ရင် Ureterovaginal fistula၊ မစင်အိမ်နဲ့ ဆက်ရင် Rectovaginal fistula၊ အူသိမ်နဲ့ ဆက်ရင်  Enterovaginal fistula၊ အူမကြီးနဲ့ ဆက်ရင် Colovaginal fistula၊ ဆီးပြွန်နဲ့ ဆက်ရင် Urethrovaginal fistula စသဖြင့် အမျိုးအစားတွေ ရှိပါတယ်။ ဒီလို လမ်းကြောင်းဆက်တဲ့ ပြဿနာကတော့ ဆရာဝန်နဲ့ ပြသပြီး သေချာ ကုသမှု ခံယူမှ ရမှာပါ။

ဒီပြဿနာမှာ မိန်းမကိုယ်က လေထွက်တာအပြင်

-ဆီးသွားရင် ဆီးထဲမှာ ဝမ်းစလေးတွေ ပါလာတာ

-အနံ့ဆိုးတဲ့ ဆီး၊ မိန်းမကိုယ်က အကျိအချွဲထွက်တာ

-ခဏခဏ ဆီးပိုးဝင်တာ၊ မိန်းမကိုယ်ရောင်တာ

-ဆီးမထိန်းနိုင်၊ ဝမ်းမထိန်းနိုင် ဖြစ်တာ

-ခဏခဏ ဝမ်းလျှောတာ

-မိန်းမကိုယ်နဲ့ မစင်အိမ်မှာ နာနေတာ

-အတူနေရင် နာတာ

-ပျို့တာ

-ဗိုက်အောင့်တာ စတဲ့ လက္ခဏာတွေ ရှိတတ်ပါတယ်။

ဘယ်လို ကာကွယ်ကြမလဲ။

တိတိကျကျ ကာကွယ်တဲ့ နည်းလမ်းလည်း မရှိသလို ကာကွယ်ဖို့လည်း မလိုပါဘူး။ ဒါဟာ လေလည်သလိုပဲ သဘာဝဖြစ်စဉ် တစ်ခုပါ။ လေထွက်သာ သက်သက်ပဲ ဖြစ်ပြီး နာလည်း မနာဘူးလေ။

တကယ်လို့ လေထွက်တာ သူ့ဟာသူ မထွက်ဘူးဆိုရင် ဆီးသွားတဲ့အချိန်မှာ squat ထိုင်ပြီး လေထုတ်လို့ရပါတယ်။ မိန်းမကိုယ်ကြွက်သားတွေ တောင့်နေလို့ ဆိုရင်တော့ အကြောလျှော့တာ၊ အသက်ပြင်းပြင်းရှူပြီး စိတ်လျှော့တဲ့ နည်းလမ်းတွေနဲ့ လေထွက်အောင် လုပ်လို့ ရပါတယ်။

လူကြားထဲမှာ မိန်းမကိုယ်က လေထွက်လို့ နေရခက်တယ်ဆိုရင် လတ်တလောမှာ အတူနေတာတို့၊ လေ့ကျင့်ခန်း လုပ်တာတို့ကို ခဏ ရှောင်လိုက်ပါ။ မိန်းမကိုယ်ထဲကို ထည့်တဲ့ ပစ္စည်းတွေ ( ဥပမာ- tampons၊ menstrual cups) ကိုလည်း မသုံးပါနဲ့ဦး။

နောက်ပြီး လေ့လာချက်တွေအရ ရိုးရိုးမီးဖွားတဲ့နည်းလမ်းကလည်း မိန်းမကိုယ်က လေထွက်စေပါတယ်တဲ့။ မိန်းမကိုယ်ကြွက်သားတွေကို သန်မာစေတဲ့ Kegel လေ့ကျင့်ခန်းတွေက လေထွက်တာကို သက်သာစေပါလိမ့်မယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement