backup og meta

မိန်းမကိုယ် နာကျင်တာကို သက်သာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ် နာကျင်တာကို သက်သာစေဖို့

    လေဒီလေးတွေ နေ့စဉ်ဘဝမှာ တက်ကြွ လန်းဆန်းပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝနေစေဖို့ဆိုရင် သေချာလေး ဂရုစိုက်ပေးဖို့ လိုမယ့် အစိတ်အပိုင်းလေး တစ်ရပ် ရှိပါတယ်။ ဒါကတော့ အမျိုးသမီးလေးတွေရဲ့ ခန္ဓာကိုယ်က အနူးညံ့ဆုံး အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ မိန်းမကိုယ် လေးပါ။

    မိန်းမကိုယ်ကို နာကျင်စေနိုင်တဲ့ အချက်တွေကတော့ တစ်ခု မကပါဘူး။

    • အတူနေတာ
    • အာရုံကြောလေးတွေ ထိခိုက်ပျက်စီးတာ
    • ခန္ဓာကိုယ်ရဲ့ ပုံမှန်မဟုတ်တဲ့ တုံ့ပြန်မှု တစ်ရပ်ရပ်ကြောင့် ရောင်ရမ်းတာ
    • ဓာတ်မတည့်မှု ဖြစ်တာ
    • ကြွက်သားတွေ နာကျင်တောင့်တင်းတာ
    • ပဋိဇီဝပိုးသတ်ဆေးတွေ မကြာခဏ သောက်သုံးနေရတာတွေကြောင့် အကျိုးပြုဘက်တီးရီးယားတွေ နည်းသွားပြီး ပိုးဝင်တာကြောင့် မိန်းမကိုယ် နာကျင်နိုင်ပါတယ်။

    မိန်းမကိုယ်နာကျင်တဲ့အခါ ဘယ်လို ခံစားရနိုင်လဲ ……

    မိန်းမကိုယ် နာကျင်တဲ့အခါ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။

    • မိန်းမကိုယ် အင်္ဂါစပ်က နာကျင်တာ
    • မိန်းမကိုယ်က ယားယံမယ်။ နာကျင်မယ်။
    • နာကျင်မှုက တောက်လျောက်ဖြစ်နေမယ်။ နာလိုက် ပျောက်လိုက် ဖြစ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
    • အတူနေစဉ်မှာ နာကျင်မယ်။
    • လေ့ကျင့်ခန်း လုပ်တဲ့အချိန်မှာ နာကျင်မယ်။ စတာတွေကို ခံစားရနိုင်ပါတယ်။

    အချို့ လေဒီတွေမှာ တစ်နေရာတည်းက နာကျင်နေတတ်ပြီး အချို့သူတွေမှာ မိန်းမကိုယ် တစ်ခုလုံးမှာ နာကျင်မှုကို ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။ မြင်သာတဲ့ လက္ခဏာအနေနဲ့ ရောင်ရမ်းနေတာမျိုးလည်း ရှိနိုင်ပါတယ်။

    မိန်းမကိုယ် နာကျင်တာကို သက်သာစေဖို့

    မိန်းမကိုယ် နာကျင်တာကို သက်သာစေဖို့ အခုလို နည်းလမ်းလေးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။

    အဝတ်ကို ချောင်ချောင်ချိချိ ဝတ်ဆင်ပါ။

    မိန်းမကိုယ်လေး လေဝင်လေထွက်ကောင်းပြီး သက်သောင့်သက်သာ ရှိစေဖို့နဲ့ ကျန်းမာရေး ကောင်းစေဖို့ဆိုရင် မိန်းမကိုယ်ကို အေးမြခြောက်သွေ့နေစေဖို့ လိုပါမယ်။

    တစ်နေ့တာမှာ အတွင်းခံ တောက်လျောက် ဝတ်ထားမယ်ဆိုရင်တော့ ညအိပ်တဲ့အခါ အတွင်းခံကို ဝတ်မထားဖို့ အကြံပြုချင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးလို့ အတွင်းခံက ချွေးစိုသွားပြီဆိုရင် ချက်ချင်းလဲပါ။ ရေကူးပြီးချိန်မှာလည်း အတွင်းခံကို ချက်ချင်း လဲဝတ်ပါ။

    လျှော်တဲ့အခါ သတိထားပါ

    တစ်ခါတလေ အတွင်းခံကို လျှော်တဲ့အခါ သုံးတဲ့ ဆပ်ပြာတွေကြောင့် မိန်းမကိုယ်မှာ ရောင်ရမ်းတာ နာကျင်တာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် အတွင်းခံတွေကို တတ်နိုင်သမျှ ဆပ်ပြာအပြင်းစားတွေ၊ ဓာတုပစ္စည်းတွေ မပါတာမျိုးနဲ့ လျှော်ပေးပါ။ အဝတ်ပျော့ဆေးတွေ မသုံးပါနဲ့။

    တစ်ကိုယ်ရေသုံး ပစ္စည်းတွေ ဂရုစိုက်ပါ

    အိမ်သာသုံး စက္ကူကစလို့၊ လစဉ်သုံး ပစ္စည်း၊ Tampon တွေကို အမွှေးနံ့မပါတာမျိုးရွေးပါ။ ခရင်မ်တွေ၊ ဆပ်ပြာတွေ၊ ရေချိုးဆပ်ပြာရည်တွေနဲ့ မိန်းမကိုယ်ကို မထိတွေ့မိစေဖို့ သတိထားပါ။

    ရေအေးအေးနဲ့ ဆေးကြောပါ

    မိန်းမကိုယ် နာကျင်တာကို သက်သာစေဖို့ဆိုရင် မိန်းမကိုယ်ကို သန့်စင်တဲ့ ရေအေးအေးနဲ့ ဆေးကြောသန့်စင်တာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။

    ရေခဲဝတ် ကပ်ပါ

    အဝတ်စ သန့်သန့်လေးထဲမှာ ရေခဲတုံးလေးတွေ ထည့်ပြီး ရေခဲဝတ်ကပ်ပေးတာကလည်း မိန်းမကိုယ် နာကျင်တာကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။

    ရေနွေးဝတ် ကပ်ပါ

    မိန်းမကိုယ်က ရောင်ရမ်းနေမယ် နာလည်း နာကျင်နေမယ်ဆိုရင် နာကျင်နေတဲ့ နေရာကို ရေနွေးဝတ် ကပ်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ ရေနွေးဝတ် ကပ်ပေးတာက သွေးစီးဆင်းမှုကို ကောင်းစေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။

    ဒီနည်းလမ်းလေးတွေက ကိုယ်တိုင် လုပ်ဆောင်နိုင်မယ့် မိန်းမကိုယ် နာကျင်မှုကို သက်သာစေနိုင်မယ့် နည်းလမ်းကောင်းလေးတွေပါ။ ဒီနည်းလမ်းလေးတွေထဲက အဆင်ပြေဆုံးဖြစ်မယ့် နည်းလမ်းလေးတွေကို လိုက်လုပ်ပြီး မိန်းမကိုယ် နာကျင်တာကို သက်သာစေဖို့ ကိုယ်တိုင် လုပ်ဆောင်လိုက်ပါ လေဒီ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 25/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement