လေဒီလေး ၃ ဦးမှာ တစ်ဦးလောက်က ကျောက်ကပ်ရောဂါ၊ ဆီးအိမ်ကင်ဆာ၊ နာတာရှည် တင်ပါးဆုံ ရောင်ရမ်းနာကျင်တာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးခဏခဏ သွားတာလိုမျိုး တင်ပါးဆုံပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ အကြောင်းလေးကို ဗဟုသုတ အနေနဲ့ လေ့လာလိုက်ရအောင်နော်။
တင်ပါးဆုံဆိုတာ
တင်ပါးဆုံဆိုတာက ဝမ်းဗိုက် အောက်ဘက်နားမှာရှိတဲ့ ဇလုံလို ခပ်ခွက်ခွက် အစိတ်အပိုင်းပါ။ ကျောရိုးကို ထောက်ကန်ပေးထားပြီး ကိုယ်တွင်း အစိတ်အပိုင်းတွေကို ကာကွယ်ပေးထားပါတယ်။ အမျိုးသမီးတွေရဲ့ ဒီအစိတ်အပိုင်းမှာ
- သားအိမ်နံရံ
- သားအိမ်
- သားဥအိမ်
- သားဥပြွန်
- မွေးလမ်းကြောင်း
- မိန်းမကိုယ်
- အမျိုးသမီးအင်္ဂါစပ်တို့ပါဝင်နေပါတယ်။
ဒါတွေအပြင် ဆီးအိမ်နဲ့ မစင်အိမ်တို့ကလည်း ဒီတင်ပါးဆုံကွင်းထဲမှာ ရှိနေတာပါ။ ဒီအင်္ဂါအစိတ်အပိုင်းတွေကို တင်ပါးဆုံအရိုးကွင်း၊ ကြွက်သားနဲ့ အရွတ်တွေက ကာကွယ်ပေးထားပါတယ်။
လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ
အမျိုးသမီးတွေအတွက် အရေးပါလှတဲ့ တင်ပါးဆုံပိုင်းမှာ အခုလို ကျန်းမာရေးပြဿနာလေးတွေ ခံစားရနိုင်ပါတယ်။
တင်ပါးဆုံပိုင်း နာကျင်တာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ဒီလိုနာကျင်မှုက တင်ပါးဆုံပိုင်းဆိုင်ရာ ရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်သလို အခြား မူမမှန်မှုပြဿနာတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
တင်ပါးဆုံ နာကျင်တာကို ပြင်းထန်တဲ့ တင်ပါးဆုံနာကျင်မှု (ရုတ်တရက်ဖြစ်တယ်၊ ပြင်းထန်တယ်)။ နာတာရှည် တင်ပါးဆုံနာကျင်မှု (အချိန်ကာလတစ်ခုကြာတယ်၊ ဒါမှမဟုတ် လနဲ့ချီကြာတဲ့အထိမသက်သာဘဲ နာနေမယ်) ဆိုပြီး နှစ်မျိုး ခွဲထားပါတယ်။ တင်ပါးဆုံ နာကျင်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့်ဖြစ်နိုင်သလို အခြား ကိုယ်တွင်းကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
တင်ပါးဆုံ နာကျင်တဲ့အခါ ခံစားရနိုင်တဲ့ လက္ခဏာတွေ
တင်ပါးဆုံ နာကျင်တဲ့အခါ
- ပေါင်ခြံ နဲ့ တင်ပါးတဝိုက်က နာကျင်မယ်
- ဆီးခုံကနေ တဆစ်ဆစ်နာမယ်
- ဆီးသွားရင် နာမယ်
- ဆီးသွားရ ခက်မယ်
- ဗိုက် တစ်ပြင်လုံးက အောင့်မယ်
- လှုပ်ရှားလိုက်တိုင်း ဗိုက်အောင့်မယ်
- အတူနေတဲ့အခါ နာကျင်မယ်
- ရုတ်တရက် ထိုးအောင့်မယ်
- နည်းနည်းချင်းနဲ့ အချိန် ကြာကြာ နာနေမယ်။
တင်ပါးဆုံရောင်ရမ်းခြင်း (PID)
တင်ပါးဆုံ ရောင်ရမ်းတာက မိန်းမကိုယ်ကို ဘက်တီးရီးယား ဝင်ရောက်ကူးစက်တာကြောင့်ပါ။ ဆီးပူညောင်းကျရောဂါ။ ကာလသားရောဂါလိုမျိုး လိင်ကနေတဆင့် ကူးစက်တဲ့ ရောဂါပိုးတွေကြောင့် လည်း တင်ပါးဆုံရောင်ရမ်းနိုင်ပါတယ်။ သားဆက်ခြားနည်းလမ်းတစ်ခုဖြစ်တဲ့ IUD (သားအိမ်တွင်းထည့်ပစ္စည်း) ထည့်တာကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ပြီး တင်ပါးဆုံ ရောင်ရမ်းနိုင်ပါတယ်။
တင်ပါးဆုံ ရောင်ရမ်းတာက သားအိမ်၊ သားဥပြွန်၊ သားဥအိမ်တွေကို ထိခိုက်စေပြီး သားအိမ်တစ်ရှူးတွေကို အမာရွတ်ဖြေစ်စေတာ၊ သန္ဓေအောင်နိုင်စွမ်း ကျဆင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။
တင်ပါးဆုံ ကြွက်သား ပုံမှန်မဟုတ်ခြင်း
တင်ပါးဆုံ ကြွက်သားကို များစွာသော ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဝမ်းသွားရ လွယ်စေဖို့ လုပ်ဆောင်ပေးသလို အိမ်ထောင်ရေးသုခ ခံစားနိုင်စေဖို့လည်း လုပ်ဆောင်ပေး ပါတယ်။
တင်ပါးဆုံ ကြွက်သား ပုံမှန် မဟုတ်တဲ့အခါ အိမ်ထောင်ရေးသုခ မပြည့်စုံစေတာ၊ မိမိရဲ့ အိမ်ထောင်ဖက်ကို စိတ်ကျေနပ်မှု အပြည့်အဝ မပေးစွမ်းနိုင်တာ၊ ဝမ်းသွားရ ခက်ခဲတာ၊ ဝမ်းချုပ်တာတွေကို ခံစားရနိုင်ပါတယ်။
[embed-health-tool-ovulation]