backup og meta

မိန်းမကိုယ်ဂလင်း ရောင်ရမ်းခြင်း

မိန်းမကိုယ်ရဲ့ တစ်ဖက်တစ်ချက်မှာ Bartholin’s glandလို့ ခေါ်တဲ့ ဂလင်းလေးတွေ ရှိပါတယ်။ သူတို့က မိန်းမကိုယ်ကို ချောမွေ့အောင် ချောဆီထုတ်ပေးတာပါ။ တစ်ခါတစ်လေကျရင် ဒီဂလင်းတွေရဲ့ ပြွန်လေးတွေ ပိတ်သွားပြီး အရည်တွေ စုပုံလာတာကြောင့် ဖောင်းတင်းပြီး နာလာပါတယ်။ အဲ့ဒါကိုမှ ပိုးဝင်သွားလို့ရှိရင် အရည်အိတ်ရောင်ရမ်းတာ ဖြစ်လာပါတယ်။

မိန်းမကိုယ်ဂလင်း ရောင်ရမ်းခြင်း

ဖြစ်တတ်သလားလို့ မေးရင် အဖြစ်များပါတယ်။ ကံကောင်းတာက အိမ်တွင်းနည်းလမ်းတွေနဲ့ သက်သာအောင်လုပ်လို့ရသလို ဆရာဝန်နဲ့ ပြသပြီး ပျောက်အောင် ကုလို့ရပါတယ်။

ဖြစ်ရင် ဘာတွေ ခံစားရမှာလဲ။

အရွယ်သေးရင်တော့ ဘာမှစမ်းလို့ သိမှာ မဟုတ်ပါဘူး။ ကြီးလာရင်တော့ မိန်းမကိုယ်ကနေ တစ်ခုခုထွက်နေသလို ခံစားရမှာပါ။ ဒီတိုင်းနေရင်တော့ မနာပေမယ့် ထိလိုက်ရင် နာတတ်ပါတယ်။

ရိုးရိုးအရည်အိတ်ကနေ ပိုးဝင်တဲ့အထိ ဖြစ်ဖို့ ရက်နည်းနည်းလောက်ကြာမှာပါ။ ပိုးဝင်သွားပြီဆိုရင်တော့

  • မိန်းမကိုယ်အဝမှာ အလုံးဖြစ်နေပြီး ထိလိုက်ရင်နာမယ်။
  • အလုံးခံနေတာကြောင့် လမ်းလျှောက်ရ၊ ထိုင်ရ ထရခက်မယ်။
  • အတူနေရင် နာမယ်။
  • ဖျားတာ ဖြစ်ပါမယ်။

ကံကောင်းတာက ဒီဂလင်းက များသောအားဖြင့် တစ်ဖက်တည်းရောင်တာ များပါတယ်။

ဘာကြောင့် ဖြစ်တာလဲ။

ပြောခဲ့သလိုပဲ ဂလင်းရဲ့ ပိုးကြောင့်ပဲ ဖြစ်ဖြစ်၊ ထိခိုက်ဒဏ်ရာကြောင့်ပဲ ဖြစ်ဖြစ် ပြွန်လေးတွေ ပိတ်လို့ အရည်တွေ စုပြီး ရောင်လာတာပါ။ ပိုးဝင်ရင်တော့ ပြည်တည်ဖို့ များတာပေါ့။ များသောအားဖြင့်တော့ E.coliတို့၊ လိင်ကတဆင့်ကူးစက်တတ်တဲ့ ဆီးပူညောင်းကျတို့၊ ကလိုင်မဲဒီးယားတို့ ဝင်တာများပါတယ်။ လိင်ကကူးတာက ရှားတော့ ရှားပါတယ်။

အမျိုးသမီး ၁၀ယောက်မှာ ၂ယောက်က ဖြစ်တတ်ပါတယ်။ အသက် ၂၀ ဝန်းကျင်မှာ ပိုဖြစ်တတ်ပါတယ်။ အသက်ကြီးလာလေလေ ဖြစ်နိုင်ချေ နည်းလေလေပါပဲ။

အရေးကြီးလား၊ ဆရာဝန်နဲ့ ပြရမှာလား။ 

အိမ်မှာ ရေနွေးစိမ်တာ ၂ရက်၊ ၃ရက်လောက်ကြာတာတောင်  မသက်သာရင် ဒါမှမဟုတ် နာတာ မသက်သာရင် ဆရာဝန်နဲ့ ပြသင့်နေပါပြီ။

နောက်တစ်ခုက သင်က အသက် ၄၀ကျော်၊ မိန်းမကိုယ်နားမှာ အလုံးပေါ်နေတယ်ဆိုရင်လည်း ဆရာဝန်နဲ့ ပြပါ။ ဖြစ်နိုင်ချေနည်းပေမယ့် ကင်ဆာရောဂါ ဟုတ်မဟုတ် စစ်ဆေးဖို့လိုပါတယ်။

မကုဘဲထားလို့မရဘူးလား။

မကုဘဲထားရင် အစပိုင်းတော့ သက်သာသလို၊ ပျောက်သလို ရှိပေမယ့် ခဏခဏ ပြန်ဖြစ်တတ်ပါတယ်။ ဒါကြောင့် အရှင်းပျောက်အောင် ကုလိုက်တာ အကောင်းဆုံးပါ။

ဘယ်လိုကုလို့ရမလဲ။

များသောအားဖြင့်တော့ ကြီးကြီးမားမား ကုစရာ မလိုဘဲ အိမ်မှာ ရေနွေးစိမ်တာလောက်နဲ့တင် ၂ရက် ၃ရက်လောက်နေရင် သက်သာသွားမှာပါ။ လက္ခဏာ မပြဘူးဆိုရင်ပေါ့။

အလုံးကလည်း ကြီးတယ်၊ နာလည်းနာတယ်၊ ပိုးဝင်ပြီး ပြည်တည်နေပြီဆိုရင်တော့

  • ရေနွေးစိမ်တာ – ရေနွေးနွေးထဲမှာ ထိုင်တာပါ။ တစ်နေ့ကို အခေါက်များများ ထိုင်နိုင်ရင် ပိုကောင်းပါတယ်။
  • အရည်အိတ်ကို ခွဲစိတ်တာ
  • ပိုးသတ်ဆေးတွေနဲ့ ကုသတာ
  • Marsupialization လို့ ခေါ်တဲ့ အရည်တွေထွက်ဖို့ ဘေးကနေ အပေါက်လေး လုပ်ပေးတာ
  • ဒါတွေနဲ့မှ မရရင်တော့ ဂလင်း တစ်ခုလုံးကို ထုတ်ပစ်တာ (နောက်တစ်ဖက်ကျန်သေးလို့ မစိုးရိမ်ပါနဲ့။ များသောအားဖြင့်လည်း တစ်ဖက်တည်းဖြစ်တာများပါတယ်။)

ခွဲပြီးသွားရင်လည်း ရေနွေးထိုင်ပါ။ အနာသက်သာအောင် ဆရာဝန်ညွှန်ကြားချက်နဲ့ အကိုက်အခဲပျောက်ဆေးသောက်ပါ။

မဖြစ်အောင် ကာကွယ်လို့မရဘူးလား။

အရည်အိတ်မဖြစ်အောင် လုံးဝကာကွယ်လို့ မရပါဘူး။ ဒါပေမယ့် လိင်ကတစ်ဆင့် မကူးစက်အောင် ကွန်ဒုံးတွေ သုံးမယ်။ မိန်းမကိုယ်ကိုလည်း သန့်ရှင်းအောင်ထားပါ။ ဒါမှ ပိုးမဝင်မှာပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/women/guide/bartholins-gland-cyst#1

https://www.mayoclinic.org/diseases-conditions/bartholin-cyst/diagnosis-treatment/drc-20369981

ယခုပုံစံ

08/02/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိန်းမကိုယ်က မှိုမစွဲဘဲ ဘာလို့ ယားယံနေတာလဲ

မိန်းမကိုယ် အသားပို ထွက်ခြင်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement