ဖောလစ်အက်ဆစ် ဆိုတာက အမျိုးသမီးလေးတွေကို ကျန်းမာစေမယ့် ဆေးဝါးတစ်မျိုးပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ သောက်ပေးရတယ်လို့ သိထားပေမယ့် ဖောလစ်အက်ဆစ် သောက်သုံးမှုက ရာသီစက်ဝန်းအပေါ် ဘယ်လိုသက်ရောက်နေသလဲ ဆိုတာကိုတော့ သိသူနည်းနေနိုင်သေးတာကြောင့် ဒီဆောင်းပါးလေးကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။
ဖောလစ်ဆက်ဆစ် ဆိုတာ
ဖောလစ်အက်ဆစ်ဆိုတာက ရေထဲမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် B အုပ်စုဝင် ဗီတာမင် တစ်မျိုးပါ။ တိတိကျကျ ပြောရရင် ဗီတာမင် B9 ပေါ့။ ဖောလစ်အက်ဆစ်က ဖောလိတ်ကို ခန္ဓာကိုယ်က အသုံးပြုလို့ရတဲ့ ဖြည့်စွက်အာဟာရအဖြစ် ပြောင်းလဲထားတဲ့ ပုံစံပါ။ နေ့စဉ် စားသောက်မှုမှာ မရှိမဖြစ် ပါဝင်ဖို့လိုတဲ့ အာဟာရပါ။ ခန္ဓာကိုယ်အတွက် DNA နဲ့ RNAတွေ ဖြစ်ပေါ်စေဖို့အတွက် ဆဲလ်တွေ ကွဲပွားဖို့ လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ကို ထုတ်လုပ်ပေးပါတယ်။
ဖောလစ်အက်ဆစ်သောက်သုံးမှုက ရာသီစက်ဝန်းအပေါ် ဘယ်လို သက်ရောက်နေသလဲ
ဆေးတွေက သောက်တိုင်း ကောင်းတာတော့ မဟုတ်ပါဘူး။ ဆေးတွေကို မလိုအပ်ဘဲ သောက်တာက အသည်းတွေ ကျောက်ကပ်တွေကို ထိခိုက်စေနိုင်သလို ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးတွေ သောက်တဲ့အခါ ကိုယ်နဲ့ တည့်ရဲ့လား။ တကယ်လိုအပ်ရဲ့လား။ ဘယ်အချိန်မှာ ဘယ်အတိုင်းအတာ ပမာဏလောက် သောက်ရမလဲဆိုတာကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။
ကဲ …. အခုကစပြီး ဖောလစ်အက်ဆစ်သောက်သုံးမှုက ရာသီစက်ဝန်းအပေါ် ဘယ်လို သက်ရောက်နေသလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။
ရာသီလာချိန်မှာ ဖြစ်ဖြစ်၊ ပုံမှန်ဖြစ်ဖြစ် လေဒီလေးတွေအနေနဲ့ ဖောလစ်အက်ဆစ်ကို သောက်ပေးလို့ ရပါတယ်။ ဖောလစ်အက်ဆစ်က ကိုယ်ဝန်ဆောင်ချိန်မှာပဲ ဖြည့်တင်းဖို့ လိုတာ မဟုတ်ဘဲ သာမန်အချိန်တွေမှာ သောက်သုံးပေးတာက လေဒီလေးတွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ရာသီလာချိန်မှာ ဖောလစ်အက်ဆစ် သောက်သုံးတာက သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။
လေဒီလေးတွေ အနေနဲ့ ဖောလစ်အက်ဆစ် သောက်သုံးတာက သွေးတိုးရောဂါ ခံစားရနိုင်ခြေ နည်းသလို ဖောလိတ်ချို့တဲ့တာကြောင့် သွေးအားနည်းတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးဆင်းများတာကြောင့် သွေးအားနည်းတာ မဖြစ်စေဖို့လည်း ထောက်ကူပေးပါတယ်။
ဖောလစ်အက်ဆစ် ပုံမှန်သောက်သုံးပေးတာက ရာသီလာချိန်မှာ ပင်ပန်းတာ၊ အားမရှိသလို ခံစားရတာ၊ အသက်ရှူမဝတာတွေကို မဖြစ်အောင် ကာကွယ်ပေးသလို မူးဝေတာမျိုးတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
ဖောလစ်အက်ဆစ် မှန်မှန်သောက်သုံးပေးတာက ရာသီသွေးဆင်းရက် မှန်စေဖို့လည်း လုပ်ဆောင်ပေးပါတယ်။ မျိုးဥအိမ်တွေကိုလည်း ကျန်းမာစေဖို့ အားဖြည့်ပေးသလို သန္ဓေအောင်နိုင်စွမ်းလည်း မြင့်စေပါတယ်။
သွေးဆင်းများတာမျိုး၊ ရာသီထိမ်တာမျိုး၊ သွေးဆင်းရက်တိုတာမျိုးတွေ မဖြစ်စေဖို့ ဖောလစ်အက်ဆစ်ကို သောက်ပေးလို့ ရပါတယ်။ နောက်တစ်ချက်က ဖောလစ်အက်ဆစ် သောက်သုံးတာက ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲတာကို အတိုင်းအတာ တစ်ခုအထိ သက်သာစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေတဲ့ အမျိုးသမီးတွေဆိုရင်လည်း ဖောလစ်အက်စစ်ကို ကြိုသောက်ထားတာက ကလေးမှာ ဦးနှောက်နဲ့ အာရုံကြောချို့ယွင်းချက်တွေ ဖြစ်မလာအောင် ကာကွယ်ပေးပါတယ်။
ဖောလစ်အက်ဆစ်ကို ဆေးပြား အနေနဲ့ ရရှိနိုင်သလို နေ့စဉ် စားသုံးတဲ့ အစားအစာတွေကနေလည်း ရရှိနိုင်ပါတယ်။ ဒါကြောင့် ဆေးမသောက်ချင်ဘူးဆိုရင်တော့ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရင့်ရောင် အသီးအရွက်၊ ပြောင်းဖူး၊ ထောပတ်သီး၊ မုန်လာဥနီ၊ ရုံပတီသီး၊ ပန်းဂေါ်ဖီစတာတွေကို စားပေးလို့ ရပါတယ်။
ရာသီလာချိန်မှာရော ပုံမှန်နေ့ရက်တွေမှာပါ ဖောလစ်အက်ဆစ်ကို သောက်သုံးပေးလို့ ရပါတယ်။
# ဘယ်နေ့ ရာသီလာမလဲ ကိုယ်တိုင် တွက်ချက်လိုက်ပါ
[embed-health-tool-ovulation]