backup og meta

ရာသီခွက် လေးတွေကို ဘယ်လိုသန့်ရှင်းရေး လုပ်မလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီခွက် လေးတွေကို ဘယ်လိုသန့်ရှင်းရေး လုပ်မလဲ။

    ရာသီလာတဲ့အခါ သုံးတဲ့ ပစ္စည်းတွေထဲမှာ Pad Tamponsအဝတ် Padနဲ့ M cupလို့ အလွယ်ခေါ်ကြတဲ့ ရာသီခွက် လေးတွေက အသုံးများပါတယ်။ နောက်ပိုင်းမှာ ယိုစိမ့်မှု နည်းတာကြောင့်ရော၊ တစ်ခါဝယ်ပြီးရင် အကြာကြီး သုံးလို့ရတာကြောင့်ရော ရာသီခွက်လေးတွေကို လူသုံးများလာကြပါပြီ။ ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း သက်သာစေတာကြောင့် လူကြိုက်လည်း များပါတယ်။

    ရာသီခွက် လေးတွေကို ဘယ်လို သန့်ရှင်းရေး လုပ်မလဲ။

    ရာသီခွက်လေးတွေက ဆီလီကွန်နဲ့ လုပ်ထားပြီး ခပ်ပျော့ပျော့ခွက်လေးတွေပဲ ဖြစ်ပါတယ်။ ဒီခွက်လေးတွေက မိန်းမကိုယ်အတွင်းထဲကို ထည့်ထားရမှာဆိုတော့ သန့်နေအောင် ထားဖို့ လိုပါတယ်။ ဒါပေမယ့်လည်း သန့်ရှင်းချင်ဇောနဲ့ ဓာတုပစ္စည်းအပြင်းစားတွေ သုံးမယ်ဆိုရင် ခွက်ပျက်စီးသွားမှာပါ။

    သေချာမသန့်ရှင်းရင်လည်း မိန်းမကိုယ် ပိုးဝင်ပြီး ယားယံတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရာသီခွက်လေးတွေကို နည်းလမ်းမှန်မှန်နဲ့ ဘယ်လိုပိုးသတ်သန့်စင်ရမလဲဆိုတာကို ပြောပြပေးပါမယ်။

    • စစချင်း အသုံးပြုမယ်ဆိုရင်

    ရာသီခွက်ကို ခုမှစဝယ်လာပြီး အသုံးပြုမယ်ဆိုရင် ဒီနည်းလမ်းတွေနဲ့ သန့်ရှင်းရေး လုပ်ပေးနိုင်ပါတယ်။

    -အရင်ဆုံး လက်ဆေးပြီး လက်သန့်သန့်နဲ့ ရာသီခွက်ကို ကိုင်ပါ။ ပြီးရင် ဆပ်ပြာအပျော့စားလေးနဲ့ ဆေးကြောပါ။

    -ပြီးရင် ၁၀မိနစ် မကျော်စေဘဲ ရေနွေးထဲ ထည့်ပြုတ်ပေးပါ။

    -အဝတ်သန့်သန့်လေးနဲ့ ခြောက်အောင်သုတ်ပါ။

    ဒါဆိုရင်တော့ စပြီး အသုံးပြုလို့ရပါပြီ။

    • ရာသီလာနေတဲ့အချိန် သန့်ရှင်းရေး လုပ်မယ်ဆိုရင်

    ရာသီခွက်လေးတွေက တစ်ခွက်ဝယ်ထားရင် ရာသီရက်တောက်လျှောက် အသုံးပြုလို့ရပါတယ်။ ရာသီရက်တွေမှာ သွေးဆင်းနေတဲ့အတွက် သာမန်အချိန်ထက်တော့ ပိုပြီးသန့်အောင် ထားဖို့ လိုပါတယ်။

    -ရာသီခွက်ကို ပုံမှန်လဲလှယ်ပေးပါ။ သွေးဆင်းများသူဆို ၆နာရီခြား၊ ပုံမှန်နဲ့ သွေးဆင်းနည်းသူဆို ၁၂နာရီခြားတစ်ခါ သွန်ပြီး သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

    -အိမ်မှာဆိုရင်တော့ ရာသီခွက်ကို ရေသန့်သန့်၊ ဆပ်ပြာအပျော့စားနဲ့ ဆေးပြီး ခြောက်အောင်သုတ်ပါ။ ပြီးရင် ပြန်ထည့်လို့ရပါပြီ။

    -အပြင်ရောက်နေတယ်ဆိုရင်တော့ ဒီလိုဆေးဖို့ ခက်မှာပါ။ ဒါဆိုရင်တော့ အိမ်သာထဲ သွန်ချ၊ အမျိုးသမီးသုံး wet tissue (Feminine wipes)နဲ့ သေချာသုတ်၊ တစ်ရှူးအခြောက်နဲ့ အတွင်းရော အပြင်ရော သုတ်ပြီး ပြန်ထည့်နိုင်ပါတယ်။

    ရာသီခွက်လေးတွေကို ဘယ်လိုသန့်ရှင်းရေး လုပ်မလဲ။

    • ရာသီလာပြီးသွားပြီဆိုရင်

    ရာသီလာပြီးသွားပြီဆိုရင်တော့ သေချာသန့်ရှင်းပြီး သိမ်းဆည်းဖို့ လိုပါတယ်။

    -အရင်ဆုံး ရာသီခွက်ကို ဆေးနေကျအတိုင်း ဆေးလိုက်ပါ။

    -ရေခပ်နွေးနွေးထဲမှာ ၃မိနစ်လောက် စိမ်လိုက်ပါ။ ဒါမှ ရေချေးတွေ၊ ချောင်ကြိုချောင်ကြားမှာ ကပ်နေတာတွေ ပွပြီး ထွက်လာမှာ ဖြစ်ပါတယ်။

    -ပြီးရင် သွားပွတ်တံ အဟောင်းတစ်ချောင်းကို သုံးပြီး သေချာသန့်စင်ပါ။ အထူးသဖြင့် အတွင်းထဲ၊ အရစ်တွေကို သေချာပွတ်ဆေးပါ။

    -သန့်သွားပြီဆိုရင် ရေနွေးဆူဆူထဲမှာ ၁၀မိနစ်ထက် မပိုစေဘဲ ထည့်ပြုတ်ပေးပါ။ ဒီထက်ပိုကြာရင် ရာသီခွက်ပုံပျက်သွားနိုင်တာကို သတိပြုပါ။

    -အားလုံးပြီးပြီဆိုရင်တော့ အဝတ်သန့်သန့်နဲ့ အခြောက်သုတ်ပေးပါ။

    ရာသီခွက် ကို ဘယ်လိုသိမ်းဆည်းကြမလဲ။

    ရာသီခွက်တွေမှာ ဝယ်တည်းက သူ့ဘူး ဒါမှမဟုတ် အိတ်နဲ့ လာတတ်ပါတယ်။ ဒီထဲကိုပဲ ပြန်ထည့်ပါ။ ဘူးတွေ၊ အိတ်တွေကိုလည်း ပုံမှန်သန့်ရှင်းရေး လုပ်ပေးပါ။

    တကယ်လို့ ဘူးတွေ၊ အိတ်တွေ မရှိဘူးဆိုရင် လေဝင်လေထွက်ကောင်းတဲ့ အိတ်တစ်ခုခုနဲ့ သေချာထုပ်သိမ်းပါ။

    ပြီးရင် အေးမြခြောက်သွေ့တဲ့ နေရာမှာ သိမ်းပါ။ ဒါဆိုရင် နောက်တစ်ခါရာသီချိန်ကျ သန့်သန့်လေး သုံးနိုင်ပါပြီ။

    ရာသီခွက်ကို ဘာတွေနဲ့ မဆေးသင့်ဘူးလဲ။

    ရာသီခွက်ကို ဆပ်ပြာအပျော့စားနဲ့ ဆေးရင် လုံလောက်ပါပြီ။ ပိုသန့် ပိုပိုးသေအောင်ဆိုပြီး

    • ဘက်တီးရီးယားသေစေတဲ့ ဆပ်ပြာတွေ
    • အဆီပါတဲ့ ဆပ်ပြာတွေ
    • အနံ့မွှေးလွန်းတဲ့ ဆပ်ပြာတွေ
    • မုန့်ဖုတ်ဆိုဒါ
    • အစွန်းချွတ်ဆေး
    • ပန်းကန်ဆေးဆပ်ပြာ
    • ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်
    • အရက်ပြန်
    • ရှာလကာရည်တွေနဲ့ ဆေးတာမျိုး မလုပ်သင့်ပါဘူး။

    ဒါတွေက ရာသီခွက်ကို ပျက်စီးစေနိုင်ပါတယ်။

    ရာသီခွက်က တစ်ခါဝယ်ပြီးရင် နှစ်နဲ့ချီခံတယ်။ ရေကူးရင် သုံးလို့ရတယ်။ ယိုစိမ့်မှု မရှိဘူး။ ပတ်ဝန်းကျင် ညစ်ညမ်းမှု နည်းတယ်ဆိုပေမယ့် ကရိကထတော့ များပါတယ်။ သေချာသန့်ရှင်းနိုင်ရပါမယ်။ ဒါမှ မိန်းမကိုယ်ထဲ ပိုးမဝင်မှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement