အပြင်သွားရင်းနဲ့ ဆီးသွားချင်လို့ အိမ်သာအလောတကြီး လိုက်ရှာရ၊ ခရီးသွားရင်လည်း နေမထိထိုင်မသာတွေဖြစ်၊ ဆီးပေါက်ချင်လို့ အိမ်သာရှာရင်းနဲ့ ဆီးကလည်းထွက်ကျ၊၊ ဒီလို အဖြစ်တွေ ကြုံနေပြီလား။ တစ်ခါနှစ်ခါလောက်ဆို ပြဿနာ မရှိပေမယ့် အကြိမ်များများလာပြီ ဆီးသွားချင်တိုင်း ဒီလို ဆီးမထိန်းနိုင်တာတွေဖြစ်နေပြီဆိုရင်တော့ သေချာပါတယ်၊၊ ဆီးမထိန်းနိုင်ခြင်း ပြဿနာရှိနေပြီဆိုတာပါပဲ။
ဒါပေမယ့် ဆီးမထိန်းနိုင်ဘူး ဆိုတာမှာလည်း အမျိုးအစားတွေ ရှိသေးတယ်ဆိုတော့ ကိုယ်က ဘယ်လိုမျိုးထဲမှာများ ပါနေမလဲ။ ပြီးတော့ ဘာကြောင့်ဖြစ်ရတာလဲ။ အကြောင်းအရှိမှ အကျိုးဆိုတာ ဖြစ်လာတာမလား။ ဒီတော့ ကိုယ်ဖြစ်နေတဲ့ပြဿနာနဲ့ သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းလေး သိထားတော့မမှားဘူးပေါ့။
ဆီးမထိန်းနိုင်ခြင်း အမျိုးအစား ၄ မျိုး
( ၁ ) Stress incontinence
လက္ခဏာ – ဒါကတော့ ရယ်လိုက်၊ ချောင်းဆိုးလိုက်တဲ့အခါ ၊ လှုပ်ရှားမှုလုပ်လိုက်တဲ့အခါမျိုးတွေနဲ့ အလေးအပင်မလိုက်တဲ့အခါမျိုးတွေမှာ ဖြစ်တတ်တဲ့ ဆီးမထိန်းနိုင်ခြင်း တစ်မျိုးပါ။
ဖြစ်ရတဲ့ အကြောင်းအရင်း – ဒီလို အလေးပင်မ၊ လှုပ်ရှားမှုလုပ်လိုက်တိုင်း ဖြစ်ရတဲ့ ဆီးမလုံခြင်းပြဿနာ အဖြစ်များတဲ့သူတွေကတော့
- ကိုယ်ဝန်ဆောင်တွေ
- သွေးဆုံးသွားတဲ့ အမျိုးသမီးတွေ
- Pelvic တင်ပဆုံကွင်း ဓာတ်ရောင်ခြည်ကုသမှု ခံယူနေရတဲ့သူတွေနဲ့
- ခွဲစိတ်မှု တစ်ခုခုကြောင့် ဆီးလမ်းကြောင်းထိသွားတဲ့ သူတွေက ဒီလို Stress Incointence ပြဿနာ ပိုဖြစ်နိုင်ပါတယ်။
လက္ခဏာ – စိတ်ကနေ ဆီးသွားချင်တယ်လို့ ဖြစ်လိုက်တာနဲ့ ဆီးထွက်သွားတာမျိုးကို Urge incointenceလို့ သတ်မှတ်ပါတယ်။ ဒီလို Urge incontinence ပြဿနာဖြစ်နေတဲ့သူတွေက ဆီးသွားပြီးတိုင်းလည်း သွားချင်နေတတ်ပြီး ညဘက်အိပ်ကောင်းတဲ့ အချိန်တွေမှာပါ ထသွားရတတ်ပါတယ်။
ဖြစ်ရတဲ့ အကြောင်းအရင်းများ
- ဆီးလမ်းကြောင်း ပိုးဝင်တာ
- ဆီးချိုရောဂါနဲ့
- အာရုံကြောပိုင်းဆိုင်ရာ ရောဂါ ( Parkinson’s disease နဲ့ multiple sclerosis) ခံစားနေရတဲ့သူတွေဟာ ဒီလို Urge incontinence ပြဿနာ အဖြစ်များပါတယ်။
( ၃ ) Overflow incontinence
လက္ခဏာများ – ဆီးသွားပြီးနောက်ပိုင်း ဆီးတစက်စက်ကျနေတာဆိုရင်တော့ သင့်မှာ Overflow incontinence ပြဿနာရှိနေပါပြီ။
ဖြစ်ရတဲ့ အကြောင်းအရင်းများ -ဒီပြဿနာရဲ့ အဓိက အရင်းခံကတော့ ဆီးအိမ်ကြွက်သားအားပျော့ပြီး ဆီးအကုန် မညှစ်နိုင်တာဖြစ်ပါတယ်။ ဒီလို ဆီးအိမ်ကြွက်သားကို ထိခိုက်စေတဲ့ အကြောင်းအရင်းတွေကတော့
- Spinal cord ပင်မကျောရိုးကြီးထိခိုက်တဲ့ ပြဿနာ
- အခြား အာရုံကြောထိခိုက်တဲ့ပြဿနာ တွေနဲ့
- အမျိုးသားတွေဖြစ်တဲ့ ဆီးကျိတ်ကြီးတဲ့ ပြဿနာတွေမှာဆို Overflow incontinence အဖြစ်များပါတယ်။
( ၄ ) Total incontinence
ဒါကတော့ တစ်ချိန်လုံးတောက်လျှောက် ဆီးယိုနေတဲ့ပြဿနာဖြစ်ပါတယ်။
ဒီလို တောက်လျှောက်ကြီး ဆီးယိုနေတာ၊ ဆီးမထိန်းနိုင်တာကို အဓိကဖြစ်စေတာကတော့ မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်းကြားထဲမှာ ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းတစ်ခု ပွင့်နေတာကြောင့်ဖြစ်ရတာပါ။

Takeaways
ဒါတွေကတော့ ဆီးမထိန်းခြင်း တွေထဲကမှ အတွေ့ရအများဆုံး အမျိုးအစား ၄ မျိုးအကြောင်းဖြစ်ပါတယ်။ ပြီးတော့ ဆီးမထိန်းနိုင်တဲ့ ပြဿနာတွေက မရှားတာကြောင့် ကိုယ့်ဆီမှာ ဘယ်လိုပုံစံဖြစ်နေတာ၊ ဘာကြောင့်ဖြစ်ရတာလဲဆိုတာလေး သိထားတော့ မမှားဘူးပေါ့။