၅။ သန္ဓေတားနည်းများ။
ဟော်မုန်းပါတဲ့ သန္ဓေတားနည်းတွေက အမျိုးသမီးတစ်ယောက်ရဲ့ ဓမ္မတာကို မလာတော့သည်အထိ ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဟော်မုန်း သန္ဓေတားဆေးတွေဟာ အီစထရိုဂျင်နဲ့ ပရိုဂျက်စရုန်းကို ပေါင်းစပ်ပြီး အချိန်တစ်ခုအထိ သောက်သုံးပြီးမှ ဟော်မုန်းမပါတဲ့ ဆေးကို ၇ ရက်သောက်သုံးရတာ ဖြစ်ပါတယ်။ ဒီလို ဟော်မုန်းမပါတဲ့ ဆေးတွေသောက်သုံးတဲ့အချိန်မှာ ဓမ္မတာလာပါတယ်။ တစ်ခါတစ်ရံမှာ ဒီဟော်မုန်း ၂ မျိုးက သားအိမ်ရဲ့ အနားသပ်တွေကို အရမ်းပါးစေတဲ့ အတွက် ဓမ္မတာ မလာတော့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို ဟော်မုန်းပါတဲ့ သန္ဓေတားနည်းတွေ ဖြစ်တဲ့ သန္ဓေတားဆေးတွေ၊ သန္ဓေတားအချပ်တွေ၊ ထိုးဆေးတွေနဲ့ ခန္ဓာကိုယ်အတွင်းထည့် ပစ္စည်းတွေကြောင့် ဓမ္မတာ မလာတော့တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုးဟာ အန္တရာယ်မရှိပေမယ့် အမျိုးသမီးတစ်ယောက်အနေနဲ့ သန္ဓေတားဆေး ရွေးချယ်တဲ့အချိန်မှာ ဖြစ်လာနိုင်တာတွေကို ဆရာဝန်ထံမေးမြန်းထားသင့်ပါတယ်။
၆။ တခြား ဟော်မုန်း အခြေအနေ။
တချို့သော ဟော်မုန်းတွေ ဖြစ်တဲ့ ပရိုလက်တင် (prolactin) နဲ့ သိုင်းရွိုက် ဟော်မုန်းတွေကြောင့် ဓမ္မတာ မလာတော့တာမျိုး ဖြစ်နိုင်ပါတယ်။
ပရိုလက်တင် (prolactin) ဟော်မုန်းကတော့ ပီကျူထရီဂလင်းက ထုတ်လုပ်တဲ့ ဟော်မုန်း ဖြစ်ပြီး မိခင်နို့ရည်ထုတ်လုပ်တဲ့အခန်း ကဏ္ဍမှာ အရေးပါပါတယ်။ ဒါ့အပြင် ဒီဟော်မုန်းဟာ တခြား ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေဖြစ်တဲ့ မျိုးပွားစနစ်နဲ့ ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်ချက်တွေအတွက်လည်း အရေးပါပါတယ်။
သိုင်းရွိုက် ဟော်မုန်းတွေဆိုတာကတော့ လည်ပင်းရဲ့ အရှေ့ခြမ်းမှာတည်ရှိတဲ့ သိုင်းရွိုက်ဂလင်း မှထုတ်လုပ်တဲ့ ဟော်မုန်းတွေဖြစ်ပါတယ်။ သိုင်းရွိုက် ဟော်မုန်းတွေထဲမှာ အရေးပါဆုံး ဟော်မုန်း ၂ မျိုးကတော့ thyroxine (T4) နဲ့ triiodothyronine (T3) ဖြစ်ပြီး ဆဲလ်တွေအတွင်းက ဓာတုဖြစ်စဉ်တွေနဲ့ ဆဲလ်တွေ ကြီးထွားခြင်းကို ထိန်းချုပ်ပါတယ်။
ဒီလို ဟော်မုန်းတွေ ပမာဏ မညီတဲ့အခါ ဓမ္မတာ ကွယ်ခြင်း၊ နောက်ကျခြင်း ကို ဖြစ်စေနိုင်ပါတယ်။ ဟော်မုန်းပမာဏ မညီမျှခြင်းကို သွေးစစ်ခြင်းဖြင့် သိရှိနိုင်ပါတယ်။ ဘာကြောင့် ဒီလို ဟော်မုန်းတွေ မညီမမျှဖြစ်နေတာလဲဆိုတာကိုတော့ ဆရာဝန်ထံမှာ စစ်ဆေးဖို့လိုပါတယ်။ တစ်ခါတစ်ရံမှာ ဟော်မုန်းတွေ မညီမျှဖြစ်ခြင်းက ဦးနှောက်အကျိတ်ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် မှန်ကန်တဲ့ကုသမှု ခံယူခြင်းဖြင့် ဓမ္မတာက ပုံမှန်ပြန်ဖြစ်နိုင်ပါတယ်။
၇။ သားဥအိမ်တွင်း အရည်အိတ်တွေ ဖြစ်ပေါ်နေတဲ့ ဝေဒနာ (polycystic ovary syndrome (PCOS))
သားဥအိမ်တွင်း အရည်အိတ်တွေ ဖြစ်ပေါ်နေတဲ့ ဝေဒနာ (polycystic ovary syndrome (PCOS)) ဟာ အမျိုးသမီးတွေရဲ့ မျိုးဥအိမ်အပေါ် သက်ရောက်မှုရှိပြီး ဒီမျိုးဥအိမ်ဟာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်းကို ထုတ်လုပ်တာ ဖြစ်ပါတယ်။ ဒီဟော်မုန်း ၂ မျိုးက ဓမ္မတာ စက်ဝန်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်း၂ မျိုးပါ။ ဒီဝေဒနာဟာ မျိုးပွားနိုင်တဲ့အရွယ် အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ဟော်မုန်း ပုံမမှန်တဲ့ဝေဒနာ ဖြစ်ပါတယ်။
ဒီဝေဒနာ ဖြစ်ရင် ခံစားရတဲ့ ဖြစ်စဉ်တွေက အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်မတူဘဲ ဟော်မုန်း ပုံမမှန်ခြင်း၊ သားဥအိမ်မှာ အရည်အိတ်များဖြစ်ခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ခန္ဓာကိုယ်နဲ့ မျက်နှာမှာ အမွေးများလာခြင်း၊ အမျိုးသားတွေလို ထိပ်ပြောင်လာခြင်းနဲ့ အဝလွန်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဒီဝေဒနာဖြစ်ရင် ဓမ္မတာတွေ ပုံမမှန်ဖြစ်လာပြီး တစ်ခါတစ်ရံ ဓမ္မတာ မလာတော့သည်အထိ ဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် ဒီလို ဝေဒနာရှိနေတယ်လို့ သံသယရှိနေတဲ့ အမျိုးသမီးတွေအနေနဲ့ ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။ အကယ်၍ မကုသခဲ့ဘူးဆိုရင် မျိုးပွားနိုင်တဲ့အချိန် ဓမ္မတာ မလာခြင်းက သားအိမ် အနားသတ်လိုင်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။
၈။ ကိုယ်ဝန်ရှိနေခြင်း။
ဓမ္မတာ မလာတော့ခြင်းရဲ့ ဖြစ်နိုင်ခြေ အများဆုံးကတော့ ကိုယ်ဝန်ကြောင့် ဖြစ်ပါတယ်။ ကိုယ်ဝန်ဟာ သန္ဓေတားနည်းတွေကို ပုံမှန်သုံးနေရင်တောင် ရနိုင်ပါသေးတယ်။ ဒါကြောင့် လိင်ဆက်ဆံမှု ပုံမှန်ရှိပြီး ဓမ္မတာ နောက်ကျနေတဲ့ အမျိုးသမီးတွေအနေနဲ့ အိမ်မှာ စစ်လို့ရတဲ့ ကိုယ်ဝန်စစ်ကိရိယာနဲ့ ကိုယ်ဝန်ရှိမရှိ စစ်ဆေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၀၀ ရာခိုင်နှုန်း အပြည့် ထိရောက်တဲ့သန္ဓေတားနည်း မရှိလို့ပါ။ အကယ်၍ ကိုယ်ဝန်စစ်ဆေးတဲ့အချိန် ကိုယ်ဝန်မရှိဘဲ ဓမ္မတာလည်း မလာသေးတဲ့ အမျိုးသမီးတွေအနေနဲ့ကတော့ ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။
ဘယ်လို အချိန်မှာ ဆရာဝန်ထံသွားရောက်ပြသင့်သလဲ။
အမျိုးသမီးတစ်ယောက်အနေနဲ့ ဓမ္မတာနောက်ကျတာကို စိုးရိမ်နေတယ်ဆိုရင် သူမရဲ့ ဓမ္မတာ လာတဲ့အချိန်၊ ပြီးတဲ့အချိန်နဲ့ တခြားသော ခံစားရတဲ့ ဝေဒနာတွေကိုရေးသား ထားသင့်ပါတယ်။ ဒါမှ ဆရာဝန်သွားရောက်ပြသတဲ့အခါမှာ ဆရာဝန်အနေနဲ့ စစ်ဆေးမှုကို ပိုမြန်မြန်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဓမ္မတာ လာတဲ့အချိန်နဲ့ ဆုံးတဲ့အချိန်ကိုလည်း သေချာမှတ်ထားသင့်ပါတယ်။
တစ်ခါတစ်ရံမှာ ဓမ္မတာနောက်ကျတာ စိုးရိမ်စရာမလိုပေမယ့် လပေါင်းများစွာ ဓမ္မတာ မလာခြင်း၊ ကိုယ်ဝန်စစ်တဲ့အခါ ကိုယ်ဝန် ရှိနေခြင်း၊ အထက်မှာရေးခဲ့တဲ့ PCOS ဝေဒနာတွေကိုခံစားနေရခြင်း၊ ကိုယ်အလေးချိန်တိုးလာခြင်း၊ (ဒါမှမဟုတ်) ကိုယ်အလေးချိန်နည်းလာခြင်း၊ အလွန်အကျွံ စိတ်ဖိစီးနေတာတွေကိုခံစားရမယ်ဆိုရင်တော့ ကုသမှု ခံယူသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။