home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကျောက်ကပ်မှာ ရေအိတ်တည်ခြင်း

ကျောက်ကပ်မှာ ရေအိတ်တည်ခြင်း

ကျောက်ကပ်မှာ ရေအိတ်တည်ခြင်း ဆိုတာ ကျောက်ကပ်တစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံးမှာ အရည်တွေနဲ့ ပြည့်နေတဲ့ အိတ်တစ်ခု ဒါမှမဟုတ် ဒီ့ထက်ပိုရှိနေတာကိုဆိုလိုတာပါ။ ကျောက်ကပ်တွေဟာ ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဆီးအဖြစ်နဲ့ စွန့်ထုတ်ပေးတဲ့ ပဲစေ့ပုံစံရှိတဲ့ အစိတ်အပိုင်းတွေပါ။

ကျောက်ကပ်မှာ ရေအိတ်တည်ခြင်း ဘယ်နှစ်မျိုးရှိလဲ

ယေဘုယျအားဖြင့် ကျောက်ကပ်မှာ ရေအိတ်တည်ခြင်းနှစ်မျိူးရှိပါတယ်။ ရိုးရိုးရေအိတ်တည်ခြင်းနဲ့ polycystic kidney disease လို့ခေါ်တဲ့ မျိူးရိုးနဲ့ဆိုင်တဲ့ရေအိတ်တည်ခင်း တို့ဖြစ်ပါတယ်။ ရေအိတ်တွေရဲ့ နံရံတွေဟာ ခပ်ပါးပါးဖြစ်တာများပြီးရေလိုအရည်တွေပါဝင်ပါတယ်။ ရိုးရိုးအိတ်တွေဟာ ကျောက်ကပ်ကို ဒါမှမဟုတ် ကျောက်ကပ်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို မထိခိုက်စေပါဘူး။ဒါပေမယ့် PKD ကြောင့်ဖြစ်တဲ့ ရေအိတ်ဆိုရင်တော့ ကြီးလာတာနဲ့အမျှ ကျောက်ကပ်ကိုထိခိုက်နိုင်ပါတယ်။ ရေအိတ်တွေဟာ များသောအားဖြင့် အန္တရာယ်မရှိပါဘူး။ လက္ခဏာလဲမပြတတ်ဘဲ အကြောင်းတစ်စုံတစ်ရာကြောင့် ကွန်ပျူတာဓာတ်မှန်ရိုက်မိရင်းနဲ့မှ တွေ့ရတတ်တာမျိူးလဲရှိပါတယ်။

ကျောက်ကပ်ရေအိတ် ရဲ့အရွယ်အစား

တချို့ကျောက်ကပ်ရေအိတ်တွေဟာ သေးလွန်းလို့ အဏုကြည့်မှန်ပြောင်းနဲ့မှ မြင်ရတာမျိူးဖြစ်တတ်ပါတယ်။ တချိုကရေအိတ်တွေကတော့ တင်းနစ်ဘောလုံးအရွယ်လောက်ထိတောင် ကြီးတတ်ပါတယ်။ အရွယ်အစားကြီးလာတာနဲ့အမျှ ဘေးနားက ကိုယ်တွင်းအင်္ဂါတွေကိုဖိမိပြီး တာကျင်မှုခံစားရနိုင်ပါတယ်။

ကျောက်ကပ်မှာ ရေအိတ်တည်ခြင်း ရောဂါလက္ခဏာတွေ

ရိုးရိုးရေအိတ်တွေက ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဒါပေမယ့် ရေအိတ်အရွယ်ကြီးလာရင် ဒါမှမဟုတ် ပိုးဝင်ရင် တော့ အောက်ဖော်ပြပါ လက္ခဏာတွေကြုံရနိုင်ပါတယ်။ ဖျားခြင်း ခါးနောက် ဒါမှမဟုတ် နံရိုးနဲ့ တင်ပဆုံကြားနာကျင်ခြင်း ဝမ်းဗိုက်အပေါ်ပိုင်းနာကျင်ခြင်း ဗိုက်ဖောင်းခြင်း ဆီးခဏခဏသွားခြင်း ဆီးထဲသွေးပါခြင်း ဆီးအရောင်ရင့်ခြင်း ။ ဒါတွေအပြင် PKD ကြောင့်ဖြစ်တဲ့ ရေအိတ်ဆိုရင်တော့ သွေးတိုးခြင်း ဆီးထဲသွားပါခြင်းတို့လဲကြံုရနိုင်ပါတယ်။

ဘာကြောင့်ဖြစ်ရသလဲ

ကျောက်ကပ်ရေအိတ် ဘာလို့ဖြစ်ရသလဲဆိုတဲ့ အကြောင်းအရင်းတိတိကျကျကိုတော့ ခုချိန်ထိ မသိရသေးပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေတော့ ရှိပါတယ်။ ကျောက်ကပ်မှာရှိတဲ့ သန်းပေါင်းများစွာသော ပြွန်ငယ်လေးတွေ ပိတ်ဆို့ရင် ယောင်ရင် အရည်တွေနဲ့ပြည့်ပြီး ရေအိတ်ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေနောက်တစ်ခုကတော့ ကျောက်ကပ်ပြွန်အားနည်းပြီး အိတ်တွေဖြစ်လာပြီးနောက် ရေတွေနဲ့ပြည့်ပြီး ရေအိတ်ဖြစ်လာတာပဲ ဖြစ်ပါတယ်။

အသက်အရွယ်နဲ့ ရေအိတ်ဖြစ်နှုန်းကလဲ ဆက်စပ်ပါတယ်။ အသက်လေးဆယ်သော လူတွေရဲ့ နှစ်ဆယ့်ငါးရာခိုင်နှုန်းမှာ ရေအိတ်ရှိကြပြီး အသက်ငါးဆယ်ဆိုရင်တော့ တစ်ဝက်လောက်မှာ ကျောက်ကပ်ရေအိတ်ရှိကြပါတယ်။ အမျိူးသားတွေဟာ အမျိူးသမီးတွေထက် ကျောက်ကပ်ရေအိတ်ဖြစ်နိုင်ခြေပိုများပါတယ်။ PKD ကြောင့်ဖြစ်တဲ့ ရေအိတ်ဆိုရင်တော့ မျိူးရိုးကြောင့်ဖြစ်တတ်ပါတယ်။

နောက်ဆက်တွဲဘာတွေဖြစ်မလဲ

များသောအားဖြင့် ကျောက်ကပ်ရေအိတ်တွေက ဘာပြသနာမှမရှိပါဘူး။ ဒါပေမယ့် တခါတရံမှာတော့ ရေအိတ်ကိုပိုးဝင်ခြင်း ရေအိတ်ပေါက်ထွက်ခြင်း ဆီးလမ်းကြောင်းကိုပိတ်ခြင်း သွေးတိုးခြင်း တွေဖြစ်တတ်ပါတယ်။ ဒါကြောင့် PKD ဆိုရင်တော့ သတိထားဖို့လိုပါတယ်။

ကျောက်ကပ်ရေအိတ် ရှိမှန်းဘယ်လိုသိမလဲ

စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ ဒါတွေလုပ်ဖို့လိုပါတယ်။

  • ဆီးစစ်ခြင်း
  • ကျောက်ကပ်အဆိပ်ဓာတ်စစ်ဆေးခြင်း
  • ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း
  • X Ray ရိုက်ခြင်း
  • သံလိုက်ဓာတ်မှန် MRI ရိုက်ခြင်း
  • အာလ်ထရာဆောင်းရိုက်ခြင်း။

ကုသမှုများ

တကယ်လို့ ရေအိတ်အရွယ်အစားသေးပြီး ဘာလက္ခဏာမှမပြဘူးဆိုရင် ဘာကုသမှုမှ ခံယူစရာမလိုပါဘူး။ ခြောက်လ ဒါမှမဟုတ် တစ်နှစ်တစ်ကြိမ် ရေအိတ်အရွယ်အစားကြီးလာမလာစစ်ဆေးကြည့်ဖို့ လိုကောင်းလိုနိုင်ပါတယ်။ ရောဂါလက္ခဏာတွေလဲပြပြီး ရေအိတ်အရွယ်အစားကလဲ ကြီးမယ်ဆိုရင်တော့ ဆေးထိုးခြင်း ဒါမှမဟုတ် ခွဲစိတ်ခြင်းတွေနဲ့ ကုသရနိုင်ပါတယ်။

ဆေးထိုးခြင်း Sclerotherapy

Sclerotherapy ဆိုတာ အာလ်ထရာဆောင်းရဲ့ အကူအညီနဲ့ သင့်ကိုနာကျင်မှုမရှိအောင် ထုံဆေးထိုးပေးပါလိမ့်မယ်။ အဲဒီနောက် ဝမ်းဗိုက်အရေပြားကနေ ရေအိတ်ထဲကို အပ်နဲ့ ထိုးပြီး ရေအိတ်ထဲကအရည်တွေကို စုပ်ထုတ်ပါလိမ့်မယ်။ တခါတရံမှာတော့ ရေအိတ်နောက်ထပ်မဖြစ်ဖို့အတွက် ဆေးထိုးခဲ့တာမျိုးလဲရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ အသေးစားခွဲစိတ်မှုသာဖြစ်ပြီး ဆေးရုံမှာရက်အကြာကြီးတက်စရာမလိုတဲ့ ကုသမှုမျိူးဖြစ်ပါတယ်။

ခွဲစိတ်ထုတ်ခြင်း

အရမ်းကြီးတဲ့ရေအိတ်တွေဆိုရင်တော့ မေ့ဆေး ပေးပြီး ရေအိတ်ကို ခွဲစိတ် ထုတ်ရနိုင်ပါတယ်။ တခါတရံမှာတော့ အပေါက်ငယ်ကလေးတွေ ဖောက်ပြီး laproscopic surgery လို့ခေါ်တဲ့ နည်းနဲ့ သေးငယ်တဲ့ ကိရိယာတွေကိုပဲသုံးပြီး ခွဲစိတ်ရာကြီးကြီးမကျန်တဲ့ နည်းနဲ့ခွဲစိတ်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့ပဲခွဲခွဲ ရေအိတ်ရဲ့နံရံတွေကို ဖယ်ထုတ်ခြင်း ဒါမှမဟုတ် လောင်ကျွမ်းစေခြင်းနဲ့ ရေအိတ်ထဲကအရည်တွေကို ထုတ်ပစ်ပါလိမ့်မယ်။

PKD ကြောင့်မဟုတ်တဲ့ ရိုးရိုးရေအိတ်တွေဟာ ကြီးရင်တောင် ဆေးထိုးခြင်း ဒါမှမဟုတ် ခွဲစိတ်ခြင်းအားဖြင့် နောက်ဆက်တွဲဘာမှမခံစားရဘဲ သက်သာပျောက်ကင်းနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Seinn Moe Satt မှ ရေးသားသည်။ 22/02/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။