backup og meta

နာတာရှည် ကျောက်ကပ်ရောဂါနှင့် သတိပြုဖွယ်ရာများ


Poe Ei Win မှ ရေးသားသည်။ · 22/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာတာရှည် ကျောက်ကပ်ရောဂါနှင့် သတိပြုဖွယ်ရာများ

    နာတာရှည် ကျောက်ကပ်ရောဂါနှင့် သတိပြုဖွယ်ရာများ

    “အဖေ မောလို့ညက ဆေးရုံတင်လိုက်ရတယ်။ ကျောက်ကပ်ဖြစ်နေတာလို့ပြောတယ်။ ဆီးချိုလည်းရှိနေတယ်တဲ့။”

    “နဂိုကတည်းကတော့မျက်နှာအမ်းအမ်းဖြစ်နေတာ ကြာပြီ။ အခုမှစစ်မိတာ”

    “ဆီးချိုဖြစ်နေတာကြာပြီ။ ကျောက်ကပ်ဖြစ်တာ ခုမှသိတာ။ ဆရာဝန်ကပြောတာတော့ ဆီးချိုသေချာမထိန်းလို့တဲ့။ တချို့ပြောတာ ဆီးချိုဆေးတွေကလည်း ကျောက်ကပ်ဖြစ်စေတာတဲ့။ ဘယ်ဟာမှန်လဲမသိဘူး”

    “ကျောက်ကပ်ဖြစ်နေတယ်ပြောတယ်။ ဘာကျွေးရမလဲ ဆရာ”

    ကျောက်ကပ်နှင့်ပတ်သက်ပြီး လူနာနှင့်လူနာရှင်များ ပြောနေကျ အသံများဖြစ်သည်။

    နာတာရှည် ကျောက်ကပ်ရောဂါနှင့် ဖြစ်ပွားရသော အကြောင်းရင်းများ

    နာတာရှည်ကျောက်ကပ်ရောဂါသည်ကမ္ဘာနှင့်တစ်လွှား အဖြစ်များလာသော ရောဂါဖြစ်သည်။ ကျောက်ကပ်ရောဂါ အမျိုးမျိုးရှိသည်။ ကျောက်ကပ်ရောင်ခြင်း၊ ရုတ်တရက်ကျောက်ကပ်ထိခိုက်ခြင်း၊ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ခြင်း စသဖြင့်မျိုးစုံရှိသည်။ ထိုရောဂါများအထဲတွင် နာတာရှည်ကျောက်ကပ်ရောဂါဖြစ်သွားပြီးဆိုလျှင်ကျောက်ကပ်အနေအထားကို ပုံမှန်ပြန်ရောက်ရန်မလွယ်ကူပေ။ ပိုမဆိုးလာအောင်ထိန်းခြင်း၊ ကျောက်ကပ်ထိခိုက်၍ ဖြစ်လာသော လက္ခဏာများကိုလိုက်ပြီး ကုသခြင်းများကိုလုပ်ဆောင်သင့်သည်။

    နာတာရှည်ကျောက်ကပ်ရောဂါဖြစ်စေသော အကြောင်းရင်းများတွင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ကျောက်ကပ်ရောင်ခြင်း၊ လေးဖက်နာရောဂါတချို့၊ ဆေးဝါးတချို့၊ ဆီးလမ်းကြောင်းပိုးမကြာခဏဝင်ခြင်း၊ဆီးကျောက်တည်ခြင်းနှင့်တခြားအကြောင်းများကြောင့်ဆီးလမ်းကြောင်းပိတ်ခြင်း စသည်တို့ပါဝင်ပါသည်။

    နာတာရှည် ကျောက်ကပ်ရောဂါ၏ လက္ခဏာများ

    နာတာရှည်ကျောက်ကပ်ရောဂါသည် စဖြစ်ကာစတွင် ရောဂါလက္ခဏာ မပြတတ်သေးပေ။ ရောဂါရင့်လာချိန်မှ ညဘက်ဆီးသွားများခြင်း၊ သွေးအားနည်းခြင်း၊ မောပန်းခြင်း၊ မျက်ခွံမို့ခြင်း၊ မျက်နှာနှင့် ကိုယ်လက်များဖောရောင်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ကြို့ထိုးခြင်း၊ ခန္ဓာကိုယ်နှင့် အရေပြားများယားယံခြင်း စသည်တို့ဆက်လက်ဖြစ်ပေါ်လာတတ်သည်။ ဆီးဆိပ်အရမ်းများလာချိန်တွင်တက်ခြင်း၊ သတိလစ်ခြင်းများအထိဖြစ်ပေါ်တတ်ပါသည်။ နာတာရှည်ကျောက်ကပ်ရောဂါ၏ နောက်ဆက်တွဲအနေဖြင့် နှလုံးထိခိုက်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊သွေးအားနည်းခြင်း၊ သွေးထွက်လွယ်ခြင်း၊ အရိုးများထိခိုက်လာပြီး အရိုးပွခြင်းများဖြစ်လာခြင်း၊သွေးတိုးလာခြင်း၊ ဦးနှောက်နှင့်အာရုံကြောများထိခိုက်ခြင်း၊ ဟော်မုန်းများပုံမှန်မဟုတ်ခြင်းကြောင့် အမျိုးသမီးများတွင်ဓမ္မတာမမှန်ခြင်း၊ အမျိုးသားများတွင် ပန်းသေခြင်း စသည်များဆက်လက်ဖြစ်ပေါ်လာတတ်ပါသည်။

    နာတာရှည် ကျောက်ကပ်ရောဂါဖြစ်ပွားမှန်း မည်သို့သိနိုင်မည်နည်း။

    နာတာရှည်ကျောက်ကပ်ရောဂါသည် အထက်ပါလက္ခဏာများဖြစ်ပေါ်လာခြင်း မရှိသေးခင်ကပင် စတင်ဖြစ်ပွားနေနိုင်ပါသည်။ ထို့ကြောင့် နာတာရှည်ကျောက်ကပ်ရောဂါဖြစ်စေနိုင်သောအကြောင်းရင်းရှိသူများ အနေဖြင့်သွေးစစ်ခြင်း၊ ဆီးစစ်ခြင်းတို့ဖြင့်သာ စောလျင်စွာ သိရှိနိုင်မည်ဖြစ်သည်။ အထက်ပါ လက္ခဏာ များ ရှိလာလျှင်လည်း မြန်မြန်ဆန်ဆန်သွေးစစ်ဆီးစစ်စစ်ဆေးခြင်းများ လုပ်ဆောင်ရန်လိုအပ်ပါသည်။

    ဆီးချိုဆေး မက်ဖော်မင်(Metformin) သည် ကျောက်ကပ်ထိစေပါသလား။

    ဆီးချိုရောဂါ ထိန်းသိမ်းရာတွင်မက်ဖော်မင်သည် အလွန်အသုံးဝင်သောဆေးဖြစ်သည်။လူအများ မှားမှတ်ထားသလို မက်ဖော်မင်သည်ကျောက်ကပ်ထိစေနိုင်သော ဆေးမဟုတ်ပါချေ။ ဆီးချိုကိုသေချာမထိန်းမှသာ ကျောက်ကပ်ထိခိုက်သည်ဖြစ်သည်။ တစ်ခုတော့ရှိသည်မှာ ကျောက်ကပ်ထိခိုက်မှုပြင်းထန်လာသည့်အချိန်တွင်တော့ မက်ဖော်မင်ဆေးနှင့် မသင့်တော်တော့သောကြောင့် ရပ်ဆိုင်းထားရန်လိုအပ်ပါသည်။ နာတာရှည် ကျောက်ကပ်ရောဂါဖြစ်လာပြီ ဆိုလျှင် အထက်တွင်ဖော်ပြခဲ့သလို နာတာရှည်ကျောက်ကပ်ရောဂါ စတင်ဖြစ်ပွားလာပြီဆိုလျှင် ကျောက်ကပ်အနေအထားသည် မူရင်းအနေအထားသို့ ပြန်လည်ရောက်ရှိရန် ခက်ခဲသွားပြီဖြစ်သည်။ ပိုမိုမဆိုးသွားရန်သာ ထိန်းသိမ်းခြင်းသာ အဓိက လုပ်ဆောင်နိုင်သည်။

    နာတာရှည်ကျောက်ကပ်ရောဂါရှိသူများ အနေဖြင့်ဖြစ်စေသော အကြောင်းရင်း ရောဂါများကိုစနစ်တကျ ကုသရန်လိုအပ်ပါသည်။ သွေးတိုး ဆီးချို ရှိသူများအနေဖြင့် ကျွမ်းကျင်သော ဆရာဝန်နှင့်စနစ်တကျ တိုင်ပင်ပြီး ရောဂါကို သေချာထိန်းရန်လိုအပ်ပါသည်။ ကျောက်ကပ်ရောဂါကို ကျွမ်းကျင်သော ကျောက်ကပ်အထူးကုဆရာဝန်ကြီးများနှင့် စနစ်တကျပြသရပါမည်။ ဆရာဝန်ညွှန်ကြားချက်နှင့်အညီ ဆေးဝါးများကိုစနစ်တကျ သုံးစွဲရပါမည်။ ကျောက်ကပ်ထိခိုက်ခြင်းကို ပိုဆိုးစေနိုင်သော အကိုက်အခဲပျောက်ဆေးများကို ရှောင်ကြဉ်ရပါမည်။

    တခြားဆေးဝါးများတွင်လည်း ကျောက်ကပ်ထိခိုက်စေသည်များပါဝင်နေနိုင်ရာ မည်သည့်ဆေးဝါးများကိုမဆို ဆရာဝန်ညွှန်ကြားချက်ပါမှသာ သောက်သုံးသင့်ပါသည်။ မြန်မာဆေးများ တိုင်းရင်ဆေးများသည်လည်း အခန့်မသင့်လျှင်ကျောက်ကပ်ထိခိုက်စေနိုင်ပါသည်။ကျောက်ကပ်ရောဂါရှင်များအနေဖြင့် တစ်နေ့တာ သောက်သုံးရမည့် ရေနှင့် အရည်ပမာဏကိုလည်း စနစ်တကျ တွက်ဆ သောက်သုံးရပါမည်။ ရှေ့တစ်နေ့တာ ၂၄ နာရီအတွင်း ထွက်သော ဆီးပမာဏနှင့် ယနေ့သောက်ရမည့် ရေနှင့်အရည်စုစုပေါင်းပမာဏကို ညှိနှိုင်းသောက်သုံးရပါမည်။ ထိုမှသာ ကိုယ်ခန္ဓာဖောရောင်ခြင်း၊ မောလာခြင်းများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ ကိုယ်ခန္ဓာဖောရောင်ခြင်းများဖြစ်နေသောအချိန်မျိုးတွင် ပိုမိုသတိထားသောက်သုံးရပါမည်။ သောက်သုံးရမည့် အရည်အတိအကျသည် လူနာ၏ လတ်တလော အခြေအနေပေါ်မူတည်၍ ဆရာဝန်မှအသေးစိတ်ညွှန်ကြားပါလိမ့်မည်။

    အငန်ဓာတ်(ဆိုဒီယမ်)၊ ပိုတက်ဆီယမ်ဓာတ်များသည်လည်း ကျောက်ကပ်သမားများအတွက် သတိထားစားသုံးရမည့်အရာများဖြစ်ပါသည်။ ငန်သော အစားအစာများ၊ အချိုမှုန့်များ၊ ငါးပိငါးခြောက်များသည် ဆိုဒီယမ်ဓာတ်များသော အစားအစာများဖြစ်သည်။ အသီးများ၊ ရယ်ဒီမိတ်ဖော်မြူလာအချို့သည် ပိုတက်ဆီယမ်များသော အစားအစာများဖြစ်သည်။ စားသင့်သည့်အတိအကျသည် သွေးတွင်း ဆိုဒီယမ်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်အနေအထားပေါ် ညှိနှိုင်းစားသောက်ရမည်ဖြစ်ရာ ဆရာဝန်နှင့်တိုင်ပင်စားသောက်သင့်သည်။ ရယ်ဒီမိတ်ဖော်မြူလာ တစ်ခုသုံးစွဲတော့မည်ဆိုလျှင်လည်း လူနာနှင့်သင့်မသင့် ကျောက်ကပ်ဆရာဝန်ကိုတိုင်ပင်ပြီးမှသုံးစွဲသင့်သည်။

    အသားဓာတ်သည်လည်း ကျောက်ကပ်သမားများ အများကြီး မစားသင့်သော ဓာတ်တစ်မျိုးဖြစ်သည်။ သွေးတွင်း ကျောက်ကပ်ဆိပ်အနေအထားပေါ်မူတည်ပြီး ညှိနှိုင်းစားသောက်ရပါမည်။ ကျောက်ကပ်ဆိပ်များ အလွန်များပြားလာသည့် အဆင့်ရောက်လျှင်ကျောက်ကပ်ဆေးရခြင်း၊ ကျောက်ကပ်လဲရခြင်းများ လုပ်ဆောင်ရသည်အထိ ဖြစ်လာတတ်သည်။ ကျောက်ကပ်ဆေးခြင်းသည် စတင်လုပ်ဆောင်ရပြီဆိုလျှင် ပုံမှန်ဆက်တိုက်လုပ်ဆောင်ရန်အရေးကြီးပေသည်။

    ကျောက်ကပ်ဆေးခြင်းသည် အပတ်စဉ်တစ်ပတ်လျှင်တစ်ကြိမ်မှ ပိုလိုလာပြီဆိုလျှင် သုံးကြိမ်အထိ လုပ်ဆောင်ရသည်များရှိသည်။ ယခုနောက်ပိုင်း ကျောက်ကပ်ဆေးစင်တာများကို အစိုးရဆေးရုံများတွင်ရော ပုဂ္ဂလိကဆေးခန်းများ၊ ပရဟိတဆေးခန်းများတွင်ပါ အရင်ကထက်များစွာ ပိုမိုဖွင့်လှစ်လာနိုင်ပြီး အခမဲ့လုပ်ပေးနိုင်သော စင်တာများ ပေါ်လာပြီဖြစ်သော်လည်း လူနာများ၏ လိုအပ်ချက်ပြည့်မီခြင်းတော့မရှိသေးပေ။

    အခကြေးငွေနှင့်လုပ်ဆောင်ရပါက တစ်ခါလုပ်လျှင် ၅ သောင်းဝန်းကျင်ခန့်အထိ ကုန်ကျစရိတ်ရှိရာ ရေရှည်လုပ်ဆောင်နိုင်ရန်မှာ ကုန်ကျစရိတ်မြင့်မားသည်ဟု ဆိုရမည်ဖြစ်သည်။ ကျောက်ကပ်လဲမည်ဆိုလျှင်လည်း သိန်းရာနှင့်ချီ၍ ကုန်ကျနိုင်ရာ လူနာ အများစုအတွက်လွယ်ကူသော ကုသမှုသော မဟုတ်ပါချေ။

    ထိုကြောင့်လည်း ကျောက်ကပ်မဖြစ်မနေဆေးရ၊ လဲရသည့်အဖြစ်သို့ မရောက်အောင်တတ်နိုင်သမျှထိန်းထားနိုင်ရန် ဆေးဝါးဖြင့်ကုသခြင်းအပြင် အစားအသောက်သေချာထိန်းသိမ်းခြင်း၊ ရှောင်ကြဉ်ရမည်တို့ကို ရှောင်ကြဉ်ခြင်းများကိုစနစ်တကျ လုပ်ဆောင်သင့်ပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Poe Ei Win မှ ရေးသားသည်။ · 22/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement