backup og meta

ဆီးရွှင်နေတာ ဘာကြောင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးရွှင်နေတာ ဘာကြောင့်လဲ

    ဆီးရွှင်နေတာ ဘာကြောင့်လဲ …… ပုံမှန်လူတစ်ယောက်က တစ်နေ့ကို ၆ကြိမ်ကနေ ၈ကြိမ်လောက်အထိ ဆီးသွားတတ်ပါတယ်။ ဆီးသွားတာ တစ်ရက် ၈ကြိမ်ထက် ပိုရင် ဆီး ခဏခဏသွားတဲ့ အခြေအနေ (Frequent urination) လို့ သတ်မှတ်နိုင်ပါတယ်။ ဆီးသွား များတာများ ဘာပြဿနာရှိလဲ ဆိုပြီး မေးချင်တဲ့သူတွေကို ဒီဆောင်းပါးလေးနဲ့ အဖြေပေးချင်ပါတယ်။

    မှန်ပါတယ်။ ကိုယ်ထဲက အညစ်အကြေးတွေကို စွန့်ထုတ်တဲ့ လုပ်ငန်းတစ်ခု ဖြစ်လို့ ဆီးသွားခြင်းက ဘာပြဿနာမှ မရှိပါဘူး။ ကိုယ့်ရဲ့ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း အစိတ်အပိုင်းတွေ ကောင်းကောင်း အလုပ်လုပ်နေတယ်လို့တောင် မှတ်ယူနိုင်ပါသေးတယ်။ ဒါပေမဲ့ ဘာမှလုပ်မရ ကိုင်မရအောင် တစ်နေကုန် ရှူရှူးပဲ ပြေးပေါက်နေရရင်တော့ သိပ်မဟုတ်သေးဘူးပေါ့။

    ဆီးရွှင်နေတာ ဘာကြောင့်လဲ

    ရေအများကြီးသောက်မိနေလို့ ဒါမှမဟုတ်လည်း ဘီယာတွေ လှိမ့်သောက်နေလို့ ဆီးသွားရတာ ပြဿနာမဟုတ်ပါဘူး။ စွန့်ပစ်စရာ ရေဓာတ်မရှိတော့ရင် ဆီးသွားတာလည်း ရပ်သွားပါလိမ့်မယ်။ ရေလည်း အဲ့ဒီလောက် မသောက်ဘဲနဲ့ ဆီးခဏခဏ သွားနေရရင်တော့ ကျန်းမာရေးကိစ္စ တစ်ခုခု ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးရွှင်နေတာ ဘာကြောင့်လဲ ဆိုတော့ ဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေကတော့

    ဆီးချိုရောဂါ – ဆီးခဏခဏသွားတဲ့လက္ခဏာက အမျိုးအစား (၁) ဆီးချိုရောဂါ၊ အမျိုးအစား (၂) ဆီးချိုရောဂါမှာ အဖြစ်များတဲ့လက္ခဏာတစ်ခုပါ။ ပုံမှန်ဆို သွေးထဲက သကြားဓာတ်ကို ကျောက်ကပ်က ရှင်းလင်းပေးပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါသည်တွေရဲ့ ကျောက်ကပ်က သွေးကို သန့်စင်နိုင်ဖို့ ပုံမှန်ထက်ပိုအလုပ်လုပ်ရတဲ့အတွက် ကိုယ်ထဲကနေ ရေဓာတ်ကိုခဏခဏစွန့်ပစ်ရပါတော့တယ်။ ရေဓာတ်တွေစွန့်ပစ်တော့ ရေဓာတ်ခမ်းခြောက်၊ ရေဓာတ်ခမ်းခြောက်တော့ရေပြန်သောက်နဲ့ ဒီပြဿနာက သံသရာလည်နေပါတော့တယ်။

    ဆီးလမ်းကြောင်းပြဿနာ – ကျောက်ကပ်နှစ်လုံး၊ ဆီးလမ်းကြောင်း၊ ဆီးအိမ်နဲ့ ဆီးထုတ်ပြွန်လမ်းကြောင်း ဆိုတဲ့အစိတ်အပိုင်းလေးခုနဲ့ ဆီးလမ်းကြောင်းစနစ်ကိုဖွဲ့စည်းထားပြီး ဒီအစိတ်အပိုင်းတစ်ခုခုမှာ ပြဿနာပေါ်ခဲ့ရင်လည်း ဆီးခဏခဏ သွားရတဲ့ကိစ္စကြုံနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊  Interstitial cystitis လို့ခေါ်တဲ့ ဆီးအိမ်ရောင်ရမ်းခြင်း၊ ဆီးမထိန်းနိုင်ခြင်း စတဲ့ပြဿနာတွေကတော့ အတော်လေးအတွေ့ရများ ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန် – ကိုယ်ဝန်လရင့်လာလေ ကြီးထွားလာလေဖြစ်တဲ့သားအိမ်က ဆီးအိမ်ကို ဖိသိပ်ထားသလို ဖြစ်နေပါတယ်။ ဒီလိုအညှစ်ခံထားတဲ့ဆီးအိမ်ထဲမှာဆီးတွေကို အချိန်ကြာကြာမသိုလှောင်နိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာပုံမှန်အချိန်တွေထက် ဆီးခဏခဏသွားရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဒါဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုပဲဆိုတာ သိထားသင့်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ပထမ (၃) လနဲ့ မွေးခါနီး (၃) လလောက်မှာပိုကြုံရပါတယ်။ ကလေးမွေးပြီးလအနည်းငယ်လောက်ကြာမှာ ဒီပြဿနာသက်သာသွားတတ်ပါတယ်။

    ဆီးကျိတ်ပြဿနာ – ဂေါက်သီးလုံးလောက်ပဲရှိတဲ့ ဒီအကျိတ်လေးကဆီးထုတ်ပြွန်လမ်းကြောင်းရဲ့ ဘေးပတ်လည်မှာတည်ရှိပါတယ်။ အမျိုးသားအတော်များများ အသက် (၅၀) အထက်ရောက်လာရင်ဆီးကျိတ် ပုံမှန်ထက်ကြီးလာတဲ့ပြဿနာကြုံရပြီး ကြီးလာတဲ့ဆီးကျိတ်က ဆီးထုတ်ပြွန်ကို ဖိညှစ်ထားလိုက်သလို ဖြစ်တဲ့အတွက် အမျိုးသားတွေအသက်ကြီးလာရင် ဆီးခဏခဏသွားရတဲ့ပြဿနာကြုံရတာဖြစ်ပါတယ်။ ဆီးကျိတ်ကြီးတာကို ဆေးသောက်ကုသလို့ရသလို ခွဲစိတ်ကုသလို့လည်း ရပါတယ်။

    လေဖြတ်ဝေဒနာ – လေဖြတ်ခြင်းလို အာရုံကြောနဲ့ဆိုင်တဲ့ပြဿနာတွေမှာ ဆီးလမ်းကြောင်းကို ထိန်းချုပ်ပေးတဲ့ အာရုံကြောတွေလည်းထိခိုက်သွားနိုင်ပါတယ်။ ရလဒ်အနေနဲ့ ဆီးမထိန်းနိုင်တာ၊ ဆီးခဏခဏသွားချင်တာတွေ ကြုံရနိုင်ပါတယ်။

    ဆီးဆေးများ – သွေးပေါင်ချိန်တက်နေသူကိုပေးလေ့ရှိတဲ့ ဆီးဆေးတွေက ကိုယ်တွင်းကပိုလျှံနေတဲ့အရည် တွေကိုစွန့်ထုတ်ပစ်တဲ့အတွက် ပုံမှန်ထက်ပိုပြီးဆီးသွားနေရမှာပါ။

    ဒီအချက်တွေအပြင် ဆီးအိမ်ကင်ဆာ၊ ဆီးအိမ်ပုံမှန်အလုပ်မလုပ်တဲ့ပြဿနာနဲ့ ဓာတ်ရောင်ခြည်ကုသမှုခံယူနေသူမှာလည်း ခဏခဏဆီးသွားတဲ့ပြဿနာကြုံနိုင်ပါတယ်။

    ဆီးခဏခဏသွားတာက သိပ်ကြီးမားတဲ့ပြဿနာမဟုတ်ဘူးလို့ ရုတ်တရက်ထင်ရပေမဲ့ တကယ်တမ်းအတော် အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဥပမာပြောရမယ်ဆို ညဖက်အိပ်ကောင်းချိန်မှာ ဆီးသွားချင်လို့ ခဏခဏထနေရရင် ကြာလာရင်အိပ်ရေးပျက်ပြီး အိပ်ကောင်းချင်းမအိပ်ရဖြစ်မှာပါ။ နောက်ပြီး ဆီးခဏခဏသွားတတ်တဲ့ သူတွေဟာ ဆီးမထိန်းနိုင်တဲ့ပြဿနာပါကြုံရနိုင်ပါတယ်။ ဒါ့ကြောင့် ဆီးရွှင်တဲ့ပြဿနာကို အချိန်မဆွဲဘဲ ဆရာဝန်များနဲ့ ပြသသင့်ကြောင်း အကြံပြုလိုက်ရပါတယ်။

    Dr. Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement