backup og meta

သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်က ဘယ်လိုကာကွယ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်က ဘယ်လိုကာကွယ်မလဲ

    ခရမ်းလွန်ရောင်ခြည်ဆိုတာ နေရောင်ခြည်မှာ ပါဝင်တဲ့ UltraViolet Rays(UV Rays)တွေ ဖြစ်ပါတယ်။ နေရောင်ခြည် မှာ UVA ( Ultra Violet Ageing Rays) နဲ့ UVB ( Ultra Violet Burning Rays) နှစ်ခု ပါဝင်ပါတယ်။ သူတို့ဟာ မမြင်နိုင်တဲ့ UV rays တွေ ဖြစ်ပြီးတော့ UVA က အရွယ်မတိုင်ခင် အသက်ကြီးရင့်ခြင်း အရေးအကြောင်း နဲ့ တင်းတိတ်အမဲစက် ကို ဖြစ်စေနိုင်ပြီး UVB က အသားအရေ လောင် ကျွမ်းခြင်း နဲ့ အရေပြားရောဂါတွေကို ဖြစ်စေပါတယ်။ ဒီတစ်ခေါက်တော့ သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်က ဘယ်လိုကာကွယ်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

    သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်က ဘယ်လိုကာကွယ်မလဲ

    သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်က ဘယ်လိုကာကွယ်မလဲ ဆိုတာကို မပြောခင် ခရမ်းလွန်ရောင်ခြည်အကြောင်း အရင် ရှင်းပြချင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်မှာ UVA နဲ့ UVB ဆိုပြီး ၂ မျိုးရှိပါတယ်။

    UVA rays ဟာ UVB rays ထက် အရေပြားထဲကကို ပိုမို နက်ရှိုင်းစွာ ဝင်ရောက်နိုင်တာကြောင့် ပိုအန္တရာယ် ရှိပါတယ်။ UVB rays တွေဟာ နွေးထွေးတဲ့ နွေရာသီမှာ အပြင်းထန်ဆုံးဖြစ်ပြီး UVA rays တွေကိုတော့ တစ်နှစ်ပတ်လုံး ထိတွေ့နေတာ ဖြစ်ပါတယ်။ ဒါဟာ ဘာကိုဆိုလိုလဲဆိုတော့ မိုးအုံ့နေတဲ့ နေ့ရက်တွေမှာတောင် အရေပြားဟာ အန္တရာယ်ရှိတဲ့ UVA rays တွေနဲ့ ထိတွေ့နေတာ ဖြစ်တယ်လို့ ဆိုလိုပါတယ်။ နေလောင်ထားတဲ့ အသားတွေဟာ တောက်ပမှုကို ပေးစွမ်းတယ်လို့ တချို့ကထင်ကြပေမယ့် UV rays တွေနဲ့ ထိတွေ့တဲ့အခါမှာ melanin ထွက်လာပါတယ်။ ထွက်လာခြင်းဟာ အရေပြားကို ပိုမိုထူလာစေပြီး အရေပြား တောက်ပမှုကို လျော့ကျစေပါတယ်။

    နေလောင်ဒဏ် ကာကွယ်ရေး သတိပေးချက်တွေဟာ အပြင်မှာ သွားလာနေသူတွေအတွက်ပဲ အရေးကြီးတယ်လို့ ယူဆထားကြပြီး UV raysတွေက အိမ်ထဲနေသူတွေကိုပါ ထိခိုက်စေနိုင်သေးတယ်ဆိုတာ သိရှိသူ နည်းပါတယ်။ နေရောင်ခြည်ထဲက ခရမ်းလွန် ဟာပြတင်းပေါက်တွေကိုပါ ထိုးဖောက်ဝင်ရောက်နိုင်ပြီး အရေပြားကို ထိတွေ့နိုင်တာကြောင့် နေပူထဲကို မထွက်ပေမယ့်လည်း အိမ်မှာနေရင်း ရုံးမှာနေရင်းတောင် ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့နိုင်တာကြောင့် နေရောင်ခံခရင်မ်ဟာ မလိမ်းမဖြစ်ကို လိမ်းဖို့ လိုအပ်ပါတယ်။

    မိုးတိမ်တွေဟာ အသားအရေကို လောင်ကျွမ်းစေတဲ့ UVB rays တွေကို ပိတ်ဆို့နိုင်ပေမယ့် အသားညိုစေတဲ့ UVA rays တွေကိုတော့ မပိတ်ဆို့နိုင်ပါဘူး။ ဒါကြောင့် နေလောင်ခံရမယ့် ရာနှုန်း နည်းပါးပေမယ့် အရေပြားဟာ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်နိုင်တဲ့ UVA rays တွေကြောင့် အသားညိုခြင်းနဲ့ အရေးအကြောင်း ပေါ်ခြင်းတို့ကို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးအုံ့တဲ့ နေ့တွေမှာတောင် နေဒဏ်က ကာကွယ်ဖို့ လိုပါတယ်။ ခရမ်းလွန်ရောင်ခြည်က ပိုးမွှားတွေကိုသေစေနိုင်တယ်၊ အရေပြား ပြဿနာတချို့ကို ကုသနိုင်တယ်၊ ဗီတာမင် ဒီ ကို ရရှိစေတယ်ဆိုပေမယ့် ထိတွေ့မှု များရင် ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။

    နေရောင်ခြည်က ရတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားကင်ဆာ ဖြစ်စေတဲ့ နံပါတ် တစ် အကြောင်းရင်း ဖြစ်ပါတယ်။ ရာသီဥတု မပူနေပေမယ့်လည်း နေ့အလင်းရောင်မှာ ခရမ်းလွန်ရောင်ခြည် ပါရှိတာကြောင့် ဆောင်းတွင်း နေကလည်း နွေရာသီလိုပဲ အန္တရာယ် ရှိနိုင်ပါတယ်။

    ဘယ်လို ကာကွယ်နိုင်မလဲ

    နေရောင်ခြည်ကို လုံးဝ မထိတွေ့အောင် ရှောင်နိုင်ဖို့က မဖြစ်နိုင်ပါဘူး။ ဒီတော့ နေရောင်ခြည် ထိတွေ့မှုကို လျော့နည်းအောင် လုပ်ဖို့ပဲ ရှိပါတယ်။ ဖြစ်နိုင်ရင်

    • လုံလုံခြုံခြုံဝတ်ပါ– အရောင်ဖျော့တဲ့ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ လေဝင်လေထွက်ကောင်းတဲ့ ဦးထုပ်ကြီးကြီးတွေ ဝတ်ဆင်နိုင်ပါတယ်။ နေကာမျက်မှန် တပ်တဲ့အခါ UVA နဲ့ UVB နှစ်မျိုးလုံး ကာကွယ်ပေးတဲ့ အမျိုးအစားကို ရွေးပါ။
    • နေရောင်အောက်မှာ သိပ်မနေပါနဲ့– နေ့လည် ၁၂ နာရီနဲ့ ညနေ ၄ နာရီကြား အချိန် နေရောင်ခြည်ကို တတ်နိုင် သလောက် ရှောင်ပါ။ အဲဒီအချိန် အပြင်ရောက်နေခဲ့ရင် သစ်ပင်ကြီးတွေ၊ ဆိုင်အမိုးတွေလိုမျိုး အရိပ် ရှိရာ ခဏလောက် ဝင်ဝင်နားပေးပါ။ ထီး အမြဲ ယူသွားပါ။
    • မိုးလေဝသမှာ ကြေညာတဲ့ ခရမ်းလွန်ညွှန်းကိန်းတွေကို နားထောင်ပါ–ရေဒီယို နဲ့တီဗီမှာ ထုတ်လွှင့်တဲ့ ခန့်မှန်းချက်တွေကို အမြဲနားထောင်ပါ။ UV ညွှန်းကိန်းက ၃ ထက်ကျော်နေရင် သတိပြု နေထိုင်ဖို့ လိုပါတယ်။
    • ရေများများ သောက်ပါ – နေပူတဲ့အခါ ရေဓါတ် မဆုံးရှုံးရအောင် ရေများများ သောက်ပါ။ ရေဓါတ် ခန်းခြောက်တဲ့အခါ အန္တရာယ် ရှိနိုင်ပါတယ်။
    • နေရောင်ခြည်နဲ့ sensitive ဖြစ်စေနိုင်တဲ့ ဆေးဝါးတွေ သောက်သုံးနေရရင် သတိထားပါ – ပဋိဇီဝ ဆေးဝါးတချို့၊ အရောင်ကျဆေး၊မှိုပိုးသတ်ဆေး၊ သွေးကျဆေးနဲ့ ကင်ဆာဆေး အမျိုးအစား တချို့ပါဝင်ပါတယ်။
    • မျက်နှာ၊ လည်ပင်းနဲ့ နားရွက်တို့ကို ကာကွယ်ဖို့ ဦးထုပ် ဆောင်းပါ၊ နေကာမျက်မှန်တပ်ပါ
    • နေလောင်ခံ ခရင်မ် နေ့စဉ် လိမ်းပါ – အပြင်ထွက်တဲ့အခါ နေရောင် သိပ်မရှိဘဲ နေရှိန်နေရင်တောင်မှ နေလောင်ခံခရင်မ် လိမ်းသွားပါ။ ရေကူးနေတာ ဒါမှမဟုတ် ချွေးထွက်များနေတယ်ဆိုရင် နှစ်နာရီကြာတိုင်း sunscreen ကို ပြန်လိမ်းပေးပါ။

    နေလောင်ခံခရင်မ် ရွေးချယ်ရာမှာ

  • နေလောင်ဒါဏ် ကာကွယ်ပေးနိုင်တဲ့ အဆင့်ကို ကြည့်ပြီးရွေးချယ်ပါ။ သင်ဝယ်ယူတဲ့ နေလောင်ခံခရင်မ်ဟာ ခရမ်းလွန်ရောင်ခြည် UVA ကိုရော UVB ကိုပါ ကာကွယ်ပေးနိုင်ရပါမယ်။ SPF က UVB ကိုသာ ကာကွယ်နိုင်ပြီး SPF များလေ ကာကွယ်နိုင်ချိန် ပိုမြင့်လေ ဖြစ်လို့ အနည်းဆုံး SPF 30 နဲ့ အထက် သုံးတာ ပို စိတ်ချရပါမယ်။ UVA ကို ကာကွယ်ဖို့ဆိုရင် PA ပါတဲ့ Suncreen ကို ရွေးချယ်ရပါမယ်။ PA(+) များလေ ကာကွယ်နိုင်စွမ်း ပိုမြင့်လေပါဘဲ၊ Suncreen တွေမှာ PA+ ကနေ PA++++ ထိ ပါဝင်လေ့ရှိပါတယ်။
  • ကိုယ့်ရဲ့ နေထိုင်သွားလာလှုပ်ရှားမှုနဲ့ ကိုက်ညီရပါမယ်။
  • နေလောင်ခံခရင်မ် ရဲ့ အထူအပါး၊ အပျစ်အကျဲကို မှန်မှန်ကန်ကန်ရွေးချယ်ရပါမယ်။
  • သင့်အသားအရေနဲ့ ကိုက်ညီရပါမယ် —– ဝက်ခြံ ခဏခဏ ထွက်တတ်တဲ့သူလား၊ အဆီပြန်တတ်တဲ့ အသားအရေ ပိုင်ရှင်လား၊ ဓါတ်မတည့်တာ ခဏခဏ ဖြစ်တတ်လား ၊ ခြောက်သွေ့တဲ့ အသားအရေ ပိုင်ရှင်လား ဆိုတာ ဂရုစိုက်ရွေးချယ်ရမှာပါ။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 21/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement