brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အလှပြင်ပစ္စည်းတွေနဲ့ သက်တမ်းများ

အမျိုးသမီးတွေအတွက် သူတို့ မျက်နှာကို မိတ်ကပ်နဲ့ အလှပြင်ရတာ ပျော်စရာ တစ်ခုပါ။ နှုတ်ခမ်းနီ ဆိုးတာ၊ မျက်ခုံးမွေး ခြယ်တာ၊ အရေးအကြောင်းတွေ၊ ဝက်ခြံတွေကို အောက်ခံအရည်နဲ့ ဖုံးရတာကို သဘောကျကြပါတယ်။ မိတ်ကပ်ဆိုတာ အမျိုးသမီးတွေ သူတို့ ပိုလှတာ၊ ပိုယုံကြည်ချက် ရှိတာကို ဖော်ပြဖို့ နည်းလမ်းတစ်ခုပါ။ ဒါပေမဲ့ အလှပြင်ပစ္စည်းတွေဆိုတာက တစ်ခါဝယ်ပြီးရင် မကုန်မချင်း သုံးလို့ရတာမျိုးတော့ မဟုတ်ပါဘူး။ သူတို့မှာ သက်တမ်းရှိပါတယ်။ အလှပြင်ပစ္စည်းတွေနဲ့ သက်တမ်းများ ကို သိထားမယ်ဆိုရင် ဒီပစ္စည်းတွေကြောင့် အရေပြားထိခိုက်မှု မဖြစ်အောင် ကာကွယ်နိုင်မှာပါ။

အလှပြင်ပစ္စည်းတွေနဲ့ သက်တမ်းများ

အလှပြင်ပစ္စည်းတွေနဲ့ သက်တမ်းများ

အလှပြင်ပစ္စည်းတွေမှာ expire dateလို့ခေါ်တဲ့ သက်တမ်းကုန်ဆုံးရက် ရှိသလို period after openingလို့ခေါ်တဲ့ ဖွင့်ပြီးရင် ဘယ်လောက်ပဲ အသုံးခံတယ်ဆိုတာ ရှိပါတယ်။ ဥပမာ ပစ္စည်းတစ်ခုက expire date ၁နှစ်ခံတယ်ဆိုရင် ဖွင့်ဖွင့်မဖွင့်ဖွင့် ၁နှစ်ပြည့်ရင် ဒီပစ္စည်းကို မရောင်းသင့်၊ မသုံးသင့်တော့ပါဘူး။ Period after openingကကျတော့ ဥပမာ ၃လဆိုရင် ပစ္စည်းကို ဖွင့်ပြီးတာနဲ့ ၃လအတွင်း သုံးရမှာ ဖြစ်ပါတယ်။ ၃လပြည့်တာနဲ့ အဲ့ပစ္စည်းကုန်ကုန် မကုန်ကုန်၊ expire date လိုသေးလည်း ပစ်လိုက်ရမှာပါ။

ဖွင့်ပြီးပြီဆိုရင် ပြင်ပလေထုနဲ့ ထိတွေ့တာ၊ လက်နဲ့ ထိတွေ့ကိုင်တွယ်တာတွေကြောင့် ပျက်စီးလွယ်သွားလို့ပါ။ အလှပြင်ပစ္စည်းတွေမှာ expire dateရော၊ period after openingရော ပါပါတယ်။ ဘူးဖင်ကို သေချာစစ်ကြည့်ပါ။ ပြီးရင် ကိုယ်စသုံးတဲ့နေ့ကိုလည်း မှတ်ထားပါ။ ဒါမှ period after opening ကျော်နေပြီလားဆိုတာ သိနိုင်မှာပါ။

အလှပြင်ပစ္စည်းတွေနဲ့ Period after opening

Expire dateကတော့ သိသာတဲ့အတွက် Period after openingတွေကို ပြောပြပေးပါမယ်။ Brandတစ်ခုနဲ့ တစ်ခုက အနည်းငယ်ကွာခြားတာကြောင့် အတိအကျကို ဘူးမှာကြည့်ပါ။ အခုကတော့ အကြမ်းလောက်ပဲ ပြောပြပါ့မယ်။

၁။ Mascara (၃-၆ လ)

Mascara ကို ဖွင့်ပြီး မျက်ခုံးမွေးတဲ့အတံကို ဘူးထဲ ပြန်ထည့်တဲ့အခါ ဘက်တီးရီးယားတွေ အလွယ်တကူ ပေါက်ဖွားနိုင်တာမို့ သတိထားဖို့ အလိုအပ်ဆုံး ပစ္စည်း ဖြစ်ပါတယ်။ ၆လကျော်ရင် ဒါမှမဟုတ် ဓာတ်ဆီနံလို ရရင် လွှင့်ပစ်ပြီး အသစ်ကို အစားထိုး သုံးပါ။ တချို့ဖြစ်ရပ်တွေမှာ ရက်၉၀ မတိုင်ခင် Mascara ခြောက်သွားရင် ပြန်စိုအောင် ရေမထည့်ပါနဲ့။ ဘာလို့လဲဆိုတော့ ဒါက ဘက်တီးရီးယားတွေကို ပိုဖြစ်စေပြီး နီရဲခြင်း၊ ယားယံခြင်း၊ pinkeye နဲ့ ဝက်ခြံ စတာတွေကို ဖြစ်စေပါတယ်။ ဘက်တီးရီးယားတွေ ပြန့်ပွားပြီး ပိုမဆိုးရွားခင် မျက်လုံးမိတ်ကပ်တွေ အားလုံးနဲ့ သူ့အသုံးအဆောင်တွေကို လွှင့်ပစ်လိုက်တာ ပိုကောင်းပါတယ်။

၂။ Eyeliner (၃-၆ လ)

မိတ်ကပ်ရိုးရိုးကို eyeliner တချို့ (အရည် သို့မဟုတ် ခဲတံ) အသုံးပြု အလွယ်တကူ ထိတွေ့နိုင်ပါတယ်။ လေ့လာချက်တစ်ခုက eyeliner ကို ခဲတံ အမျိုးအစားက လွဲရင် ၃လပြည့်တိုင်း လဲသင့်တယ်လို့ ပြောတဲ့အခါ အမျိုးသမီး တော်တော်များများက မလုံမလဲ ဖြစ်ကြပါတယ်။ ဒါပေမယ့် သင့်မျက်လုံးအတွက် ဒါတွေကို အချိန်ကြော်ပြီးသုံးတာက ဘက်တီးရီးယားတွေ ပိုပြန့်ပွားစေပြီး သင့်မျက်လုံးရဲ့ နုနယ်တဲ့ နေရာတွေကို ယားယံစေတတ်ပါတယ်။ ဆိုးရွားတဲ့ ဖြစ်ရပ်တွေမှာ မျက်ခွံအတွင်းသား ရောင်ရမ်းခြင်း၊ ယားယံခြင်း၊ နီရဲခြင်း၊ စတာတွေက သင့်အမြင်အာရုံကို အနှောက်အယှက်ဖြစ်စေပြီး သင့် လုပ်ငန်းဆောင်တာတွေကို နှောင့်နှေးစေပါလိမ့်မယ်။ ဒီဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်ဖို့ သင့် pencil eyeliner ကို မသုံးခင် ချွန်ပါ။

၃။ Liquid Foundation ( ၆လ -၁နှစ်)

ဘက်တီးရီးယားဆိုတာ ရေဓာတ်ပါတဲ့ ထုတ်ကုန်တွေကို သဘောကျကြပါတယ်။ Foundation ရဲ့ seal ကို ဖွင့်ပြီးတာနဲ့ ဒါပစ္စည်းဟာ တစ်နှစ် တာရှည်ခံပါတယ်။ Foundation အရည် ပုလင်းထဲကို သင့်လက်ချောင်းတွေ မနှစ်ပါနဲ့။ ပူပြီး စိုထိုင်းတဲ့ ပတ်ဝန်းကျင်ရဲ့ အဝေးမှာ ထားပါ။ အပူက ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို အဖြစ်မြန်စေနိုင်ပြီး အရောင် သို့မဟုတ် အနံ့ကို ပြောင်းစေနိုင်ပါတယ်။ ဒါက ယားယံမှုကို ဖြစ်စေနိုင်ပါတယ်။

၄။ Concealer (၂ နှစ်)

ဒါက အပြစ်အနာအဆာတွေကို ဖုံးအုပ်ဖို့ပါ။ သင့်ရဲ့ concealer အရောင်ပြောင်းသွားတာနဲ့ လွှင့်ပစ်ပါ။ Stick concealer နဲ့ powder concealer တွေက ၂နှစ်လောက် တာရှည်ခံပါတယ်။

၅။ Face powder (၂ နှစ်)

တကယ်လို့ ပေါင်ဒါတွေမှာ လက်ဖက်စိမ်း၊ ရှားစောင်း၊ chamomile လိုမျိုး အပင်တွေက ထုတ်ယူထားတဲ့ ရေပါဝင်မယ်ဆိုရင် အဲ့ဒီ ပေါင်ဒါဘူးကို ဖွင့်ပြီး ရေချိုးခန်းလိုမျိုး ပူနွေးစိုစွတ်တဲ့ နေရာမှာ ဖွင့်ထားမိရင် ဘက်တီးရီးယားတွေ ပေါက်ဖွားလာပါလိမ့်မယ်။ အရောင်ပြောင်းတာ၊ ထူးဆန်းတဲ့ အနံ့တွေကို သတိထားပါ။

၆။ နှုတ်ခမ်းနီ (၁ နှစ်)

နှုတ်ခမ်းနီ ၃ချောင်းကနေ ၆ချောင်းလောက် သုံးတဲ့ အမျိုးသမီးတွေက သူတို့ နှုတ်ခမ်းနီတွေကို ၃နှစ်ကျော်တဲ့အထိ သိမ်းထားတတ်ကြပါတယ်။ နှုတ်ခမ်းနီအများစုမှာ ရေဓာတ်မပါဝင်ပါဘူး။ ဒါပေမယ့် နှုတ်ခမ်းနဲ့ ဆက်တိုက်ထိတွေ့တာကနေ ဘက်တီးရီးယားတွေ ပေါက်ဖွားလာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ နှုတ်ခမ်းနီကို အထိအတွေ့ပြောင်းရင်၊ အရောင်မစွဲရင် သုံးဖို့ မသင့်တော့ပါဘူး။

ဒါ့အပြင် lip-gloss တွေကို သုံးရင် အစင်းတွေနဲ့ ဆွဲသလို ခံစားရပါလိမ့်မယ်။ Lip-stick နဲ့ gloss တွေကို တစ်နှစ်တစ်ခါ လဲပါ။ မျှသုံးတာကို အထူးသဖြင့် သင်ဖျားနေရင် ရှောင်ပါ။ အဲ့က ဘက်တီးရီးယားတွေက သင့်ရဲ့ ခုခံမှုစနစ်ကို ထိခိုက်စေနိုင်လို့ပါ။

အလှပြင်ပစ္စည်းတွေကို ဘက်တီးရီးယားရန်က ကာကွယ်ဖို့ နည်းလမ်းများ

၁။ ရေဓာတ်ပါတဲ့ မိတ်ကပ်တွေက ဘက်တီးရီးယား ပေါက်ဖွားနိုင်ချေ ပိုများတာ သတိရပါ။

၂။ သင့်အလှပြင်ပစ္စည်းတွေကို ရေချိုးခန်း ဒါမှမဟုတ် စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ မထားပါနဲ့။

၃။ ပူပြီး နေရောင်တိုက်ရိုက်ကျရောက်တဲ့နေရာမှာ မထားပါနဲ့။ အေးပြီး ခြောက်သွေ့တဲ့နေရာမှာထားပါ။

၄။ အနံ့ ဆိုးရင် ဒါမှမဟုတ် အရောင်ပြောင်းရင် လွှင့်ပစ်ပါ။

၅။ သုံးတဲ့ ကြာချိန်ကို သိဖို့ ဝယ်တဲ့ရက်ကို မှတ်ထားပါ။

၆။ သင်လိုသလောက်သာ ဝယ်ပါ။ တစ်ခါတည်း အများကြီးဝယ်ရင် ပိုက်ဆံတွေ ဖြုန်းတီးရာရောက်ပါတယ်။ ပတ်ဝန်းကျင်ကို ကယ်တင်ပါ။

၇။ ကိုယ်ပိုင် မိတ်ကပ်ပဲ သုံးပါ။ မိတ်ကပ် မျှသုံးတာက Staphylococcus aureus နဲ့ Staphylococcus epidermis လို ဘက်တီးရီးယားတွေ ပွားနှုန်းကို မြန်စေနိုင်ပါတယ်။

Dr. Kaung Thar
Dr. Kaung Thar
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Wathun Myat Chal · 06/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။