နံ့သာဖြူဆိုတာက မြန်မာလူမျိုးတိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အမွှေးနံ့သာအနေနဲ့ သုံးကြတယ်လေ။ ဒီလိုမျိုး အသုံးပြုကြတဲ့ နံ့သာဖြူက အသားအရေကို ကျန်းမာစေသလား။ အသားအရေကို ဘယ်လိုမျိုး ကောင်းကျိုးတွေ ပေးစွမ်းလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ နံ့သာဖြူ ကပေးတဲ့ အသားအရေ လှပခြင်း ဆိုတဲ့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်တော့နော်။
နံ့သာဖြူ ဆိုတာ ဘာလဲ
နံ့သာဖြူ ဆိုတာက အမွှေးနံ့သာ တစ်မျိုးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အာရှဒေသမှာ အလေးအမြတ် သုံးစွဲခဲ့ကြတဲ့ အပင်တစ်မျိုးပေါ့။ ဆေးဖက်ဝင်သလို အမွှေးနံ့သာအနေနဲ့လည်း အသုံးပြုကြပါတယ်။ နံ့သာဖြူကို အရေပြားမှာ တိုက်ရိုက်လိမ်းကျံကြသလို ဘာသာရေး အခမ်းအနားတွေမှာ အမွှေးနံ့သာအနေနဲ့လည်း အသုံးပြုကြပါတယ်။
နံ့သာဖြူ အဆီကို အသုံးပြုကြသလို ဆပ်ပြာ၊ အလှကုန်၊ ဖယောင်းတိုင် ခရင်မ်တွေနဲ့ အမွှေးတိုင်အဖြစ်လည်း အသုံးပြုကြပါတယ်။
နံ့သာဖြူ ကပေးတဲ့ အသားအရေ လှပခြင်း
နံ့သာဖြူက အမွှေးနံ့သာ အနေနဲ့ အသုံးပြုလို့ ရသလို အသားအရေ လှပဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ ဒီတော့ နံ့သာဖြူ ကပေတဲ့ အသားအရေလှပခြင်းတွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
- အသားအရေ အေးမြစေတယ်
နံ့သာဖြူက အသားအရေကို အေးမြစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ နွေအပူရှိန်ကြောင့် အသားအရေတွေကို ပူစပ်စပ်ဖြစ်တာကနေ သက်သာစေဖို့အတွက်ဆိုရင် နံ့သာဖြူကို ခပ်ပါးပါးလေး အရေပြားပေါ်မှာ တိုက်ရိုက် လိမ်းပေးလို့ ရပါတယ။
- အရောင်ကျစေနိုင်တယ်
အရေပြား ရောင်ရမ်းတာကို သက်သာစေဖို့လည်း နံ့သာဖြူကို အသုံးပြုပေးလို့ ရပါတယ်။ ဝက်ခြံတွေကြောင့် ရောင်ရမ်းတာကို သက်သာစေသလို အရေပြားမှာ ထိခိုက်တာကြောင့် ရောင်ရမ်းတာကို သက်သာစေဖို့လည်း နံ့သာဖြူကို အသုံးပြုပေးလို့ ရပါတယ်။
- အသားအရေကို အာဟာရ ဖြည့်ပေးနိုင်တယ်
နံ့သာဖြူက အရေပြားကို အေးမြစေသလို အရေပြားအတွက် လိုအပ်တဲ့ အာဟာရတွေကိုလည်း ဖြည့်ပေးနိုင်ပါတယ်။ အသားအရေကို ကျန်းမာပြီး အာဟာရပြည့်စေဖို့ဆိုရင် နံ့သာဖြူကို အရေပြားမှာ တိုက်ရိုက် လိမ်းကျံပေးတာကလည်း နည်းလမ်းကောင်းပါပဲ။
- ဝက်ခြံသက်သာစေတယ်
နံ့သာဖြူက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံတွေကို သက်သာစေဖို့အတွက် နံ့သာဖြူကို ဝက်ခြံတွေအပေါ်မှာ တိုက်ရိုက် လိမ်းကျံပေးလို့ ရပါတယ်။ ပုံမှန်လေး လိမ်းပေးမယ်ဆိုရင် ဝက်ခြံတွေကို သိသိသာသာ သက်သာစေမှာပါ။
- အသားအရောင် ညီစေတယ်
အသားအရေ မညီတဲ့သူတွေအနေနဲ့ နံ့သာဖြူကို လိမ်းပေးလို့ ရပါတယ်။ နံ့သာဖြူကို အသားအရောက် မညီတဲ့နေရာတွေမှာ ပုံမှန်လေး လိမ်းကျံပေးတာက အသားအရောင် ညီစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။