brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဝဲဖြစ်လာရင် သေချာကုသသင့်တဲ့အကြောင်းအရင်း

ဝဲဖြစ်လာရင် သေချာကုသသင့်တဲ့အကြောင်းအရင်း က ဘာဖြစ်မလဲ! အချို့သော အရေပြားပြဿနာတွေက အရေပြားပေါ်မှာတင်ပြီးမသွားပါဘူး။ ခန္ဓာကိုယ်တွင်းအစိတ်အပိုင်းတွေကို တစ်နည်းနည်းနဲ့ထိခိုက်စေနိုင်ပါတယ်။ ဒီလိုထိခိုက်စေတဲ့အထဲမှာ အရေပြားရောဂါတစ်မျိုးဖြစ်တဲ့ ဝဲကလည်း အပါအဝင်ပါ။ ဒီဆောင်းပါးလေးထဲမှာ အရေပြားရောဂါတစ်မျိုးဖြစ်တဲ့ ဝဲက ကျန်းမာရေးကို ဘယ်လိထိခိုက်စေနိုင်လဲဆိုတာကိုပြောပြပေးပါရစေနော်။

ဝဲဖြစ်လာရင် သေချာကုသသင့်တဲ့အကြောင်းအရင်း

ဝဲဖြစ်လာရင် သေချာကုသသင့်တဲ့အကြောင်းအရင်း

ဝဲဖြစ်လာရင် သေချာကုသသင့်တဲ့အကြောင်းအရင်း က ဘာများဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။

ဝဲဆိုတာ……

ဝဲဆိုတာက Sarcoptes scabiei လို့ခေါ်တဲ့ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ အကောင်လေးတွေကြောင့်ဖြစ်ရတာပါ။ အရေပြားမှာယားယံစေနိုင်ပြီး လူတစ်ယောက်ကနေ တစ်ယောက်ကို အလွယ်တကူကူးစက်နိုင်ပါတယ်။ အတူတူထိုင်မိရုံ၊ ထိတွေ့မိရုံနဲ့တင် ကူးစက်နိုင်တဲ့ရောဂါတစ်ခုပေါ့။ ကလေးလေးတွေဆိုရင် အတူဆော့တဲ့သူငယ်ချင်းတွေ၊ တစ်တန်းတည်းအတူတူထိုင်ရတဲ့ သူငယ်ချင်းတွေဆီကနေ အလွယ်တကူကူးစက်နိုင်ပါတယ်။ အဝတ်အစားတွေ မျှဝေဝတ်ဆင်တာကနေလည်း ဝဲကအလွယ်တကူကူးစက်နိုင်ပါတယ်။

နေအိမ်တစ်အိမ်မှာ မိသားစုဝင်တစ်ဦးကို ဝဲကူးစက်ခံလိုက်ရပြီဆိုတာနဲ့ ကျန်မိသားစုဝင်တွေကို အလွယ်တကူကူးစက်နိုင်တာကြောင့် ကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်ဖို့လိုပါမယ်။ ဝဲဖြစ်စေတဲ့ အကောင်လေးတွေက လူတစ်ယောက်ဆီကနေတစ်ယောက်ဆီကို အရမ်းမြန်မြန်ဆန်ဆန်နဲ့ကို ကူးစက်နိုင်တာပါ။ အများသုံးပို့ဆောင်ရေးစနစ်တွေကနေတဆင့်လည်း ဝဲကူးစက်ခံရနိုင်ပါတယ်။

ဝဲကူးစက်ခံရတဲ့အခါ

ခန္ဓာကိုယ်မှာ ဝဲကူးစက်ခံရတဲ့အခါ အရေပြားပေါ်မှာ

  • နီရဲနေတာ ဒါမှမဟုတ် ပုံမှန်အသားအရောင်နဲ့မတူတာမျိုးဖြစ်နေတာ
  • အရေပြားပေါ်က နီမြန်းတဲ့နေရာတစ်ခုနဲ့တစ်ခုကြားမှာ အနီရောင် အတန်းလေးမျိုးဖြစ်နေတာ
  • အဖုသေးသေးလေးတွေဖြစ်နေတာ
  • အရေပြားမှာ အဖုလေးတွေဖြစ်နေတာ
  • ပြည်လိုအဖြူရောင်အဖုလေးတွေဖြစ်နေတာမျိုးတွေ့ရနိုင်ပါတယ်။

ဝဲကူးခံလိုက်ရပြီဆိုရင် ဘာတွေဖြစ်လာနိုင်လဲ……….

ဝဲဖြစ်စေတဲ့အကောင်လေးတွေက ခန္ဓာကိုယ်ပေါ်ကိုရောက်လာပြီဆိုရင် အရင်ဆုံးဥတွေကို ဥချလိုက်ပါတယ်။ ဥတွေဥချပြီး သိပ်မကြာခင်မှာသေဆုံးသွားပေမယ့် မျိုးဆက်သစ်အကောင်လေးတွေက ပေါက်ဖွားလာပြီး အရွယ်ရောက်ဖို့ ၂ ပတ်လောက် အချိန်ယူကြပါတယ်။ပြီးရင်တော့ သူတို့ရဲ့ သက်တမ်း ၆ ပတ်လောက်အတွင်းမှာ အရေပြားကိုကောင်းကောင်းဒုက္ခပေးတော့တာပါပဲ။ ဝဲဖြစ်တဲ့အခါ စတင်ခံစားရမှာက အရေပြားက တစ်ချိန်လုံးယားယံနေတာပါ။ ဒီလိုယားယံမှုကြောင့်နေ့ရောညပါအရေပြားကို ကုတ်ဖဲ့ရင်းက အရေပြားမှာသွေးထွက်တာအပါအဝင် မလိုလားအပ်တဲ့ အရေပြားပြဿနာတွေခံစားလာရနိုင်ပါတယ်။

ဝဲဖြစ်စေတဲ့အကောင်လေးတွေကခြေချောင်းလက်ချောင်းကြားတွေ၊ လက်ဖဝါး၊ ခြေဖဝါး၊ လက်ကောက်ဝတ်၊ ချိုင်းကြား၊ ချက်တဝိုက်နဲ့ ရင်သားအောက်တွေမှာ ပိုပျော်ကြတာကြောင့် ဝဲတွေက ဒီနေရာတွေမှာ အဖြစ်များကြပါတယ်။

ဝဲက သူ့အလိုလိုပျောက်သွားတတ်လား……

ဝဲတွေက သူ့အလိုလိုပျောက်မသွားတတ်ပါဘူး။ လုံလောက်တဲ့ ကုသမှု ခံယူဖို့လိုအပ်တဲ့ အရေပြားပြဿနာတစ်ခုပေါ့။ တကယ်လို့ ဝဲကို မကူသဘဲထားမယ်ဆိုရင် လက်တွေနဲ့ကုတ်ဖဲ့ရင်းက နှင်းခူလိုမျိုး ပြင်းထန်တဲ့ နောက်ဆက်တွဲအရေပြားပြဿာနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဝဲဖြစ်လာရင် သေချာလေးကုသသင့်ပါတယ်။

ဝဲဖြစ်လာရင် သေချာကုသပါလို့ပြောရတဲ့ အကြောင်းအရင်း

ဝဲဖြစ်တာက အရေပြားပေါ်တင်ဖြစ်လို့ သူ့ဘာသာပျောက်သွားမှာပဲဆိုပြီး ခပ်ပေါ့ပေါ့လေးမထားလိုက်သင့်ပါဘူး။ အကြောင်းကတော့ ဝဲကိုသေချာမကုသဘဲထားရင် ထိခိုက်လာနိုင်တာက အရေပြားတစ်ခုတည်းမဟုတ်တာကြောင့်ပါ။ ဝဲကြောင့် အရေပြားမှာပြင်းထန်တဲ့ပြဿနာတွေဖြစ်လာနိုင်သလို ခန္ဓာကိုယ်ကို ထိခိုက်မှုအနေနဲ့ ကျောက်ကပ်ထိခိုက်တာမျိုးအထိဖြစ်လာနိုင်ပါတယ်။

ဝဲကို အချိန်ကြာမြင့်စွာ မကုသဘဲထားလိုက်တဲ့အခါ အနာတွေရင်း၊ ဘက်တီးရီးယားပိုးတွေ ဝင်ပြီး postinfectious glomerulonephritis (PIGN) လို့ခေါ်တဲ့ ကျောက်ကပ်ထဲက သွေးကြောလေးတွေရောင်ရမ်းပြီး ကျောက်ကပ်ထိခိုက်ပျက်စီးတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဆီးသွားရင်သွေးပါတာ၊ ဆီးက အညိုရောင်ရင့်ရင့်ဖြစ်နေတာ၊ ဆီးသွားနည်းလာတာ၊သွေးတိုးတာ၊ လက်တွေခြေတွေ၊မျက်နှာတွေရောင်တာ၊ အဖျားတက်တာမျိုးတွေခံစားရနိုင်ပါတယ်။

ဒီပိုးတွေက သွေးကြောတွေထဲကနေ ပြန့်နှံ့နိုင်ပါတယ်။ ဒီလိုကူးသက်မှုက အခန့်မသင့်တဲ့အခါ ကိုယ်တွင်း အင်္ဂါတွေကို ထိခိုက်ပျက်စီးစေနိုင်သလို ကိုယ်တွင်းအင်္ဂါတွေ ကောင်းကောင်းမလုပ်ဆောင်နိုင်မှုကြောင့် အဆိုးရွားဆုံးသော အကျိုးရလဒ်ကတော့ လူကိုသေစေနိုင်တာပါ။ ဒါကြောင့် ဝဲဖြစ်လာပြီဆိုရင် ခပ်ပေါ့ပေါ့မနေဘဲသေချာကုသမှုခံယူဖို့ တိုက်တွန်းပါရစေနော်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/12/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။