backup og meta

ဆံပင်အကွက်လိုက်ကျွတ် စေတဲ့ Alopecia areata

ဆံပင်အကွက်လိုက်ကျွတ် စေတဲ့ Alopecia areata
ဆံပင်အကွက်လိုက်ကျွတ် စေတဲ့ Alopecia areata

ဆံပင်ကျွတ်တာက နေ့တိုင်းကြုံရတဲ့ ကိစ္စပါ။ နေ့စဉ်လူတစ်ယောက်က ဆံပင် အပင်၁၀၀လောက် ကျွတ်ပါတယ်။ ဒါက ပုံမှန်ပါ။ ဒီလိုမဟုတ်ဘဲ ဆံပင်တွေ ပါးလောက်တဲ့ထိ အများကြီး ကျွတ်နေရင် ပြဿနာပါ။ ပိုဆိုးတာက ဆံပင်အကွက်လိုက်ကျွတ် တာပါ။ ဒါဆို Alopecia areata လို့ ခေါ်ပါတယ်။ ဒီလိုအကွက်လိုက် ကျွတ်တာက ပိုဆိုးပါတယ်။ ပိုပြီးသိသာနေတဲ့အတွက် လူနာက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုပါ ခံစားရပါတယ်။

Alopecia areata ဆိုတာ

ပြောရမယ်ဆိုရင်တော့ အမွေးကျွတ်တာပါ။ ဆံပင်အပြင်၊ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးတွေပါ ကျွတ်တတ်ပါတယ်။ ဒါပေမယ့် ဆံပင်ကျွတ်တာကပဲ အဖြစ်များပါတယ်။ သာမန်ကျွတ်တာနဲ့ မတူဘဲ အကွက်လိုက် ကျွတ်တာပါ။ ဦးရေပြားမှာ ဟိုနားတစ်ကွက်၊ ဒီနားတစ်ကွက်နဲ့ အကွက်လိုက် ဖြစ်နေတတ်ပါတယ်။

Alopecia areata က ဘာကြောင့် ဖြစ်ရတာလဲ။

ဒီလိုမျိုး အကွက်လိုက် ကျွတ်ရတာက ဆံပင်အမြစ်ကို ခုခံအားဆဲလ်တွေက မှားယွင်းပြီးတိုက်ခိုက်လို့ပါ။ ဘာကြောင့် ဒီလိုမျိုး တိုက်ခိုက်တာလဲဆိုတာကိုတော့ မသိကြသေးပါဘူး။

တချို့သူတွေမှာ အောက်ပါအချက်တွေ ဖြစ်လာတဲ့အခါမှ ဆံပင်စကျွတ်တာ ဒါမှမဟုတ် သက်သာပြီးသား ရောဂါက ပြန်ကြွလာတာမျိုး ရှိပါတယ်။

  • ဗိုင်းရပ်စ်ပိုး ကူးစက်တာ (ဒါကြောင့် တချို့လူနာတွေမှာ ကိုဗစ်ဖြစ်ပြီးမှ သာမန်ဆံပင်ကျွတ်တာမျိုး မဟုတ်ဘဲ အကွက်လိုက်ကျွတ်တာမျိုးတွေ ဖြစ်လာတာပါ။)
  • ထိခိုက်ဒဏ်ရာ
  • ဟော်မုန်းအပြောင်းအလဲ
  • စိတ် ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေက ပိုဆိုးစေတာကို တွေ့ရပါတယ်။

ဘယ်သူတွေမှာ ဆံပင်အကွက်လိုက်ကျွတ် နိုင်သလဲ။

အသက်အရွယ်မရွေး၊ ကျားမမရွေး ဖြစ်နိုင်ခြေ ရှိပါတယ်။ ကလေးဘဝမှာ ဖြစ်တာက ၅၀% လောက်ရှိပါတယ်။ အသက် ၄၀မတိုင်ခင်မှာ ဖြစ်တာက ၈၀% လောက်ရှိပါတယ်။ ဘဝမှာ ဆံပင်အကွက်လိုက် ကျွတ်နိုင်ခြေက ၁-၂%လောက်ရှိတတ်ပါတယ်။

  • မိသားစုထဲမှာ Alopecia areata မျိုးရိုးရှိသူတွေ ဒါမှမဟုတ် တခြားခုခံအား တုံ့ပြန်မှု မမှန်တဲ့ Autoimmune ရောဂါရှိသူတွေ (၁၀-၂၅% သော လူနာတွေက ဒီအချက်ကြောင့်ပါ။)
  • Alopecia areata ရှိတဲ့ လူနာတွေက သိုင်းရွိုက်ရောဂါ၊ ခရုသင်းရောဂါနဲ့ နှင်းခူနာဖြစ်နိုင်ခြေများတာကို တွေ့ရပါတယ်။
  • မျိုးဗီဇမမှန်တဲ့ ပြဿနာရှိတဲ့ လူနာတွေ (ဥပမာ ဒေါင်းရောဂါ) မှာလည်း ပိုဖြစ်တတ်ပါတယ်။
  • Biologic medicines  လို့ခေါ်တဲ့ ခုခံအားရောဂါတွေကို ကုသဖို့ သက်ရှိကနေ ထုတ်ထားတဲ့ ဆေးဝါးတွေကို အသုံးပြုတဲ့ လူနာတွေ (ဥပမာ ဆိုရီယေးစစ်)မှာလည်း ဖြစ်တတ်တာကို တွေ့ရပါတယ်။

Alopecia areata ရဲ့ လက္ခဏာတွေက

Alopecia areataရဲ့ လက္ခဏာက အမျိုးမျိုးတွေ့နေရပါတယ်။ အများစုကတော့ ဘာလက္ခဏာမှမပြဘဲ ဆံပင်အကွက်လိုက် တစ်ကွက်လောက်ကျွတ်သွားတာ၊ ဆံပင်ပါးလာတာကို ရုတ်တရက် သတိထားမိတာမျိုး ရှိပါတယ်။ တချို့ကျတော့လည်း ကျွတ်တဲ့နေရာမှာ စပ်ဖျင်းဖျင်းနဲ့ ယားသလို ခံစားရတယ်လို့ ဆိုကြပါတယ်။

Alopecia areataက အမွေးရှိတဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ ဆံပင်အပြင် မျက်ခုံးမွေး၊ မျက်တောင်မွေး၊ ပါးသိုင်းမွေး စတာတွေမှာလည်း ဖြစ်တတ်ပါတယ်။ Alopecia areataမှာ အဆင့် ၃ဆင့် ရှိပါတယ်။

  • ရုတ်တရက် ဆံပင်တွေ ကျွတ်မယ်။
  • ဆံပင်ကျွတ် အကွက် ဒါမှမဟုတ် အကွက်တွေ ပိုကြီးလာမယ်။
  • ဆံပင်တွေ ပြန်ပေါက်မယ်။ ဒီလိုမျိုး အဆင့်ဆင့် ဖြစ်နေတာ ဖြစ်ပါတယ်။

ဆံပင်ကျွတ်ထားတဲ့ အကွက်တွေက ချောမွေ့ပြီး ဆံပင်လုံးဝမရှိပါဘူး။ တစ်ခါတလေ တစ်ပင်စ၊ နှစ်ပင်စ ရှိတဲ့အတွက် ‘exclamation mark’ hairs ‘!’ လို့လည်းခေါ်ပါတယ်။

ဒါ့ပြင် ဆံပင်က ပြန်ပေါက်တဲ့အခါ စစချင်းဆို အဖြူရောင် ဒါမှမဟုတ် မီးခိုးရောင် ဖြစ်တတ်ပါတယ်။ ဆံပင်က ကောက်နေ၊ တွန့်နေတတ်ပါတယ်။ ဆံပင်ပြန်ပေါက်ဖို့က လနဲ့ နှစ်နဲ့ ချီပြီး ကြာတတ်ပါတယ်။ တစ်ကွက်က ပြန်ပေါက်တုန်း နောက်တစ်ကွက်က ကျွတ်နေတာလည်း ဖြစ်နိုင်ပါတယ်။

နောက်တစ်ချက်က လက်သည်းမှာလည်း လက္ခဏာပြတတ်ပါတယ်။ Alopecia areataဖြစ်တဲ့ လူနာတွေရဲ့ ၁၀-၅၀%လောက်က လက်သည်းမှာ အချိုင့်တွေဖြစ်တာ၊ အစင်းကြောင်းတွေ ဖြစ်တာကို တွေ့ရပါတယ်။ ဒါ့ပြင် တခြားလက်သည်းလက္ခဏာတွေဖြစ်တဲ့ လက်သည်းက ဇွန်းလိုချိုင့်တာ၊ အနီစက်တွေထွက်တာ၊ လက်သည်းတွေ ဖြူတာလည်း ဖြစ်တတ်ပါတယ်။

ဆံပင်အကွက်လိုက်ကျွတ် ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာ

ဆံပင်အကွက်လိုက်ကျွတ်တာက ယာယီလည်း ဖြစ်နိုင်သလို တစ်သက်လုံးလည်း ဖြစ်သွားနိုင်ပါတယ်။ ဆံပင်မှာ အကွက်လိုက်ကျွတ်တာတွေ အများကြီးနဲ့ ပြန်ပေါက်ဖို့လည်း ကြာတဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာပြီး စိတ်ကျဝေဒနာ၊ စိုးရိမ်စိတ်များတာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါ့ပြင် သူနဲ့အတူ တခြားရောဂါတွေ ဖြစ်တဲ့ နှင်းခူနာ၊ ခရုသင်း၊ သိုင်းရွိုက်ရောဂါတွေ ရှိနေတတ်တာကိုလည်း မမေ့သင့်ပါဘူး။

ဆံပင်တွေ အကွက်လိုက် ကျွတ်စေတဲ့ Alopecia areata

Alopecia areataကို ဘယ်လိုရှာဖွေနိုင်သလဲ။

များသောအားဖြင့်တော့ လက္ခဏာအရပဲ သိကြတာ များပါတယ်။ တစ်ခါတလေတော့ အောက်ပါစစ်ဆေးချက်တွေ လိုနိုင်ပါတယ်။

  • Trichoscopy လို့ခေါ်တဲ့ ဆံသားနဲ့ ဦးရေပြားကို မှန်ဘီလူးနဲ့ စစ်ဆေးတာ
  • အရေပြား အသားစယူတာပဲ ဖြစ်ပါတယ်။

Alopecia areataကို ဘယ်လိုကုသနိုင်သလဲ။

Alopecia areataအပါအဝင် တခြားခုခံအား ပုံမှန်မဟုတ်တာကြောင့် ဆံပင်ကျွတ်တာတွေကို ကုသဖို့ တိကျတဲ့ ဆေးနည်း မရှိသေးပါဘူး။ ဆိုလိုတာက ဒီဆေးသုံးလိုက်၊ ဆံပင်ပေါက်ကို ပြန်ပေါက်ရမယ်ဆိုတာမျိုးပေါ့။ ဒါပေမယ့် ကံကောင်းတာက အများစုက ခုမှစဖြစ်ဖူးတဲ့သူတွေဆို သူ့အလိုလို ပြန်ပေါက်ကြပါတယ်။ အချိန်တစ်ခုတော့ စောင့်ရပေမယ့် ပြန်ပေါက်ကြတဲ့သူတွေများပါတယ်။

ဆေးတွေ ဝါးတွေနဲ့ ကုသဖို့ လိုတဲ့သူတွေကတော့

  • ဆံပင်အကွက်လိုက်ကျွတ်တာ တစ်ခေါင်းလုံးရဲ့ ၂၀% ဖြစ်နေရင်
  • ဆံပင်ကျွတ်တာ မြန်နေရင်
  • နာတာရှည် ဆံပင်ကျွတ်နေရင်
  • ဆံပင်ကျွတ်တာကြောင့် စိတ်ဖိစီးလာရရင်ပဲ ဖြစ်ပါတယ်။

ကုသနည်းတွေကတော့

  • လိမ်းဆေးတွေ- လိမ်းဆေးတွေက ခဏတော့ သက်သာစေမှာပါ။ ဆေးရပ်လိုက်ရင် ပြန်ကျွတ်တာမျိုး ဖြစ်နိုင်ပါတယ်။ စတီးရွိုက်တွေ၊ Minoxidil၊ Dithranol စတာတွေ လိမ်းကြပါတယ်။
  • ထိုးဆေးတွေ- စတီးရွိုုက်ထိုးဆေးတွေကတော့ အမွေးကျွတ်တဲ့ နေရာကို ထိုးတာပါ။ ဥပမာ ဆံပင်ကျွတ်တယ်ဆိုရင် ဦးရေပြားရဲ့ ကွက်နေတဲ့နေရာကို ထိုးပါတယ်။ သူကလည်း ယာယီပါပဲ။ ပြန်ကွက်လာရင် ပြန်ထိုးရပါတယ်။
  • သောက်ဆေး၊ အကြောဆေးတွေ- ဒါကတော့ စတီးရွိုက်တွေကို ပမာဏများများပေးပြီး ကုသတာပဲ ဖြစ်ပါတယ်။ ယာယီတော့ သက်သာပါတယ်။ ဒါပေမယ့် ရေရှည်မှာ စတီးရွိုက်ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် မသုံးဖြစ်ကြပါဘူး။
  • ခုခံအားကုထုံး- Immunotherapy လို့ခေါ်ပြီး ဦးရေပြားမှာ တစ်ပတ်တစ်ခါ ဆေးလိမ်းရတာပဲ ဖြစ်ပါတယ်။ အရေပြားရောင်တာ၊ အကျိတ်ထွက်တာတွေ ဖြစ်တတ်ပါတယ်။

ဒါတွေအပြင် ဆံပင်ကျွတ်တာကို မသိသာအောင် ဆံပင်တုစွတ်တာ၊ ဆံပင်တုစိုက်တာ၊ မျက်ခုံးမွေးဆိုရင် တက်တူးထိုးတာ၊ မျက်တောင်မွေးဆိုရင် အတုတပ်တာတွေ လုပ်ပေးနိုင်ပါတယ်။

နောက်ထပ်အရေးကြီးဆုံးက စိတ်ပိုင်းဆိုင်ရာ ကုသမှု ခံယူတာပါ။ ဒီရောဂါက အသက်အန္တရာယ်ရှိတဲ့ရောဂါ မဟုတ်ပါဘူး။ ဒါပေမယ့် အရှက်ရစေတယ်လို့ ခံစားရတာကြောင့် လူနာက စိတ်ထိခိုက်ရပါတယ်။ ရောဂါအကြောင်း သေချာရှင်းပြတာတွေ၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပေးတာတွေ လိုအပ်ပါတယ်။

Alopecia areataကို ကြိုတင်ကာကွယ်လို့ရလား။

စိတ်မကောင်းစရာက ခုထိ ကာကွယ်ဖို့ နည်းလမ်း မရှိသေးပါဘူး။

ဆံပင်အကွက်လိုက်ကျွတ် တာက ပြန်ကောင်းနိုင်ပါ့မလား။

ဆံပင်ကျွတ်တဲ့အကွက်က တစ်ကွက်ပဲရှိမယ်ဆိုရင် အများစုက တစ်နှစ်အတွင်း သူ့အလိုလိုကို ပြန်ပေါက်ပါတယ်။ ဆိုးလွန်းပါတယ်ဆိုတဲ့ တစ်ခေါင်းလုံးပြောင်တဲ့ alopecia totalisတို့၊ တစ်ကိုယ်လုံး ပြောင်ပြီး ဘာအမွေးမှမကျန်အောင် ကျွတ်တဲ့ alopecia universalis တို့တောင် တစ်ချိန်ချိန်မှာ ပြန်ပေါက်တာကို တွေ့ရပါတယ်။

လေ့လာချက်တွေအရ

  • ဆံပင်ကျွတ်တဲ့အကွက် တစ်ကွက်ပဲ ရှိမယ်ဆိုရင် ၄၀%လောက်က ၆လအတွင်းမှာ ပြန်ပေါက်ပါတယ်။
  • အကွက်တွေ အများကြီးရှိတဲ့ လူနာတွေရဲ့ ၂၇%လောက်က ၁၂လအတွင်းမှာ ပြန်ပေါက်ပါတယ်။
  • ၃၃%ကတော့ နာတာရှည် ဆံပင်ကျွတ်တာမျိုး ဖြစ်တတ်ပါတယ်။

ကုရခက်ပြီး ပြန်ပေါက်နိုင်ခြေ နည်းတဲ့ သူတွေကတော့

  • ငယ်ငယ်ရွယ်ရွယ်နဲ့ ကျွတ်တဲ့သူတွေ
  • ရောဂါအခြေအနေ ဆိုးတဲ့သူတွေ
  • ၁နှစ်ကျော်ကြာတဲ့အထိ ပြန်မပေါက်တဲ့သူတွေ
  • နောက်စေ့နဲ့ နားထင်ဘေးမှာ ကျွတ်တဲ့သူတွေ
  • လက်သည်းမှာပါ လက္ခဏာပြနေတဲ့သူတွေ
  • လူပျိုအပျိုမဖြစ်ခင် ရောဂါစဖြစ်တဲ့သူတွေ
  • မိသားစုထဲမှာ မျိုးရိုးရှိသူတွေ
  • မိသားစု ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်မှာ ခုခံအား တုံ့ပြန်မှု မမှန်တဲ့ Autoimmuneရောဂါရှိသူတွေ
  • ဒေါင်းရောဂါရှိသူတွေပဲ ဖြစ်ပါတယ်။
 

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://dermnetnz.org/topics/alopecia-areata

https://www.naaf.org/alopecia-areata

https://www.medicalnewstoday.com/articles/70956#symptoms

ယခုပုံစံ

12/06/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆံပင်ကျွတ်သက်သာစေမယ့်အစားအစာ ၇ မျိုး

ဆံပင်ကျွတ်သူတိုင်း ဒါလေးတွေ သိထားသင့်တယ်နော်။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement