backup og meta

ဆံပင်အရမ်းကျွတ်နေပြီလား။ မကျွတ်အောင် ဘယ်လိုကာကွယ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆံပင်အရမ်းကျွတ်နေပြီလား။ မကျွတ်အောင် ဘယ်လိုကာကွယ်မလဲ

    ဆံပင်ကျွတ်တာဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စဆိုပေမယ့် ပမာဏများများကျွတ်နေပြီဆိုရင်တော့ စိုးရိမ်စရာဖြစ်လာပါပြီ။ သဘာဝကြောင့် အသက်ကြီးလာတဲ့အခါမှာ ထိပ်ပြောင်တာမျိုးမဟုတ်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်လာတာဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာမယ်၊ တခြားသူတွေက လှောင်ပြောင်ကြတဲ့အခါမှာ ကိုယ့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာနိုင်တယ်၊ တခြားကျန်းမာရေးပြဿနာတွေ ရှိနေမလားဆိုပြီးလည်း စိတ်ထဲ အမြဲစိုးရိမ်ပူပန်နေရမှာပါ။

    ဘာကြောင့် ဆံပင်တအားကျွတ်လာတာလဲ။

    စိတ်ဖိစီးမှုများတဲ့အခါမှာ ဖြစ်တတ်ပြီး ဆံပင်ကျွတ်တာ မျိုးရိုးလိုက်တဲ့ သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးအစား (၁) ဆီးချိုရောဂါ၊ နာတာရှည်အဆစ်ရောင် ရောဂါ အစရှိတဲ့ ကိုယ်ခံအားစနစ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ရောဂါရှိသူတွေမှာ အဖြစ်များပါတယ်။

    Alopecia areata လို့ ခေါ်တဲ့ အမွှေးအမျှင်တွေ အကွက်လိုက်ကျွတ်ကျတဲ့ ရောဂါ ရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လူအများစုမှာ ဦးရေပြားကနေ ဆံပင်တွေကျွတ်လာတယ်။ တချို့လူတွေဆိုရင် မျက်ခုံးမွေးတွေ၊ မျက်တောင်တွေအပြင် ခန္ဓါကိုယ်အနှံ့က တခြားအမွေးအမျှင်တွေ ကျွတ်လာပါတယ်။ ကျွတ်သွားတဲ့နေရာမှာ ဆံပင်ပြန်ပေါက်ဖို့ အချိန်ကြာမြင့်တတ်ပြီး ပြန်ပေါက်လာရင်လည်း ထပ်ပြီး ကျွတ်နိုင်ပါတယ်။

    အမျိုးသားတွေမှာ ဆံပင်ကျွတ်တဲ့မျိုးရိုးဗီဇရှိတာ၊ စိတ်ဖိစီးမှု ဝေဒနာကြုံတွေ့နေရတဲ့အခါ ဆံပင်ကျွတ်တတ်ပါတယ်။ ဆံပင်ကို မကြာခဏ ဖြောင့်လိုက်၊ ကောက်လိုက်၊ ဆေးဆိုးတတ်တဲ့ အမျိုးသမီးတွေ၊ ကလေးမီးဖွားပြီးချိန် သွေးဆုံးချိန်တွေမှာ ဖြစ်တတ်သလို ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ ကိုယ်သောက်နေတဲ့ ဆေးကြောင့်လည်း ဆံပင်ကျွတ်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြုံတွေ့နိုင်ပါတယ်။

    လူတစ်ယောက်ဟာ ပုံမှန် တစ်နေ့ကို ဆံပင် ၅၀ ကနေ ၁၀၀ ကြား ကျွတ်တတ်ပါတယ်။ ကျွတ်တဲ့နေရာမှာလည်း ဆံပင်တွေဟာ အလျင်အမြန်ပြန်ထွက်လာပြီး ထပ်ကျွတ်တတ်ပါတယ်။ ဒါဟာ လူတိုင်းမှာ ဖြစ်တတ်တဲ့ ဇီဝကမ္မဖြစ်ရိုးဖြစ်စဉ် တစ်ခုပါ။ ဒီပမာဏထက်ပိုပြီး ကျွတ်လာတာကို သတိထားမိတဲ့အချိန်၊ ဆံပင် အကွက်လိုက်၊ အထွေးလိုက် ကျွတ်နေပြီဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့သေချာပြသပြီးပြဿနာအရင်းအမြစ်ကို အဖြေရှာဖို့ လိုလာပါပြီ။

    ဆံပင်ကျွတ်တာကို ဘယ်လိုကာကွယ်ပေးနိုင်လဲ။

    • အမျိုးသမီးတွေအနေနဲ့ မကြာခဏ ဆံပင်ကောက်လိုက်၊ ဖြောင့်လိုက်လုပ်တာ၊ ဆံပင်ကို အရမ်းကျပ်ထုတ်နေအောင် စည်းတာမျိုး၊ ကျစ်ဆံမြီးကျစ်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။
    • မကြာခဏ ဆံပင်ကို ကိုင်တာ၊ ဆောင့်ဆွဲတာ၊ လိမ်ကျစ်တာ၊ ကလစ်တွေအကြာကြီး ညှပ်ထားမျိုး ရှောင်ကြဉ်ပေးပါ။
    • ခေါင်းလျှော်တဲ့အခါမှာ ဆံပင်ကို ခေါင်းလျှော်ရည်ကောင်းကောင်းနဲ့ ညင်သာစွာ ကိုင်တွယ်ပြီး လျှော်ပေးပါ။ ခြောက်အောင် သုတ်ပေးပါ။ မစိပ်မကျဲဘီးကို အသုံးပြုပြီး ခေါင်းဖြီးပေးပါ။
    • ဆံပင်ကျွတ်စေတဲ့ ဖြည့်စွက်စာတွေ၊ ဆေးဝါးတွေ သောက်နေရပြီဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဆေးပြောင်းခိုင်းပါ။
    • ဆံပင်ကို နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင် နေပူထဲသွားတော့မယ်ဆိုရင် ထီး၊ ဦးထုပ် အမြဲဆောင်းပါ။
    • ဆေးလိပ်သောက်ခြင်းဟာ ဆံပင်ကျွတ်ခြင်းအပေါ် သက်ရောက်မှုရှိတာကြောင့် မသောက်တာ အကောင်းဆုံးပါပဲ။
    • စိတ်ဖိစီးမှုကို လျှော့ချပါ။ ကိုယ့်အတွက် အနားယူချိန်သီးသန့်ထားပေးပါ။ ယောဂကျင့်စဉ်ကျင့်ခြင်းဖြင့် ကိုယ့်ရဲ့စိတ်ကို တည်ငြိမ်အောင် ထားပါ။
    • ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို မျက်ခြေမပြတ်သိနေအောင် နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးပါ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement